19
အဲဂုတ္တုပြည်နှင့်ဆိုင်သောဗျာဒိတ်
အဲဂုတ္တုပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျင်မြန်သောမိုးတိမ်ကိုစီး၍ အဲဂုတ္တုပြည်သို့ ကြွတော်မူ၏။ ရှေ့တော်၌ အဲဂုတ္တုပြည်၏ ရုပ်တုဆင်းတုတို့သည်လှုပ်ရှား၍၊ အဲဂုတ္တုပြည်၏နှလုံးသည် သူ၏အထဲမှာ အရည်ကျိုလျက် ရှိလိမ့်မည်။Ref ၁၉:၁-၂၅။ ယေ ၄၆:၂-၂၆။ ယေဇ၊ ၂၉:၁-၃၂:၃၂။ အဲဂုတ္တုပြည်သားတို့သည် အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် ရန်ပြုစေခြင်းငှာ ငါနှိုးဆော်သဖြင့်၊ သူတို့သည် ညီအစ်ကိုချင်း တစ်ယောက်နှင့် တစ်ယောက်၊ အိမ်နီးချင်း တစ်ယောက်နှင့် တစ်ယောက်၊ တစ်မြို့နှင့် တစ်မြို့၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်တိုက်ကြလိမ့်မည်။ အဲဂုတ္တုပြည်၏စိတ်သည် သူ၏အထဲမှာပျက်လိမ့်မည်။ သူ၏အကြံကိုလည်း ငါဖျက်မည်။ သူတို့သည် ရုပ်တုတို့၌လည်းကောင်း၊ ပြုစားသော သူတို့၌လည်းကောင်း၊ နတ်ဝင်နှင့် စုန်းတို့၌လည်းကောင်း ဆည်းကပ်ကြလိမ့်မည်။ အဲဂုတ္တုပြည်သားတို့ကို ကြမ်းကြုတ်သော သခင်တို့လက်သို့ ငါအပ်သဖြင့်၊ ပြင်းထန်သော ရှင်ဘုရင်တစ်ပါးသည် အုပ်စိုးလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ထိုအခါပင်လယ်ရေပြတ်လိမ့်မည်။ မြစ်ရေလည်းလျော့၍ ခန်းခြောက်လိမ့်မည်။ ချောင်းရေများလည်းပုပ်ကြလိမ့်မည်။ အဲဂုတ္တုမြစ်လက်ကြားတို့လည်း ရေပြတ်၍ ခန်းခြောက်သဖြင့်၊ ကျူပင်နှင့် ကိုင်းပင်တို့သည် ညှိုးနွမ်းကြလိမ့်မည်။ မြစ်လက်ကြားနားနှင့် ချောင်းဝနားမှာပေါက်သော မြက်ပင်အစရှိသော၊ မြစ်နားမှာစိုက်သမျှတို့သည် ညှိုးနွမ်းပျက်စီး ပပျောက်ကြလိမ့်မည်။ တံငါတို့သည် ညည်းတွားကြလိမ့်မည်။ မြစ်၌ ငါးမျှားကိုချသမျှသောသူတို့သည် မြည်တမ်း၍ ရေပေါ်မှာ ပိုက်ကွန်ကို ဖြန့်တတ်သော သူတို့သည် စိတ်ပျက်ကြလိမ့်မည်။ ပိုက်ဆန်လုပ်သောသူနှင့် ဇာမျိုးကိုရက်သော သူတို့သည်လည်း အကျိုးနည်းရှိကြလိမ့်မည်။ 10 အမှီတကဲတို့သည်ပျက်၍၊ အခစားသောသူအပေါင်းတို့သည် ညှိုးငယ်သောစိတ် ရှိကြလိမ့်မည်။
11 အကယ်စင်စစ် ဇောနမင်းတို့သည် အရူးဖြစ်ကြ၏။ ဖာရောဘုရင်၏ တိုင်ပင်မှူးမတ်တို့သည် မိုက်သောအကြံကို ပေးကြ၏။ ကျွန်တော်သည် ပညာရှိအမျိုး၊ ရှေးဘုရင်တို့အနွယ်ဖြစ်ပါသည်ဟု ဖာရောဘုရင်အား အဘယ်ကြောင့် လျှောက်ကြသနည်း။ 12 သူတို့သည် အဘယ်မှာ ရှိကြသနည်း။ သင်၏ပညာရှိတို့သည် အဘယ်မှာရှိကြသနည်း။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်တစ်ဖက်၌ အဘယ်သို့ကြံစည်တော်မူသည်ကို ယခုပြောကြပါစေ။ ဖော်ပြကြပါစေ။ 13 ဇောနမင်းတို့သည် အရူးဖြစ်ကြပြီ။ နောဗမင်းတို့သည် မှားယွင်းကြပြီ။ အဲဂုတ္တုပြည်၏ အမျိုးအနွယ်များကိုအုပ်သော အကြီးအကဲတို့ကိုလည်း မှားယွင်းစေကြပြီ။ 14 ထာဝရဘုရားသည် အဲဂုတ္တုပြည်၏အလယ်၌ ယစ်မူးသောသဘောကို ပြင်ဆင်တော်မူသဖြင့်၊ ယစ်မူးသောသူသည် မိမိအန်ဖတ်၌ လဲသကဲ့သို့၊ အဲဂုတ္တုပြည်သားတို့သည် ပြုလေသမျှတို့၌ မှားယွင်းကြပြီ။ 15 အဲဂုတ္တုပြည်၏ ဦးခေါင်းဖြစ်စေ၊ အမြီးဖြစ်စေ၊ စွန်ပလွံလက်ဖြစ်စေ၊ ကိုင်းပင်ဖြစ်စေ၊ ပြီးစီးနိုင်သောအမှု အလျှင်းမရှိရ။​
