60
ဇိအုန်မြို့၏​အ​နာ​ဂတ်​ဘုန်း​အ​သ​ရေ
သင်ထလော့။ လင်းလော့။ သင်၏အလင်းရောက်လာပြီ။ ထာဝရဘုရား၏ဘုန်းတော်သည် သင်၏အပေါ်မှာ ပေါ်ထွန်းလျက်ရှိ၏။ ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကို ဖုံးလွှမ်းလိမ့်မည်။ ထူထပ်သောမှောင်မိုက်သည် လူများကို ဖုံးလွှမ်းလိမ့်မည်။ သို့သော်လည်း၊ သင်၏အပေါ်မှာ ထာဝရဘုရားသည် ပေါ်ထွန်းတော်မူ၍၊ ဘုန်းတော်သည် သင်၏အပေါ်မှာ ထင်ရှားလျက်ရှိလိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် သင်၏အလင်းသို့လည်းကောင်း၊ ရှင်ဘုရင်တို့သည် သင်၌ ပေါ်ထွန်းခြင်းအရောင်သို့လည်းကောင်း လာကြလိမ့်မည်။ အရပ်ရပ်သို့ မျှော်ကြည့်လော့။ ခပ်သိမ်းသောသူတို့သည် စုဝေး၍ သင့်ထံသို့ လာကြ၏။ သင်၏သားသမီးတို့သည် အဝေးကလာ၍၊ သင်၏အနားမှာ မွေးစားခြင်းကို ခံကြလိမ့်မည်။ ထိုအခါ သင်သည် ကြောက်ရွံ့ခြင်းနှင့် ရွှင်လန်းခြင်းရှိလိမ့်မည်။ နှလုံးတုန်လှုပ်၍ ဝမ်းမြောက်လိမ့်မည်။ အကြောင်းမူကား၊ သမုဒ္ဒရာ၏ကြွယ်ဝခြင်းသည် သင့်ဘက်သို့ ပြောင်းလဲ၍၊ တစ်ပါးအမျိုးသားတို့၏စည်းစိမ်သည် သင့်လက်သို့ရောက်လိမ့်မည်။ ကုလားအုတ်များနှင့် မိဒျန်ပြည်၊ ဧဖာပြည်မှဖြစ်သော ကုလားအုတ်မျိုးတို့သည် သင့်ကို နှံ့ပြားကြလိမ့်မည်။ ရှေဘပြည်သား အပေါင်းတို့သည် လာကြလိမ့်မည်။ ရွှေနှင့် လောဗန်ကိုဆောင်ခဲ့၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်တို့ကို ဝမ်းမြောက်စွာ ချီးမွမ်းကြလိမ့်မည်။ ကေဒါပြည်၏ သိုးစုအပေါင်းတို့သည် သင့်ထံမှာ စုဝေးကြလိမ့်မည်။ နဗာယုတ်ပြည်၏ ဆိတ်တို့သည် သင်၏အမှုကို ဆောင်ရွက်၍၊ နှစ်သက်ဖွယ်သောလက္ခဏာနှင့် ငါ၏ယဇ်ပလ္လင်ပေါ်သို့ တက်ကြလိမ့်မည်။ ငါ့ဘုန်း ထင်ရှားရာဗိမာန်ကို ငါသည် သာ၍ဘုန်းပွင့်စေမည်။ မိုးတိမ်ကဲ့သို့လည်းကောင်း၊ မိမိတို့အိမ်သို့ပျံသော ချိုးများကဲ့သို့လည်းကောင်း ပျံလာသော ဤသူတို့ကား၊ အဘယ်သူ ဖြစ်ကြလိမ့်မည်နည်း။ အကယ်စင်စစ် သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကြောင့်လည်းကောင်း၊ သင်၏ဘုန်းကို ပွင့်စေသော၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကြောင့်လည်းကောင်း၊ သင်၏သားတို့နှင့်တကွ သူတို့ရွှေငွေများကို အဝေးမှဆောင်ခဲ့ခြင်းငှာ၊ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် ငါ့ကိုစောင့်နေ၍၊ တာရှုသင်္ဘောတို့သည် အဦး ပြုကြလိမ့်မည်။ 10 တစ်ပါးအမျိုးတို့သည် သင်၏မြို့ရိုးကို တည်ကြလိမ့်မည်။ ရှင်ဘုရင်တို့သည်လည်း သင့်ကို ပြုစုကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် အမျက်ထွက်၍ သင့်ကိုဒဏ်ခတ်သော်လည်း၊ စေတနာစိတ်နှင့် သနားဦးမည်။ 11 တစ်ပါးအမျိုးသားတို့၏စည်းစိမ်ကို သင့်ထံသို့ဆောင်ခဲ့၍၊ သူတို့၏ ရှင်ဘုရင်တို့ကိုလည်း ပို့သမည်အကြောင်း၊ သင်၏တံခါးတို့ကို နေ့ညမပိတ်ဘဲ အစဉ်ဖွင့်ထားရလိမ့်မည်။Ref ၆၀:၁၁။ ဗျာ ၂၁:၂၅-၂၆။ 12 