65
ပုန်​ကန်​သူ​တို့​ကို​ဒဏ်ခတ်​ခြင်း
ငါ့ကို မမေးမလျှောက်သော သူတို့၏စကားကို ငါနားထောင်ပြီ။ ငါ့ကို မရှာသောသူတို့သည် ငါ့ကိုတွေ့ရကြပြီ။ ငါ့ကို ကြည့်ကြလော့။ ကြည့်ကြလော့ဟု ငါ့နာမကို ပတ္ထနာမပြုသော လူမျိုးအား ငါပြောဆိုပြီ။Ref ၆၅:၁။ ရော ၁၀:၂၀။ မိမိအလိုအတိုင်း မကောင်းသောလမ်းကိုလိုက်၍၊ ငြင်းဆန်တတ်သော လူမျိုးကို မျက်နှာပြုလျက်၊ တစ်နေ့လုံး ငါသည် ကိုယ်လက်ဝါးကို ဖြန့်ရပြီ။Ref ၆၅:၂။ ရော ၁၀:၂၁။ ထိုလူမျိုးသည် ဥယျာဉ်၌ ယဇ်ပူဇော်၍၊ အုတ်ပေါ်မှာ လောဗန်ကိုမီးရှို့သဖြင့်၊ ငါ့အမျက်ကို နှိုးဆော်ခြင်းငှာ၊ ငါ့မျက်မှောက်၌ အစဉ်ပြုတတ်၏။ သင်္ချိုင်းမှာနေ၍၊ သင်္ချိုင်းတွင်း၌ အိပ်တတ်၏။ ဝက်သားကိုစား၍၊ ရွံရှာဖွယ်သော အမဲသားပြုတ်ရည်ကိုသောက်တတ်၏။ သူတို့ကလည်း၊ သင်သည် အသီးအခြားနေလော့။ ငါ့ထံသို့ မချဉ်းနှင့်။ ငါသည် သင့်ထက်သာ၍ သန့်ရှင်းသည်ဟု ဆိုတတ်၏။ ထိုသို့သောသူတို့သည် ငါ့နှာခေါင်း၌ မီးခိုးကဲ့သို့လည်းကောင်း၊ အစဉ်လောင်သော မီးကဲ့သို့လည်းကောင်း ဖြစ်ကြ၏။ ငါ့ရှေ့မှာ စာရင်းမှတ်လျက် ရှိသည်ဖြစ်၍၊ ငါသည် တိတ်ဆိတ်စွာမနေ၊ အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်တို့၏ ဒုစရိုက်အပြစ်ကိုလည်းကောင်း၊ တောင်ပေါ်မှာ လောဗန်ကို မီးရှို့၍၊ ကုန်းပေါ်မှာ ငါ့ကိုကဲ့ရဲ့သော သင်တို့ဘိုးဘေး၏ ဒုစရိုက်အပြစ်ကိုလည်းကောင်း သင်တို့ရင်ခွင်၌ ငါဆပ်ပေးမည်။ အကယ်စင်စစ် သူတို့ပြုဖူးသော အကျင့်တို့၏အကျိုးအပြစ်ကို သူတို့ရင်ခွင်၌ ငါခြင်၍ပေးမည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ စပျစ်သီးပြွတ်၌ စပျစ်ရည်ကိုတွေ့သောအခါ မဖျက်နှင့်၊ မင်္ဂလာရှိသည်ဟု ဆိုတတ်သကဲ့သို့၊ ထိုအတူ၊ ငါ့ကျွန်တို့၏အကျိုးအလိုငှာ ငါပြုမည်။ အကုန်အစင် မဖျက်။ ယာကုပ်အမျိုးထဲက မျိုးစေ့ကိုလည်းကောင်း၊ ယုဒအမျိုးထဲက ငါ့တောင်ကို အမွေခံရသောသူကိုလည်းကောင်း ငါထုတ်ဖော်မည်။ ငါရွေးကောက်သောသူတို့သည် ပြည်တော်ကို အမွေခံ၍၊ ငါ၏ကျွန်တို့သည် နေရကြလိမ့်မည်။ 10 ငါ့ကိုရှာသော ငါ၏လူတို့အဖို့၊ ရှာရုန်အရပ်သည် သိုးခြံဖြစ်လိမ့်မည်။ အာခေါ်ချိုင့်သည်လည်း နွားများ အိပ်ရာအရပ် ဖြစ်လိမ့်မည်။Ref ၆၅:၁၀။ ယောရှု ၇:၂၄-၂၆။
11 သင်တို့မူကား၊ ထာဝရဘုရားကို စွန့်ပစ်သောသူ၊ ငါ၏သန့်ရှင်းသောတောင်ကို မေ့လျော့သောသူ၊ ဂါဒဘုရားရှေ့မှာ စားပွဲကိုခင်း၍၊ မေနိဘုရားအား သွန်းလောင်းရာ ပူဇော်သကာကို ပြင်သောသူဖြစ်ကြ၏။ 12 သင်တို့ကို ငါရေတွက်၍၊ ဓား၌အပ်မည်။ ရှိသမျှတို့သည် အသေသတ်ခြင်းကိုခံရအောင် ဦးချရကြလိမ့်မည်။ အကြောင်းမူကား၊ သင်တို့သည် ငါခေါ်သောအခါ မထူးကြ။ ငါပြောသောအခါ နားမထောင်ကြ။ ငါ့မျက်မှောက်၌ မကောင်းသော အကျင့်ကို ကျင့်ကြ၏။ ငါမနှစ်သက်သောအရာကို ရွေးယူကြ၏။ 13 ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ကျွန်တို့သည် စားကြလိမ့်မည်။ သင်တို့မူကား၊ မွတ်သိပ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် သောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရေငတ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရှက်ကြောက်ကြလိမ့်မည်။ 