16 ထိုကာလ၌ အဲဂုတ္တုလူတို့သည်မိန်းမကဲ့သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သူတို့အပေါ်မှာ လက်တော်ကို လှုပ်ရှားတော်မူသောကြောင့်၊ ကြောက်လန့်တုန်လှုပ်ကြလိမ့်မည်။ 17 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အဲဂုတ္တုပြည်တစ်ဖက်၌ ကြံစည်တော်မူသောအကြံအစည်ကြောင့်၊ ယုဒပြည်သည်လည်း အဲဂုတ္တုပြည်၌ ကြောက်မက်ဖွယ်ဖြစ်လိမ့်မည်။ ယုဒပြည်ဟူ၍ပြောကာမျှနှင့် လူတိုင်း ကြောက်ရွံ့ကြလိမ့်မည်။
18 ထိုကာလ၌ အဲဂုတ္တုပြည်တွင်၊ မြို့ငါးမြို့တို့သည် ခါနာန်ဘာသာစကားကိုပြော၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ သစ္စာတော်ကိုခံကြလိမ့်မည်။ ထိုမြို့တို့တွင်၊ တစ်မြို့ကို သူရိယာမြို့ဟူ၍ခေါ်ဝေါ်ကြလိမ့်မည်။ 19 ထိုကာလ၌ အဲဂုတ္တုပြည်အလယ်တွင်၊ ထာဝရဘုရားကို ပူဇော်ရာယဇ်ပလ္လင်ရှိလိမ့်မည်။ ပြည်စွန်းနားတွင်လည်း ထာဝရဘုရားအဖို့ မှတ်တိုင်ရှိလိမ့်မည်။ 20 ထိုမှတ်တိုင်သည် အဲဂုတ္တုပြည်တွင် နိမိတ်လက္ခဏာဖြစ်လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏သက်သေလည်း ဖြစ်လိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ညှဉ်းဆဲခြင်းကိုခံရသောကြောင့်၊ ထာဝရဘုရားကို အော်ဟစ်ကြသည်ရှိသော်၊ ကယ်တင်သောအရှင်၊ အမှုစောင့်သခင်ကို သူတို့ရှိရာသို့စေလွှတ်တော်မူ၍၊ ထိုသခင်သည် ကယ်တင်တော်မူ၏။ 21 အဲဂုတ္တုပြည်တွင် ထာဝရဘုရားကိုသိရကြသည်ဖြစ်၍ ထိုကာလ၌ အဲဂုတ္တုလူတို့သည် ထာဝရဘုရားကို သိသောကြောင့်၊ ပူဇော်သကာ အလှူဒါနကိုဆက်ကပ်၍ ဝတ်ပြုကြလိမ့်မည်။ ထာဝရဘုရားရှေ့တော်၌ သစ္စာကတိထား၍၊ ထားသည်အတိုင်း ပြုကြလိမ့်မည်။ 22 ထာဝရဘုရားသည်လည်း အဲဂုတ္တုပြည်ကို ဒဏ်ခတ်၍၊ ခတ်ပြီးသောဒဏ်ရာကို ပျောက်စေတော်မူမည်။ သူတို့သည်လည်း၊ ထာဝရဘုရားထံတော်သို့ ပြောင်းလဲကြသည်ကာလ၊ သူတို့တောင်းပန်ခြင်းကို နားထောင်၍ ဒဏ်ရာကို ပျောက်စေတော်မူမည်။
23 ထိုကာလ၌ အဲဂုတ္တုပြည်မှသည် အာရှုရိပြည်တိုင်အောင်၊ လမ်းတွင်လိမ့်မည်။ အာရှုရိလူသည် အဲဂုတ္တုပြည်သို့လည်းကောင်း၊ အဲဂုတ္တုလူသည်၊ အာရှုရိပြည်သို့လည်းကောင်းသွားလာ၍ အဲဂုတ္တုလူနှင့် အာရှုရိလူတို့သည် တညီတညွတ်တည်း ဝတ်ပြုကြလိမ့်မည်။ 24 ထိုကာလ၌ ဣသရေလအမျိုးသည် အဲဂုတ္တုအမျိုးနှင့်လည်းကောင်း၊ အာရှုရိအမျိုးနှင့်လည်းကောင်းပေါင်း၍၊ တတိယအမျိုးတည်းဟူသော မြေကြီးအလယ်၌ မင်္ဂလာပြုသောအမျိုးဖြစ်လိမ့်မည်။ 25 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကလည်း၊ ငါ၏လူအဲဂုတ္တုအမျိုး၊ ငါပြုပြင်သော အာရှုရိအမျိုး၊ ငါ၏အမွေဥစ္စာဖြစ်သော ဣသရေလအမျိုးသည် မင်္ဂလာရှိစေသတည်းဟု ကောင်းချီးပေးတော်မူလိမ့်မည်။