51
ဇိ​အုန်​တောင်​အ​တွက်​နှစ်​သိမ့်​စ​ကား
ဖြောင့်မတ်ခြင်းတရားသို့ လိုက်၍ ထာဝရဘုရားကို ရှာသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့ကို ခုတ်ယူရာကျောက်နှင့်၊ တူးယူရာတွင်းဝကို ကြည့်ရှုကြလော့။ သင်တို့၏အဘ အာဗြဟံနှင့်၊ သင်တို့ကိုဖွားသောသူ စာရာတို့ကို ကြည့်ရှုကြလော့။ ငါသည် တစ်ယောက်တည်းသောသူ အာဗြဟံကို ခေါ်၍၊ ကောင်းချီးပေးသဖြင့် များပြားစေ၏။ ထိုသို့နှင့်အညီ၊ ထာဝရဘုရားသည် ဇိအုန်မြို့ကို ချမ်းသာပေးတော်မူမည်။ သူ၏ဆိတ်ညံရာ အရပ်အလုံးစုံတို့ကို ချမ်းသာပေးမည်။ သူ၏တောကို ဧဒင်အရပ်ကဲ့သို့လည်းကောင်း၊ သူ၏လွင်ပြင်ကို ထာဝရဘုရား၏ ဥယျာဉ်ကဲ့သို့လည်းကောင်း ဖြစ်စေတော်မူသဖြင့်၊ ဇိအုန်မြို့သည် ဝမ်းမြောက်ရွှင်လန်းခြင်း၊ ကျေးဇူးတော်ကိုချီးမွမ်းခြင်း၊ သီချင်းဆိုခြင်းနှင့် ပြည့်စုံလိမ့်မည်။
ငါ၏လူမျိုး၊ ငါ့လူစုတို့၊ ငါ့စကားကို နားထောင်နာယူကြလော့။ ငါ့ထံမှတရားထွက်၍ ငါစီရင်ချက်သည် လူများလင်းစရာဖို့ တည်ရလိမ့်မည်။ ငါ၏ ဖြောင့်မတ်ခြင်းတရားသည် အနီးမှာရှိ၏။ ငါ၏ကယ်တင်ခြင်းတရားသည် ထွက်သွားပြီ။ ငါ့လက်ရုံးသည် လူတို့တွင် တရားမှုကို စီရင်လိမ့်မည်။ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် ငါ့ကိုမျှော်လင့်၍၊ ငါ့လက်ရုံးကို ကိုးစားကြလိမ့်မည်။ မိုးကောင်းကင်ကို မျှော်၍ ကြည့်ကြလော့။ မြေကြီးကိုလည်း ငုံ့၍ ကြည့်ကြလော့။ မိုးကောင်းကင်သည် မီးခိုးကဲ့သို့ ကွယ်ပျောက်၍၊ မြေကြီးသည် အဝတ်ကဲ့သို့ ဟောင်းနွမ်းလိမ့်မည်။ မြေကြီးသားတို့သည် ခြင်ကောင်ကဲ့သို့ သေကြလိမ့်မည်။ ငါ၏ကယ်တင်ခြင်းတရားမူကား အစဉ်အမြဲတည်လိမ့်မည်။ ငါ၏ဖြောင့်မတ်ခြင်းတရားလည်း ပပျောက်ခြင်း မရှိနိုင်ရာ။
ဖြောင့်မတ်ခြင်းတရားကို သိ၍၊ ငါ၏တရားကို နှလုံးသွင်းမိသော သူတို့၊ ငါ့စကားကို နားထောင်ကြလော့။ လူတို့သည် အပြစ်တင်မည်ဟု မစိုးရိမ်ကြနှင့်။ လူတို့ကဲ့ရဲ့ခြင်းကို မကြောက်ကြနှင့်။ အကြောင်းမူကား၊ ပိုးရွတို့သည် သိုး​မွေးအဝတ်ကို ကိုက်စားသကဲ့သို့၊ ထိုသူတို့ကို ကိုက်စားဖျက်ဆီးကြလိမ့်မည်။ ငါ၏ ဖြောင့်မတ်ခြင်းတရားမူကား နိစ္စထာဝရဖြစ်၍၊ ငါ၏ကယ်တင်ခြင်းတရားသည်လည်း ကမ္ဘာအဆက်ဆက် တည်လိမ့်သတည်း။
အို ထာဝရဘုရား၏လက်ရုံးတော်၊ နိုးတော်မူပါ။ နိုး၍ ခွန်အားကို ယူတော်မူပါ။ ရှေးကာလနှင့် လွန်ဖူးသောကာလ၌ကဲ့သို့ နိုးတော်မူပါ။ ရာခပ်ကိုဒဏ်ခတ်၍ နဂါးကို နာစေသောသူကား၊ ကိုယ်တော်ပင် မဟုတ်လော။ 10 ပင်လယ်ရေ၊ နက်နဲရာရေတို့ကို ခန်းခြောက်စေ၍၊ ပင်လယ်နက်နဲရာ အရပ်တို့ကို ရွေးနုတ်သောသူများ သွားစရာလမ်း ဖြစ်စေသောသူကား၊ ကိုယ်တော်ပင် မဟုတ်လော။ 11 သို့ဖြစ်၍၊ ထာဝရဘုရား ကယ်လွှတ်တော်မူသောသူတို့သည် ပြန်လာ၍ သီချင်းဆိုလျက်၊ ထာဝရဝမ်းမြောက်ခြင်း သရဖူကို ဆောင်းလျက်၊ ဇိအုန်မြို့သို့ ရောက်ကြလိမ့်မည်။ ဝမ်းမြောက်ရွှင်လန်းခြင်း အခွင့်ကိုရကြ၍၊ ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့်မည်။ 