14 ငါ၏ကျွန်တို့သည် ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြလိမ့်မည်။ သင်တို့မူကား၊ ဝမ်းနည်းသောစိတ်နှင့် ငိုကြွေးကြလိမ့်မည်။ ကြေကွဲသောနှလုံးနှင့် ညည်းတွားမြည်တမ်းကြလိမ့်မည်။ 15 သင်တို့သည် ကိုယ်နာမကို၊ ငါရွေးကောက်သောသူတို့၌ ကျိန်ဆဲဖို့ရာ ကျန်ရစ်စေကြလိမ့်မည်။ အရှင် ထာဝရဘုရားသည် သင်တို့ကို ကွပ်မျက်၍၊ ကိုယ်တော်၏ကျွန်တို့ကို အခြားသောနာမဖြင့် မှည့်တော်မူမည်။ 16 မြေကြီးပေါ်မှာ မိမိကိုမိမိ ကောင်းချီးပေးသောသူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင်ကို အမှီပြု၍ ကောင်းချီးပေးလိမ့်မည်။ မြေကြီးပေါ်မှာ ကျိန်ဆိုသောသူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုလိမ့်မည်။ အကြောင်းမူကား၊ အရင်အမှုတို့ကို မေ့လျော့ရ၏။ ငါ့မျက်မှောက်၌ ကွယ်ပျောက်လျက်ရှိကြ၏။
အ​သစ်​တစ်​ဖန်​ဖန်​ဆင်း​တော်​မူ​ခြင်း​
17 ကြည့်ရှုလော့။ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။Ref ၆၅:၁၇။ ဟေရှာ ၆၆:၂၂။ ၂ပေ၊ ၃:၁၃။ ဗျာ၊ ၂၁:၁။ 18 ငါဖန်ဆင်းလတ္တံ့သောအရာကြောင့်၊ သင်တို့သည် အစဉ်အမြဲ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။ ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်း ဖြစ်စေခြင်းငှာ ငါဖန်ဆင်း၏။ 19 ငါသည်လည်း ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည်။ ငါ၏လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တစ်ဖန် မကြားရ။Ref ၆၅:၁၉။ ဗျာ ၂၁:၄။ 20 ထိုမြို့၌ အသက်ငယ်သောသူငယ် မရှိရ။ အသက်မပြည့်စုံသော လူအိုလည်း မရှိရ။ အသက်တစ်ရာရှိလျက် သေသောသူကို သူငယ်ဟူ၍ မှတ်ရ၏။ အပြစ်ရှိသောသူသည် အသက်တစ်ရာရှိလျက် သေလျှင်၊ ကျိန်ခြင်းကိုခံရသောသူဟူ၍ မှတ်ရ၏။ 21 ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ 22 သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူ နေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူ စားရမည်မဟုတ်။ ငါ၏လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြလိမ့်မည်။ 23 ငါရွေးကောက်သောသူတို့သည် အချည်းနှီးမလုပ်မဆောင်ရကြ။ အသက်တိုသောသားကို မဖွားမမြင်ရကြ။ ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည်၊ ထာဝရဘုရားပေးတော်မူသော ကောင်းချီးမင်္ဂလာကို ခံရသောသူ ဖြစ်ကြလိမ့်မည်။ 24 ငါသည် သူတို့မခေါ်မီကပင် ထူးမည်။ လျှောက်စဉ်တွင်ပင် ငါနားထောင်မည်။ 25 တောခွေးနှင့် သိုးသငယ်တို့သည် အတူကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့ မြက်ကိုစားလိမ့်မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိမ့်မည်။ ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်း ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရား မိန့်တော်မူ၏။Ref ၆၅:၂၅။ ဟေရှာ ၁၁:၆-၉။