37
ဟေ​ရှာ​ယ​ထံ​အ​ကြံဉာဏ်တောင်း​ခံ​ခြင်း ​\r (၄ရာ ၁၉:၁-၇ ၆ရာ ၃၂း၂၀-၂၃)
ထိုစကားကို ဟေဇကိမင်းကြီးသည် ကြားလျှင်၊ မိမိအဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကို ခြုံလျက် ဗိမာန်တော်သို့ သွားလေ၏။ လျှော်တေအဝတ်ကို ဝတ်လျက်ရှိသော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီး ရှေဗန၊ အသက်ကြီးသော ယဇ်ပုရောဟိတ်တို့ကို၊ အာမုတ်သား ပရောဖက်ဟေရှာယထံသို့ စေလွှတ်လေ၏။ ဟေဇကိမင်းမှာထားသော စကားဟူမူကား၊ ယနေ့သည် ဒုက္ခနေ့၊ ဆုံးမသောနေ့၊ ကဲ့ရဲ့ခြင်းကိုခံရသောနေ့ဖြစ်၏။ သားဖွားချိန်ရောက်၍ သားကို ဖွားနိုင်အောင်ခွန်အားမရှိ။ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့စေခြင်းငှာ၊ အာရှုရိရှင်ဘုရင် စေလွှတ်သော မိမိကျွန် ရာဗရှာခစကားကို သင်၏ဘုရားသခင် ထာဝရဘုရားကြားတော်မူပါစေသော။ သင်၏ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် ကြားသောစကားကို ချေတော်မူပါစေသော။ သင်သည်လည်း ကျန်ကြွင်းသော လူတို့အဖို့ ဆုတောင်းပတ္ထနာပြုပါဟု ပြောစေခြင်းငှာ၊ ဟေဇကိမင်း စေလွှတ်သောကျွန်တို့သည် ဟေရှာယထံသို့ ရောက်လာကြ၏။
ဟေရှာယကလည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အာရှုရိရှင်ဘုရင်၏ ကျွန်တို့သည် ငါ့ကိုကဲ့ရဲ့၍၊ သင်သည် ကြားရသောစကားကြောင့် မကြောက်နှင့်။ ထိုမင်း၌ အခြားသောစိတ်သဘောကို ငါသွင်းပေးမည်။ သူသည် သတင်းကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ထိုပြည်၌ ဓားဖြင့် ငါဆုံးစေမည်ဟူသော စကားတော်ကို သင်တို့၏သခင်အား ပြန်ကြားကြလော့ဟု ပြောဆို၏။
အာ​ရှု​ရိ​အ​မျိုး​သားတို့​ထံ​ခြိမ်း​ခြောက်​စာ​​ပေး​ပို့​ခြင်း​
(၄ရာ ၁၉:၈-၁၉)
ထိုအခါ အာရှုရိရှင်ဘုရင်သည် လာခိရှမြို့မှ ထွက်သွားကြောင်းကို ရာဗရှာခကြားလျှင်၊ ပြန်သွား၍ လိဗနမြို့ကို ရှင်ဘုရင်တိုက်နေသည်ကို တွေ့လေ၏။ နောက်တစ်ဖန် ကုရှမင်းကြီးတိရက္ကသည် စစ်ချီ၍လာပြီဟု သတင်းကြားသောအခါ၊ ဟေဇကိမင်းထံသို့ တမန်တို့ကို စေလွှတ်ပြန်၍၊ 10 သင်တို့သည် ယုဒမင်းကြီးဟေဇကိကို ပြောရသောစကားဟူမူကား၊ သင်ကိုးစားသော ဘုရားသခင်က၊ ယေရုရှလင်မြို့သည် အာရှုရိရှင်ဘုရင်လက်သို့ မရောက်ရဟူ၍ သင့်ကို မလှည့်စားစေနှင့်။ 11 အာရှုရိရှင်ဘုရင်တို့သည် ခပ်သိမ်းသောပြည်တို့ကို လုပ်ကြံ၍ ရှင်းရှင်းဖျက်ဆီးကြောင်းကို သင်သည်ကြားရပြီ။ ကိုယ်တိုင် လွတ်လိမ့်မည်လော။ 12 ငါ့ဘိုးဘေးတို့သည် ဖျက်ဆီးသောအမျိုးသား၊ ဂေါဇန်အမျိုးသား၊ ခါရန်အမျိုးသား၊ ရေဇပ်အမျိုးသား၊ တေလသာမြို့၌ရှိသော ဧဒင်အမျိုးသားတို့ကို၊ သူတို့၏ဘုရားများတို့သည် ကယ်ယူကြပြီလော။ 13 ဟာမတ်မင်းကြီး၊ အာပဒ်မင်းကြီးနှင့် သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့ကို စိုးစံသောမင်းကြီးတို့သည် အဘယ်မှာရှိကြသနည်းဟု မှာလိုက်လေ၏။
