30
အဲဂုတ္တုပြည်​နှင့်မ​ဟာ​မိတ်​မ​ပြုရ
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပုန်ကန်သောအမျိုးသားတို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ငါ့ကိုအမှီမပြုဘဲ အချင်းချင်းတိုင်ပင်ကြ၏။ ငါ့ဝိညာဉ်အခွင့်မရှိဘဲ မိတ်သဟာယဖွဲ့၍ အထပ်ထပ်အပြစ် ရောက်ကြ၏။ ဖာရောဘုရင်၏ဘုန်းကိုအမှီပြု၍၊ အဲဂုတ္တုအရိပ်ကို ခိုလှုံခြင်းငှာ၊ ငါ့နှုတ်ထွက်ကို အခွင့်မပန်ဘဲ၊ အဲဂုတ္တုပြည်သို့ ရောက်အောင် သွားကြ၏။ သို့ဖြစ်၍ သင်တို့သည် ဖာရောဘုရင်၏ ဘုန်းကိုအမှီပြုသောကြောင့် ရှက်ကြောက်ကြလိမ့်မည်။ အဲဂုတ္တုအရိပ်ကို ခိုလှုံသောကြောင့် မျက်နှာပျက်ကြလိမ့်မည်။ သူတို့မင်းတို့သည် ဇောနမြို့၌ ရှိကြပြီ။ သံတမန်တို့သည် ဟာနက်မြို့သို့ ရောက်ကြပြီ။ အသုံးမဝင်၊ အကူအညီမပေး၊ ကျေးဇူးမပြုနိုင်ဘဲ ရှက်ကြောက်ခြင်း၊ အသရေပျက်ခြင်း အကြောင်းသာဖြစ်သော လူမျိုးကို သူတို့ရှိသမျှသည် ရှက်ကြောက်ကြ၏။ ခြင်္သေ့မ၊ ခြင်္သေ့ပျို၊ မြွေဆိုး၊ ပျံတတ်သောမီးမြွေ များသဖြင့်၊ အလွန်ခဲယဉ်း၍ ဆင်းရဲသောပြည်ကို လျှောက်လျက်၊ တောင်မျက်နှာသို့သွားသော တိရစ္ဆာန်တို့အပေါ်မှာ တင်သောဝန်များကို ကြည့်ရှုကြလော့။ မြည်းပခုံးပေါ်မှာ ဥစ္စာပစ္စည်းများကိုလည်းကောင်း၊ ကုလားအုတ်၏ဘို့ပေါ်မှာ ဘဏ္ဍာများကိုလည်းကောင်း တင်၍၊ ကျေးဇူးမပြုနိုင်သော လူမျိုးထံသို့ ဆောင်သွားကြသည်တကား။ အဲဂုတ္တုပြည်သည် အချည်းနှီးသက်သက်၊ အကျိုးမပေးနိုင်။ ထိုကြောင့်၊ မလှုပ်ဘဲနေတတ်သော ရာခပ်ဟု ငါသမုတ်ပေ၏။
မနာ​ခံ​သော​လူ​မျိုး
သင်သည် ယခုသွား၍ သူတို့ရှေ့မှာသင်ပုန်း၌ ရေးထားရသောအချက်၊ နောင်ကာလ အစဉ်အဆက်တည်စေခြင်းငှာ၊ စာစီ၍ မှတ်သားရသော အချက်ဟူမူကား၊ ဤလူမျိုးသည် ပုန်ကန်တတ်၏။ ဖောက်ပြန်သောအမျိုးသား၊ ထာဝရဘုရား၏တရားတော်ကို နာယူခြင်းငှာ အလိုမရှိသော အမျိုးသားဖြစ်ကြ၏။ 10 သူတို့ကလည်း၊ ဗျာဒိတ်တော်ကို မခံပါနှင့်ဟု ဗျာဒိတ်ခံသော သူတို့အားလည်းကောင်း၊ မှန်သောစကားကို ငါတို့အား မဟောပါနှင့်။ ချော့မော့သောစကားကို ပြောကြပါ။ လှည့်စားသောစကားကို ဟောကြပါ။ 11 လမ်းလွှဲကြပါ။ မှန်သောလမ်းကို ရှောင်ကြပါ။ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားကို ငါတို့ရှေ့မှာ ကွယ်ထားကြပါဟု ပရောဖက်တို့အားလည်းကောင်း ဆိုတတ်ကြ၏။ 12 သို့ဖြစ်၍၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် နှုတ်ကပတ်တော်ကိုပယ်၍၊ လိမ်ကောက် ယိုယွင်းခြင်းကိုသာ မှီဝဲခိုလှုံသောကြောင့်၊ 13 သင်တို့အပြစ်သည် ပြိုကျလုသော အုတ်ရိုးပျက်ကဲ့သို့လည်းကောင်း၊ မြင့်သောအုတ်ထရံ၌ မညီမညွတ် ထွက်ဝင်သကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ ထိုထရံသည် အလျင်တဆော ချက်ချင်း ပြိုပျက်တတ်၏။ 14 မြေအိုးကွဲသကဲ့သို့ ကွဲရလိမ့်မည်။ ကွဲရာတွင်လည်း မီးဖိုထဲက မီးခဲခံစရာဖို့၊ ရေကန်ထဲက ရေခပ်စရာဖို့ အိုးခြမ်းတစ်ခုမျှ မရှိစေခြင်းငှာ၊ နှမြောခြင်းမရှိဘဲ ခွဲခြင်းကို ခံရလိမ့်မည်။
15 ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရား၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ ငြိမ်ဝပ်စွာနေလျှင်၊ ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်။ ငြိမ်ဝပ်စွာနေခြင်း၊ ယုံကြည်ခြင်းအားဖြင့် ခွန်အားအစွမ်းကို ရကြလိမ့်မည်။ သင်တို့သည် ထိုသို့သော အလိုမရှိကြ။ 16 ငါတို့သည် ထိုသို့မနေ၊ မြင်းစီး၍ ပြေးမည်ဟု ဆိုသောကြောင့်၊ သူတစ်ပါးတို့သည် သင်တို့ကို ပြေးစေမည်။ ငါတို့သည် လျင်မြန်စွာ စီးသွားမည်ဟု ဆိုသောကြောင့်၊ သင်တို့ကို လိုက်သောသူတို့သည် လျင်မြန်ကြလိမ့်မည်။ 17 သင်တို့သည် တောင်ထိပ်ပေါ်မှာ စိုက်သော မှတ်တိုင်ကဲ့သို့လည်းကောင်း၊ ကုန်းပေါ်မှာထူသော အလံကဲ့သို့လည်းကောင်း ဖြစ်ရသည်တိုင်အောင်၊ တစ်ယောက်သောသူသည် ခြိမ်းလျှင်၊ တစ်ထောင်သောသူတို့သည် ပြေးကြလိမ့်မည်။ ငါးယောက် ခြိမ်းလျှင်၊ တစ်သောင်းပြေးကြလိမ့်မည်။
18 သို့သော်လည်း၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုလိုသောငှာ မျှော်လင့်တော်မူမည်။ ကရုဏာပြုလိုသောငှာ ချီးမြှောက်ခြင်းကို ခံတော်မူမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် တရားသောဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို မျှော်လင့်သောသူ အပေါင်းတို့သည် မင်္ဂလာရှိကြ၏။
ဇိအုန်မြို့အတွက်ကတိတော်
19 ယေရုရှလင်မြို့၌နေသော ဇိအုန်အမျိုး၊ သင်သည် အစဉ် ငိုကြွေးရမည်မဟုတ်။ သင်အော်ဟစ်သံကို နားထောင်၍ ကယ်မသနားတော်မူလိမ့်မည်။ ထိုအသံကို ကြားသောအခါ ထူးတော်မူလိမ့်မည်။ 20 ထာဝရဘုရားသည် သင့်အားဒုက္ခမုန့်ကိုကျွေး၍၊ ဆင်းရဲခြင်းရေကို တိုက်တော်မူသော်လည်း၊ သင်၏ဆရာတို့သည် နောက်တစ်ဖန် ပုန်းရှောင်၍ မနေရကြ။ ကိုယ်မျက်စိနှင့် ကိုယ်ဆရာတို့ကို မြင်ရလိမ့်မည်။ 21 သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့ လမ်းလွဲလျှင်၊ ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌သွားလော့ဟု သင့်နောက်၌ ပြောသောစကားသံကို ကိုယ်နားနှင့် ကြားရလိမ့်မည်။ 22 ထုလုပ်သော ငွေရုပ်တုတန်ဆာနှင့် သွန်းသော ရွှေရုပ်တုတန်ဆာများကို