12 သင်တို့ကို နှစ်သိမ့်စေသောသူကား၊ အခြားသူမဟုတ်၊ ငါ့ကိုယ်တိုင်ပေတည်း။ သေရသောလူကိုလည်းကောင်း၊ မြက်ပင်ကဲ့သို့ ဖြစ်လတ္တံ့သော လူသားကိုလည်းကောင်း၊ သင်သည် ကြောက်ရမည်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။ 13 မိုးကောင်းကင်ကို ကြက်တော်မူထသော၊ မြေကြီးကိုလည်း တည်တော်မူထသော၊ သင့်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားကို သင်သည် မေ့လျော့၍၊ ညှဉ်းဆဲသောသူသည် ငါ့ကိုဖျက်ဆီးလုပြီဟု စိတ်ထင်နှင့်၊ သူ၏ဒေါသအမျက်ကို အစဉ်ကြောက်ရမည်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။ ယခုမှာ ညှဉ်းဆဲသောသူ၏ ဒေါသအမျက်သည် အဘယ်မှာရှိသနည်း။ 14 အချုပ်ခံရသောသူသည် ထောင်ထဲမှာမသေ၊ ရေစာမပြတ်၊ လျင်မြန်စွာကယ်နုတ်ခြင်းသို့ ရောက်လိမ့်မည်။ 15 ငါသည်သမုဒ္ဒရာကိုဆုံးမ၍ လှိုင်းတံပိုးကို ဟုန်းစေသော သင်၏ ဘုရားသခင်ထာဝရဘုရား ဖြစ်၏။ ထိုဘုရား၏ နာမတော်ကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။ 16 မိုးကောင်းကင်ကို ဆောက်၍၊ မြေကြီးကို တည်စေခြင်းငှာလည်းကောင်း၊ သင်သည် ငါ၏လူမျိုးဖြစ်၏ဟု ဇိအုန်မြို့ကို ပြောစေခြင်းငှာလည်းကောင်း၊ ငါ့စကားကိုသင်၏နှုတ်ထဲမှာ ငါထားပြီ။ ငါ့လက်၏အရိပ်နှင့် သင့်ကိုငါမိုးပြီ။
ယေ​ရု​ရှ​လင်​မြို့​၏​ဆင်း​ရဲ​ဒုက္ခ​ပြီး​ငြိမ်း​သွား​ ခြင်း
17 ထာဝရဘုရား၏လက်တော်၌ အမျက်တော်ဖလားကို သောက်သော ယေရုရှလင်မြို့၊ နိုးလော့။ နိုး၍ထလော့။ သင်သည် တုန်လှုပ်စေသောဖလားကို အကုန်သောက်ခဲ့ပြီ။ အနည်အဖတ်ကိုလည်း ညှစ်ခဲ့ပြီ။Ref ၅၁:၁၇။ ဗျာ ၁၄:၁၀၊ ၁၆:၁၉။ 18 ကိုယ်တိုင်ဖွားမြင်သော သားတို့တွင်၊ သင့်ကို လမ်းပြသောသူ တစ်ယောက်မျှမရှိ။ ကိုယ်တိုင်မွေးစားသော သားတို့တွင်၊ သင့်ကို လက်ဆွဲသောသူ တစ်ယောက်မျှမရှိ။ 19 အစာခေါင်းပါး၍ လူဆိတ်ညံခြင်းဘေး၊ ဓားဖြင့်ဖျက်ဆီးခြင်းဘေးတည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၏အပေါ်မှာ ရောက်လာသည်ဖြစ်၍၊ သင့်အတွက် အဘယ်သူငိုကြွေးမြည်တမ်းသနည်း။ ငါသည် အဘယ်သို့ ချမ်းသာပေးနိုင်သနည်း။ 20 သင်၏သားတို့သည် မိန်းမောတွေဝေကြ၏။ ကျော့ကွင်း၌ဖမ်းမိသောစိုင်ကဲ့သို့ ခပ်သိမ်းသော လမ်းဝမှာအိပ်၍၊ ထာဝရဘုရား၏ အမျက်ထွက်တော်မူခြင်း၊ သင်၏ဘုရားသခင် ဆုံးမတော်မူခြင်းနှင့် ဝကြ၏။
21 သို့ဖြစ်၍၊ ညှဉ်းဆဲခြင်းကို ခံရသောသူ၊ စပျစ်ရည်မှတစ်ပါး အခြားသောယစ်မျိုးနှင့် ယစ်မူးသောသူ၊ နားထောင်လော့။ 22 သင်၏အရှင်၊ မိမိလူတို့၏အမှုကို စောင့်တော်မူသော သင်၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကြည့်ရှုလော့။ တုန်လှုပ်စေသောဖလား၊ ငါ့အမျက်တော်ဖလား၏ အနည်အဖတ်ကို သင်၏လက်မှငါရုပ်၍၊ သင်သည် နောက်တစ်ဖန် မသောက်ရ။ 23 သင်သည် ခရီးသွားသောသူတို့ရှေ့မှာ ကိုယ်ကို မြေတန်တားလုပ်၍၊ အလျားဝပ်စေခြင်းငှာ ဝပ်လျက်နေတော့။ ငါကျော်သွားမည်ဟု ဆို၍၊ သင့်ကိုညှဉ်းဆဲသော သူတို့လက်၌ ထိုဖလားကိုငါထားမည်။