15
မော​ဘ​ပြည်နှင့်ဆိုင်သောဗျာဒိတ်
မောဘပြည်နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ လုပ်ကြံသောညအခါ၊ မောဘပြည်အာရမြို့သည် ပျက်စီး၏။ လုပ်ကြံသောညအခါ၊ မောဘပြည် ကိရမြို့သည် ပျက်စီး၏။Ref ၁၅:၁-၁၆:၁၄။ ဟေရှာ ၂၅:၁၀-၁၂။ ယေ၊ ၄၈:၁-၄၇။ ယေဇ၊ ၂၅:၈-၁၁။ အာ၊ ၂:၁-၃။ ဇေ၊ ၂:၈-၁၁။ ပြည်သားတို့သည် ဗက်မြို့၊ ဒိဘုန်မြို့၌ မြင့်သောအရပ်သို့တက်၍ ငိုကြွေးကြ၏။ မောဘပြည်သူတို့သည် နေဗောမြို့၊ မေဒဘမြို့ပေါ်မှာ ညည်းတွားမြည်တမ်းကြ၏။ သူတို့ခေါင်းပေါ်မှာ ဆံပင်မရှိ။ သူတို့ မုတ်ဆိတ်ကိုလည်းရိတ်ပယ်ပြီ။ လမ်းခရီးတို့တွင် လျှော်တေအဝတ်ကို ဝတ်ကြ၍၊ အိမ်မိုးပေါ်၌လည်းကောင်း၊ လမ်းမ၌လည်းကောင်း ရှိသမျှသောသူတို့သည် ညည်းတွားမြည်တမ်း၍၊ အလွန် မျက်ရည်ကျကြ၏။ ဟေရှဘုန်မြို့နှင့် ဧလာလေမြို့တို့လည်း ငိုကြွေး၍၊ ငိုသံသည် ယာဟတ်မြို့တိုင်အောင် ကြားရ၏။ မောဘသူရဲတို့သည်လည်း၊ တုန်လှုပ်သောစိတ်နှလုံးနှင့် ငိုကြွေးကြ၏။ ငါ့နှလုံးသည်လည်း၊ မောဘအဖို့ ငိုကြွေး၏။ ပြေးသောသူတို့သည်၊ သုံးနှစ်အသက်ရှိသော နွားမကဲ့သို့ ဇောရမြို့တိုင်အောင် လည်ကြ၏။ လုဟိတ်တောင်ပေါ်သို့ မျက်ရည်ကျလျက် တက်ကြ၏။ ဟောရနိမ်မြို့သို့ သွားသောလမ်း၌လည်း ဆုံးရှုံးခြင်းအသံကိုလွှင့်ကြ၏။ အကြောင်းမူကား၊ နိမရိမ်ရေကန်တို့သည် ဆိတ်ညံ၍၊ မြက်ပင်များ သွေ့ခြောက်ခဲ့ပြီ။ ပျိုးပင်များလည်း သေခဲ့ပြီ။ စိမ်းသောအပင် တစ်ပင်မျှမရှိ။ ထိုကြောင့်၊ သူတို့သည် မိမိတို့ဆည်းပူးသောဥစ္စာ၊ သိုထားသောဘဏ္ဍာများကို မိုးမခပင်ချိုင့်သို့ ယူသွားကြလိမ့်မည်။ ငိုကြွေးသောအသံသည် မောဘပြည်ကို နှံ့ပြားလေ၏။ ညည်းတွားမြည်တမ်းသော အသံသည် ဧဂလိမ်မြို့တိုင်အောင်လည်းကောင်း၊ ဗေရဧလိမ်မြို့တိုင်အောင်လည်းကောင်း ရောက်လေ၏။ အကြောင်းမူကား၊ ဒိမုန်မြို့ရေတို့သည် အသွေးနှင့်ပြည့်ကြ၏။ ဒိမုန်မြို့အပေါ်မှာ အခြားသောဘေးများကိုလည်းကောင်း၊ လွတ်အောင်ပြေးသော မောဘပြည်သားနှင့် ကျန်ကြွင်းသော ပြည်သားအပေါ်မှာ ခြင်္သေ့တို့ကိုလည်းကောင်း ငါရောက်စေမည်။