မရိုမသေပြု၍၊ ညစ်ညူးသော အဝတ်ကဲ့သို့ ပစ်ပယ်လျက်၊ သွားတော့ဟု ဆိုရလိမ့်မည်။ 23 သင်သည် လယ်၌ကြဲသောမျိုးစေ့ဖို့ မိုးကို ရွာစေတော်မူလိမ့်မည်။ မြေအသီးအနှံမှဖြစ်သော မုန့်ကို အလွန်ကြွယ်ဝစွာ ပေးသနားတော်မူလိမ့်မည်။ ထိုအခါ သင်၏သိုးနွားတို့သည် ကျယ်သောအရပ်၌ ကျက်စားရကြလိမ့်မည်။ 24 ဆန်ကောနှင့် ဆန်ခါဖြင့် သန့်ရှင်းစေ၍၊ ကောင်းမွန်စွာ ရောနှောသော စပါးကိုသာ မြေ၌လုပ်သောနွားနှင့် မြည်းတို့သည်လည်း စားရကြလိမ့်မည်။ 25 များစွာသော လူတို့ကို သတ်၍၊ ရဲတိုက်တို့သည် ပြိုလဲသောအခါ၊ မြင့်သောတောင်ရှိသမျှနှင့် ထင်ရှားသော ကုန်းရှိသမျှတို့အပေါ်မှာ ရေစီးရာမြစ်နှင့် ချောင်းများ ရှိကြလိမ့်မည်။ 26 ထာဝရဘုရားသည် မိမိလူတို့၏ ကျိုးပျက်ရာကို ပြုပြင်၍၊ သူတို့ခံရသော ဒဏ်ချက်ရာကို ပျောက်စေတော်မူသောအခါ၊ လ၏အလင်းသည် နေ၏အလင်းကဲ့သို့ဖြစ်၍၊ နေ၏အလင်းသည်လည်း ပကတိထက် ခုနစ်ဆလင်းလိမ့်မည်။
အာ​ရှု​ရိ​ပြည်​ကို​ဒဏ်​ခတ်​မည်
27 ကြည့်ရှုလော့။ ထာဝရဘုရား၏နာမတော်သည် ဝေးသောအရပ်မှ လာ၏။ အမျက်တော်လောင်၍ မီးလျှံဟုန်းလေ၏။ နှုတ်တော်သည် အမျက်နှင့် ပြည့်၍၊ လျှာတော်သည် မီးရှို့သကဲ့သို့ ဖြစ်လေ၏။ 28 ထွက်သက်တော်သည်လည်း၊ လူမျိုးတို့ကို ရှင်းရှင်း ဖျက်ဆီးခြင်းငှာ၊ လွှမ်းမိုးသောရေကဲ့သို့ လည်ပင်းကို မီလိမ့်မည်။ လမ်းလွဲစေသောဇက်ကို သူတို့ပါးစပ်၌ ခွံ့တော်မူလိမ့်မည်။ 29 သင်တို့သည် ပွဲခံသောနေ့ညတွင် ပြုသကဲ့သို့ သီချင်းဆိုရကြလိမ့်မည်။ ဣသရေလအမျိုး၏ကျောက်၊ ထာဝရဘုရား၏ တောင်တော်သို့ ပုလွေမှုတ်လျက် သွားသကဲ့သို့ ဝမ်းမြောက်ရကြလိမ့်မည်။ 30 ထာဝရဘုရားသည်လည်း ဘုန်းကြီးသောအသံတော်ကို လွှတ်တော်မူလိမ့်မည်။ လက်ရုံးတော် သက်ရောက်ခြင်း၊ ပြင်းစွာအမျက်ထွက်ခြင်း၊ မီးလျှံလောင်ခြင်း၊ မိုးသီးပါလျက်၊ မိုးသက်မုန်တိုင်းများတို့ကို ပြတော်မူလိမ့်မည်။ 31 သို့ဖြစ်၍၊ အာရှုရိလူသည် ထာဝရဘုရား၏အသံတော်အားဖြင့် လှဲချခြင်း၊ လှံတံတော်အားဖြင့် ဒဏ်ခတ်ခြင်းကို ခံရလိမ့်မည်။ 32 ထာဝရဘုရားစီရင်၍၊ သူ၏အပေါ်မှာ လေးစွာချထားတော်မူသော လှံတံသည် လျှောက်သွားရာရာ၌ စောင်း၊ ပတ်သာတီးခြင်းနှင့်တကွ ဖြစ်လိမ့်မည်။ သူ့ကို ပြင်းစွာ စစ်တိုက်တော်မူလိမ့်မည်။ 33 အကြောင်းမူကား၊ တောဘက်အရပ်သည် ရှေးကာလ၌ စီရင်လျက်ရှိ၏။ အကယ်စင်စစ် ရှင်ဘုရင်အဖို့ ပြင်ဆင်လျက်ရှိ၏။ နက်နဲကျယ်ဝန်းစေခြင်းငှာ ဖန်ဆင်းတော်မူပြီ။ မီးရှို့ဖို့ ထင်းပုံကြီးလည်း ရှိ၏။ ထာဝရဘုရား၏ထွက်သက်တော်သည် အရည်ကျိုသော ကန့်ကဲ့သို့၊ ထိုထင်းပုံကို မီးရှို့ရလိမ့်မည်။