47
ဗာ​ဗု​လုန်​မြို့​ကိုစီ​ရင်​ခြင်း
အို ဗာဗုလုန် သတို့သမီးကညာ၊ ဆင်း၍ မြေမှုန့်၌ထိုင်လော့။ အို ခါလဒဲသတို့သမီး၊ ရာဇပလ္လင်မရှိဘဲ မြေပေါ်မှာထိုင်လော့။ သင့်ကို နူးညံ့သိမ်မွေ့သောသူဟူ၍ နောက်တစ်ဖန်မခေါ်ရ။Ref ၄၇:၁-၁၅။ ဟေရှာ ၁၃:၁-၁၄:၂၃။ ယေ၊ ၅၀:၁-၅၁:၆၄။ ကြိတ်ဆုံကိုယူ၍ စပါးကို ကြိတ်လော့။ မျက်နှာဖုံးကို ဖွင့်လော့။ ရှည်သောအင်္ကျီကို ချွတ်လော့။ ပေါင်အဝတ်ကိုပင့်၍ မြစ်ကိုကူးလော့။ သင်သည် အဝတ်အချည်းစည်းရှိ၍၊ အရှက်ကွဲခြင်းကို ခံရမည်။ ငါသည် အပြစ်ဒဏ်ကို ပေးမည်။ အဘယ်သူနှင့်မျှ မိတ်သဟာယမဖွဲ့။
ငါတို့ကို ရွေးနုတ်သောသူကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။
အို ခါလဒဲသတို့သမီး၊ တိတ်ဆိတ်စွာ ထိုင်လော့။ မိုက်ရာသို့ သွားလော့။ သင့်ကို နိုင်ငံတို့၏အရှင်မဟူ၍ နောက်တစ်ဖန် မခေါ်ရ။ ငါသည် ငါ၏လူတို့ကိုအမျက်ထွက်သောကြောင့်၊ ငါ၏အမွေကိုရှုတ်ချ၍ သင့်လက်သို့ အပ်လိုက်၏။ သင်သည် သနားသောစိတ်မရှိ။ အသက်ကြီးသူတို့အပေါ်မှာ လေးသောထမ်းပိုးကို တင်လေပြီ။ သင်ကလည်း၊ ငါသည် အရှင်မ၏အရာ၌ အစဉ်အမြဲနေမည်ဟု ထင်သောကြောင့်၊ ဤအမှုအရာတို့ကို မဆင်ခြင်။ သင်၌ နောက်ဆုံးဖြစ်လတ္တံ့သောအမှုကို မအောက်မေ့။ ထိုကြောင့်၊ ကာမဂုဏ်၌ပျော်မွေ့၍၊ သောကကင်းလွတ်လျက် နေသောသူ၊ ငါရှိ၏။ ငါမှတစ်ပါး အဘယ်သူမျှမရှိ။ ငါသည် မုဆိုးမကဲ့သို့ ထိုင်၍မနေရ။ သားဆုံးခြင်းကို ငါမခံရဟု အောက်မေ့သောသူ၊ နားထောင်လော့။Ref ၄၇:၈-၉။ ဗျာ ၁၈:၇-၈။ သင်သည် ပြုစားသောအတတ်နှင့် နတ်ဝိဇ္ဇာအတတ်များတို့ကို အလွန်ပြုစုသော်လည်း၊ တစ်နေ့တစ်ခဏခြင်းတွင် သားဆုံးခြင်းနှင့် လင်ဆုံးခြင်းတည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၌ရောက်လိမ့်မည်။ သင်၏အပေါ်၌ အကုန်အစင် သင့်ရောက်လိမ့်မည်။ 10 သင်သည် ကိုယ်ပြုသော အဓမ္မအမှုကို ကိုးစားပြီ။ ငါ့ကို အဘယ်သူမျှမမြင်ဟု ဆိုပြီ။ သင့်ဉာဏ်နှင့် သင့်ပညာအတတ်သည်၊ သင်၏စိတ်ကို မှောက်လှန်သည်ဖြစ်၍၊ သင်ကငါရှိ၏၊ ငါမှတစ်ပါး အဘယ်သူမျှမရှိဟု အောက်မေ့ပြီ။ 11 ထိုကြောင့်၊ အဆုံးမထင်သော ဘေးဥပဒ်သည် သင်၏အပေါ်မှာ ရောက်လိမ့်မည်။ သင်သည် မဖြေနိုင်သော အပြစ်ဒဏ်နှင့်လည်းကောင်း၊ မမျှော်လင့်နိုင်အောင် ချက်ချင်း ဖျက်ဆီးခြင်းနှင့်လည်းကောင်း တွေ့ကြုံရလိမ့်မည်။ 12 သင်သည် ငယ်သောအရွယ်မှစ၍၊ ကြိုးစားအားထုတ်သော နတ်ဝိဇ္ဇာအတတ်နှင့်၊ ပြုစားသောအတတ် အမျိုးမျိုးတို့ကို အမှီပြု၍ တည်နေလော့။ အကျိုးကို ရကောင်းလျှင် ရလိမ့်မည်။ နိုင်ကောင်းလျှင် နိုင်လိမ့်မည်။ 13 သင်သည် များပြားသောတိုင်ပင်ခြင်းအားဖြင့် ပင်ပန်းလှပြီ။ မိုးကောင်းကင်ကို ကြည့်ရှုသောသူ၊ ကြယ်နက္ခတ်တို့ကို မှတ်သောသူ၊ သင်၌ဖြစ်လတ္တံ့သောအမှုကို၊ လ၏အခြင်းအရာအားဖြင့် ဟောတတ်သော သူတို့သည်ထ၍ သင့်ကိုယခု ကယ်တင်ကြစေ။ 14 သူတို့သည် အမှိုက်ကဲ့သို့ဖြစ်၍ မီးရှို့ခြင်းကို ခံရကြလိမ့်မည်။ မီးအရှိန်မှ မိမိတို့ကို မကယ်မနုတ်ရကြ။ နွေးစရာဖို့ မီးတစ်ခဲမျှ၊ လှုံစရာဖို့ မီးအလျှင်းမျှ မကျန်ရစ်ရ။ 15 သင်နှင့် ဝိုင်းညီ၍ အမှုဆောင်ရွက်သောသူ၊ သင်ငယ်သော အရွယ်မှစ၍ သင်နှင့် ဖောက်ကားရောင်းဝယ်သောသူတို့သည် သင်၌ ထိုသို့ဖြစ်ကြ၍၊ ကိုယ်စီကိုယ်စီ မိမိနေရာအရပ်သို့လွှဲသွားသဖြင့်၊ သင့်ကို ကယ်တင်သောသူ တစ်စုံတစ်ယောက်မျှ မရှိရ။