အကြင်ပြည်နှင့် အကြင်နိုင်ငံသည် သင်၏အမှုကိုမဆောင်၊ ထိုပြည်နှင့် ထိုနိုင်ငံသည် ပျက်စီးရလိမ့်မည်။ ထိုသို့သော တိုင်းနိုင်ငံတို့သည် သုတ်သင်ပယ်ရှင်းခြင်းကို အမှန်ခံရကြလိမ့်မည်။ 13 ငါ၏ သန့်ရှင်းရာဌာနကို တင့်တယ်စေခြင်းငှာ၊ လေဗနုန်ဘုန်းနှင့်တကွ ထင်း​ရှူး​ပင်၊ တဒေရပင်၊ တာရှုရပင်တို့သည် သင့်ထံသို့ တညီတညွတ်တည်း ရောက်လာကြလိမ့်မည်။ ငါသည် ငါ၏ခြေတင်ရာအရပ်ကို ဘုန်းပွင့်စေမည်။ 14 သင့်ကို ညှဉ်းဆဲသောသူတို့၏သားတို့သည် သင့်ထံသို့လာ၍ ဦးချကြလိမ့်မည်။ သင့်ကို မထီမဲ့မြင်ပြုသောသူ အပေါင်းတို့သည် သင်၏ခြေရင်း၌ ဝပ်နေကြလိမ့်မည်။ ထာဝရဘုရား၏မြို့၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၏ ဇိအုန်မြို့ဟူ၍၊ သင့်ကို သမုတ်ကြလိမ့်မည်။Ref ၆၀:၁၄။ ဗျာ ၃:၉။
15 သင့်ကို အဘယ်သူမျှ လျှောက်၍မသွားရမည်အကြောင်း၊ သူတစ်ပါးတို့သည် သင့်ကို စွန့်ပစ်ရွံရှာကြသည်အတွက်၊ ငါသည် သင့်ကို ထာဝရအထွဋ်အမြတ် ဖြစ်စေမည်။ လူမျိုးအစဉ်အဆက် ဝမ်းမြောက်စရာ အကြောင်းလည်း ဖြစ်စေမည်။ 16 သင်သည် တစ်ပါးအမျိုးသားတို့၏ နို့ကို စို့ရလိမ့်မည်။ ရှင်ဘုရင်တို့၏သားမြတ်ကိုလည်း စို့ရလိမ့်မည်။ ငါထာဝရဘုရားသည်၊ သင့်ကို ကယ်တင်သောသူ၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသောဘုရားသည်၊ သင့်ကို ရွေးနုတ်သောသူ ဖြစ်ကြောင်းကို သင်သည် သိရလိမ့်မည်။ 17 ကြေးဝါအရာ၌ ရွှေကိုလည်းကောင်း၊ သံအရာ၌ ငွေကိုလည်းကောင်း၊ သစ်သားအရာ၌ ကြေးဝါကိုလည်းကောင်း၊ ကျောက်အရာ၌ သံကိုလည်းကောင်း ငါဆောင်ခဲ့မည်။ သင်၏အရာရှိတို့ကို ငြိမ်သက်သောသဘော၊ အခွန်ခံတို့ကို ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံစေမည်။ 18 သင်၏ပြည်၌ အနိုင်အထက်ပြုခြင်းအသံကို နောက်တစ်ဖန် မကြားရ။ သင်၏နယ်အတွင်းတွင် လုယူ ဖျက်ဆီးခြင်းမရှိရ။ သင်၏မြို့ရိုးကို ကယ်တင်ခြင်းဟူ၍လည်းကောင်း၊ မြို့တံခါးတို့ကို ချီးမွမ်းခြင်းဟူ၍လည်းကောင်း သမုတ်ရလိမ့်မည်။ 19 နောက်တစ်ဖန် နေ့အချိန်၌ သင်၏အလင်းသည် နေပေးသောအလင်း မဟုတ်၊ ညအချိန်၌လည်း၊ လအရောင်သည် သင့်ကို မလင်းစေရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၌ ထာဝရအလင်း၊ သင်၏ဘုရားသခင်သည် သင်၏ဘုန်းအသရေ ဖြစ်တော်မူလိမ့်မည်။Ref ၆၀:၁၉။ ဗျာ ၂၁:၂၃၊ ၂၂:၅။ 20 နောက်တစ်ဖန် သင်၏နေသည် မဝင်ရ။ သင်၏ လသည်လည်း မဆုတ်ရ။ ထာဝရဘုရားသည် သင်၌ ထာဝရအလင်းဖြစ်တော်မူ၍၊ စိတ်မသာညည်းတွားရာ ကာလကုန်လေပြီ။ 21 သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်၍၊ ပြည်တော်ကို အစဉ်အမြဲ အမွေခံသဖြင့်၊ ငါ၏ဘုန်းပွင့်စေခြင်းငှာ၊ ငါ့ကိုယ်တိုင်စိုက်၍ ပြုစုသောပျိုးပင် ဖြစ်ရကြလိမ့်မည်။ 22 သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ရလိမ့်မည်။ အားနည်းသောသူတစ်ယောက်သည် အားကြီးသောလူမျိုး ဖြစ်ရလိမ့်မည်။ ငါထာဝရဘုရားသည် အချိန်ရောက်လျှင် ထိုအမှုကိုနှိုးဆော်မည်။