18
အဲသယောပိပြည်နှင့်ဆိုင်သောဗျာဒိတ်
အဲသယောပိ မြစ်များအနားမှာ အသံမြည်တတ်သော အတောင်ရှိ၍၊Ref ၁၈:၁-၇။ ဇေ ၂:၁၂။ ပင်လယ်လမ်းဖြင့်လည်းကောင်း၊ ရေပေါ်၌ ဂမာလှေဖြင့်လည်းကောင်း၊ သံတမန်တို့ကို လွှတ်တတ်သောပြည်၊ နားထောင်လော့။ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင်အောင်၊ ကြောက်မက်ဖွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိမ်နင်းတတ်ထသော၊ မြစ်ကွဲပြားသောမြေ၌နေသော လူမျိုးထံသို့၊ လျင်မြန်သောတမန်တို့၊ သွားကြလော့။ လောကီနိုင်ငံ၌နေသော မြေကြီးသားအပေါင်းတို့၊ တောင်ပေါ်မှာ အလံကို ထူသောအခါ ကြည့်ရှုကြလော့။ တံပိုးမှုတ်သောအခါ နားထောင်ကြလော့။ ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ နေအရောင်ထဲမှာ ကြည်လင်သော အရှိန်ကဲ့သို့လည်းကောင်း၊ အသီးအနှံကို သိမ်းယူရာ ပူသောကာလ၌ နှင်းနှင့်ပြည့်စုံသော မိုးတိမ်ကဲ့သို့လည်းကောင်း၊ ငါသည်ကျိန်းဝပ်၍ ငါ့နေရာအရပ်မှာ ကြည့်ရှုမည်။ စပျစ်သီးကို သိမ်းယူရာကာလမတိုင်မီ အငုံစေ့စုံ၍၊ အပွင့်လည်း လုံးသောအသီး ဖြစ်စဉ်အခါ၊ အညွန့်များကို တံစဉ်နှင့်ဖြတ်၍၊ အခက်အလက်များကို သုတ်သင်ပယ်ရှင်းတော်မူမည်။ သူတို့သည် တောင်ပေါ်မှာနေတတ်သောငှက်များ၊ တောသားရဲများတို့၏အဖို့ဖြစ်၍၊ ငှက်တို့သည် နွေကာလ၌လည်းကောင်း၊ သားရဲအပေါင်းတို့သည် ဆောင်းကာလ၌လည်းကောင်း၊ သူတို့အပေါ်မှာ နေကြလိမ့်မည်။ ထိုအခါ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင်အောင် ကြောက်မက်ဖွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိပ်နင်းတတ်ထသော၊ မြစ်များကွဲပြားသော မြေ၌နေသောလူမျိုးသည်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နာမတော်တည်ရာ ဇိအုန်တောင်သို့၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဖို့ လက်ဆောင်ပဏ္ဏာကို ဆောင်ခဲ့ကြလိမ့်သတည်း။