ဟေဇကိမင်း၏ဆုတောင်း
14 ထိုမှာစာကို ဟေဇကိမင်းသည် သံတမန်လက်မှခံယူ၍ ကြည့်ပြီးလျှင်၊ ဗိမာန်တော်သို့သွား၍ ထာဝရဘုရားရှေ့တော်၌ ဖြန့်ထားလေ၏။ 15 ထိုအခါ ဟေဇကိမင်းသည် ထာဝရဘုရားရှေ့တော်၌ လျှောက်ဆိုသည်ကား၊ 16 ခေရုဗိမ်ပေါ်မှာ ထိုင်တော်မူသော၊ ဣသရေလအမျိုး၏ ဘုရားသခင်ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်တစ်ပါးတည်းသာလျှင်၊ မြေကြီးပေါ်မှာရှိသမျှသော အတိုင်းတိုင်းအပြည်ပြည်တို့၏ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။Ref ၃၇:၁၆။ ထွ ၂၅:၂၂။ 17 အို ထာဝရဘုရား၊ နားတော်ကို လှည့်၍ နားထောင်တော်မူပါ။ အိုထာဝရဘုရား၊ မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင်တော်မူသော ဘုရားသခင်ကိုကဲ့ရဲ့၍၊ ပြောစေသောစကားအလုံးစုံတို့ကို မှတ်တော်မူပါ။ 18 အို ထာဝရဘုရား၊ အကယ်စင်စစ် အာရှုရိရှင်ဘုရင်တို့သည် အတိုင်းတိုင်း အပြည်ပြည်တို့ကို ဖျက်ဆီး၍၊ 19 သူတို့၏ဘုရားများကို မီးထဲသို့ချပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူလက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်ဖြစ်သောကြောင့်၊ ပျက်စီးခြင်းသို့ ရောက်ကြပါပြီ။ 20 အို အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် ထာဝရဘုရားတစ်ပါးသာ၊ ဘုရားသခင် ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခုကယ်ယူတော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပတ္ထနာပြုလေ၏။
မင်း​ကြီး​ထံ​သို့​ဟေ​ရှာ​ယ​ပေး​ပို့​သည့်​ သ​တင်း​စ​ကား​
(၄ရာ ၁၉:၂၀-၃၇)
21 ထိုအခါ အာမုတ်သား ဟေရှာယသည် ဟေဇကိမင်းထံသို့ စေလွှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရှုရိရှင်ဘုရင်သနာခရိပ် အကြောင်းကြောင့်၊ ငါ့ရှေ့မှာ ပတ္ထနာပြုသည်ဖြစ်၍၊ 22 ထိုမင်း၏အမှုမှာ ထာဝရဘုရားမိန့်တော်မူသော စကားဟူမူကား၊ ဇိအုန်သတို့သမီးကညာသည် သင့်ကိုမထီမဲ့မြင်ပြု၍ ပြက်ရယ်၏။ ယေရုရှလင်သတို့သမီးသည် သင့်နောက်၌ ခေါင်းညိတ်၏။ 23 သင်သည် အဘယ်သူကို ကဲ့ရဲ့ဆဲရေးသနည်း။ အဘယ်သူကို အော်ဟစ်၍ မျက်နှာထောင်လွှားသနည်း။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကိုပင် ပြုပါသည်တကား။ 24 သင်သည် ကျွန်များအားဖြင့် ထာဝရဘုရားကို ကဲ့ရဲ့၍၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့လည်းကောင်း၊ လေဗနုန်တောင်အထွဋ်သို့လည်းကောင်း တက်လာပြီ။ အရပ်မြင့်သော အာရဇ်ပင်နှင့် အကောင်းဆုံးသော ထင်း​ရှူး​ပင်တို့ကို ငါခုတ်လှဲပြီ။ အမြင့်ဆုံးသောအရပ်၊ အသီးများသောတောထဲသို့ ငါဝင်ပြီ။ 25 ငါသည် တွင်းတူး၍ ရေကိုသောက်ရပြီ။ ငါ၏ခြေဖဝါးအားဖြင့် အဲဂုတ္တုမြစ်လက်ကြား ရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီတကား။ 