ရှင်ယောဟန်ဩဝါဒစာပထမစောင်။
1
အသက်ရှင်သောနှုတ်ကပတ်တော်
ရှေ့ဦးစွာကပင်ဖြစ်၍၊ ငါတို့သည် ကိုယ်တိုင်ကြားလျက်၊ ကိုယ်မျက်စိနှင့်မြင်လျက်၊ စေ့စေ့ကြည့်ရှု၍ လက်နှင့် စမ်းသပ်ခဲ့ပြီးသော အရာတည်းဟူသော အသက်ရှင်သော နှုတ်ကပတ်တော်နှင့်ဆိုင်သောအရာကို သင်တို့အား ပြသကြ၏။- ထိုအသက်သည် ထင်ရှားခဲ့ပြီ။ ငါတို့လည်း မြင်ရကြပြီ။ ခမည်းတော်နှင့် အတူရှိဖူး၍၊ ငါတို့အား ထင်ရှားခဲ့ပြီးသော ထိုထာဝရအသက်ကို၊ ငါတို့သည် သင်တို့အား သက်သေခံ၍ ပြသကြ၏။- ငါတို့သည် ခမည်းတော်နှင့်လည်းကောင်း၊ သားတော် ယေရှုခရစ်နှင့်လည်းကောင်း၊ မိတ်သဟာယဖွဲ့ရသည်ဖြစ်၍၊ သင်တို့သည် ငါတို့နှင့် မိတ်သဟာယဖွဲ့စေခြင်းငှာ၊ ငါတို့ကြားမြင်ရသောအရာကို သင်တို့အားပြသကြ၏။- သင်တို့၏ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာလည်း၊ ဤအရာများကို ငါတို့သည် ရေးလိုက်ကြ၏။
အ​လင်း​ဖြစ်​တော်​မူ​ခြင်း
ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့သည်ကြားရ၍၊ သင်တို့အား ပြသသော တရားစကားဟူမူကား၊ ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ။- ငါတို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ပြီဟု ဆိုလျက်ပင်၊ မှောင်မိုက်၌ကျင်လည်လျှင်၊ သစ္စာတရားကိုမကျင့်။ မုသားကိုသုံးသောသူ ဖြစ်ကြ၏။- ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့၊ ငါတို့သည် အလင်း၌ကျင်လည်လျှင်၊ အချင်းချင်း မိတ်သဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။- ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုယ်ကို လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရားမရှိ။- ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။- 10 ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသားအပြစ်တင်ကြ၏။ နှုတ်ကပတ်တော်လည်း ငါတို့၌မရှိ။