39
ဗာ​ဗု​လုန်​ပြည်​မှ​စေ​တ​မန်​များ​
(၄ရာ ၂၀:၁၂-၁၉ ၆ရာ ၃၂း၂၇-၃၁)
ထိုကာလအခါ ဗာလဒန်သား၊ ဗာဗုလုန်မင်းကြီး မေရောဒပ္ဗါလဒန်သည် ဟေဇကိမင်းနာ၍၊ အနာပျောက်သည်ကို ကြားသောကြောင့်၊ မေတ္တာစာနှင့် လက်ဆောင်ပါလျက်၊ တမန်တို့ကို စေလွှတ်လေ၏။ ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက်၍၊ ရွှေတိုက်မှစသော ရွှေ၊ ငွေ၊ နံ့သာမျိုး၊ အဖိုးထိုက်သော နံ့သာဆီ၊ လက်နက်တိုက်နှင့် ဘဏ္ဍာတော်အလုံးစုံတို့ကိုပြလေ၏။ နန်းတော်မှစ၍ နိုင်ငံတော်အရပ်ရပ်၌ မပြသောအရာ တစ်စုံတစ်ခုမျှမရှိ။
ထိုအခါ ပရောဖက် ဟေရှာယသည် ဟေဇကိမင်းကြီးထံတော်သို့ သွား၍၊ ထိုသူတို့သည် အဘယ်သို့ ပြောကြပါသနည်း။ အဘယ်ပြည်မှ အထံတော်သို့ လာကြပါသနည်းဟု မေးလျှောက်သော်၊ ဟေဇကိမင်းက၊ ဝေးသောအရပ်၊ ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော၏။ နန်းတော်၌ အဘယ်အရာကိုမြင်ကြပြီနည်းဟု မေးပြန်လျှင်၊ ဟေဇကိမင်းက၊ နန်းတော်၌ ရှိသမျှကို မြင်ရကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစ်စုံတစ်ခုမျှမရှိဟု ပြန်ပြော၏။ ထိုအခါ ဟေရှာယက၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်လော့။ နန်းတော်၌ ရှိသမျှကိုလည်းကောင်း၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းပူးသမျှကိုလည်းကောင်း၊ ဗာဗုလုန်မြို့သို့ ယူသွားရသောကာလသည် ရောက်လိမ့်မည်။ တစ်စုံတစ်ခုမျှ မကျန်ကြွင်းရဟု ထာဝရဘုရား မိန့်တော်မူ၏။ သင်နှင့်နွယ်၍ရသော သင်၏သားမြေးတို့ကိုလည်းယူသွား၍၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင်၏နန်းတော်၌၊ မိန်းမစိုး လုပ်ရကြလိမ့်မည်ဟု ဟေဇကိမင်းအား ပြောဆိုလေ၏။Ref ၃၉:၇။ ဒံ ၁:၁-၇။ ၄ရာ၊ ၂၄:၁၀-၁၆။ ၆ရာ၊ ၃၆:၁၀။ ဟေဇကိမင်းကလည်း၊ သင်ပြန်ရသော ထာဝရဘုရား၏နှုတ်ကပတ်တော်ကောင်းပါ၏ ဟူ၍လည်းကောင်း၊ အကယ်စင်စစ် ငါ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာစောင့်ခြင်းရှိရလိမ့်မည်ဟူ၍လည်းကောင်း၊ ဟေရှာယအားဆိုလေ၏။