26 ငါသည်အထက်က ဤအမှုကို စီရင်ကြောင်းနှင့်၊ ရှေးကာလ၌ ပြုပြင်ကြောင်းကို သင်သည် မကြားသလော။ ယခုမှာလည်း သင်သည် ခိုင်ခံ့သောမြို့တို့ကို ဖျက်ဆီး၍၊ ကျောက်ပုံ ဖြစ်စေသောသူ ဖြစ်မည်အကြောင်း ငါစီရင်ခန့်ထားလေပြီ။ 27 ထိုကြောင့်၊ မြို့သားတို့သည် အားနည်းကြ၏။ မှိုင်တွေ၍ စိတ်ပျက်လျက်ရှိကြ၏။ တောမြက်ပင်နှင့် စိမ်းသောစပါးပင် ကဲ့သို့လည်းကောင်း၊ အိမ်မိုးပေါ်မှာ ပေါက်သော မြက်ပင်နှင့်၊ မကြီးမီညှိုးနွမ်းသော စပါးပင်ကဲ့သို့လည်းကောင်း ဖြစ်ကြ၏။ 28 သင်၏ နေထိုင်ခြင်း၊ ထွက်ဝင်ခြင်း၊ ငါ၌အမျက်ဟုန်းခြင်းတို့ကိုငါသိ၏။ 29 ငါ၌ သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကို နှာရှုတ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။
30 သင်မှတ်ရသော နိမိတ်လက္ခဏာဟူမူကား၊ ယခုနှစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကိုလည်းကောင်း၊ ဒုတိယနှစ်တွင် ထိုအတူ ပေါက်သောအရာများကိုလည်းကောင်း သင်တို့သည်စားရမည်။ တတိယနှစ်တွင် မျိုးစေ့ကိုကြဲ၍ စပါးကို ရိတ်ကြလော့။ စပျစ်ဥယျာဉ်ကိုလည်းစိုက်၍ အသီးကို စားကြလော့။ 31 ဘေးလွတ်၍ ကျန်ကြွင်းသော ယုဒအမျိုးသားတို့သည် တစ်ဖန်အောက်မှာအမြစ်စွဲ၍၊ အထက်မှာ အသီးသီးကြလိမ့်မည်။ 32 ကျန်ကြွင်းသောသူတို့သည် ယေရုရှလင်မြို့ထဲကလည်းကောင်း၊ ဘေးလွတ်သောသူတို့သည် ဇိအုန်တောင်ပေါ်ကလည်းကောင်း ပေါ်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို စီရင်တော်မူလိမ့်မည်။
33 သို့ဖြစ်၍၊ ထာဝရဘုရားသည် အာရှုရိရှင်ဘုရင်ကို ရည်မှတ်၍မိန့်တော်မူသည်ကား၊ သူသည် ဤမြို့သို့ မဝင်ရ။ မြို့ထဲသို့ မြားကို မပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကို မပြရ။ မြို့ပြင်မှာ မြေရိုးကိုမဖို့ရ။ 34 လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ မဝင်ရ။ 35 ငါသည် ကိုယ်မျက်နှာကိုလည်းကောင်း၊ ငါ့ကျွန်ဒါဝိဒ်၏မျက်နှာကိုလည်းကောင်းထောက်၍၊ ဤမြို့ကို ကယ်တင်ခြင်းငှာ စောင့်မမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
သနာခရိပ်သေဆုံးခြင်း
36 ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်၍၊ အာရှုရိတပ်တွင် လူတစ်သိန်းရှစ်သောင်း ငါးထောင်တို့ကို ဒဏ်ခတ်လေ၏။ နံနက်စောစော ထချိန်ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည် အသေကောင် ဖြစ်ကြ၏။ 37 အာရှုရိရှင်ဘုရင် သနာခရိပ်သည်လည်း၊ ထိုအရပ်မှထွက်၍ ပြန်သွားပြီးလျှင်၊ နိနေဝေမြို့၌ နေလေ၏။ 38 နောက်တစ်ဖန် သူသည် မိမိဘုရားနိသရုတ်၏ ဗိမာန်၌ ကိုးကွယ်စဉ်တွင်၊ သားတော်အာဒြမ္မေလက်နှင့် ရှရေဇာသည် ခမည်းတော်ကို ဓားနှင့်သတ်ပြီးလျှင်၊ အာရမနိပြည်သို့ ပြေးကြ၏။ သားတော် ဧသရဟဒ္ဒုန်သည်လည်း၊ ခမည်းတော်အရာ၌ နန်းထိုင်၏။