8
ဣ​သ​ရေ​လ​တို့​ပဋိညာဉ်ကိုဖျက်​ခြင်း
တံပိုးမှုတ်လော့။ ရန်သူသည် ရွှေလင်းတကဲ့သို့ ထာဝရဘုရား၏အိမ်တော်သို့ လာလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ငါ့ပဋိညာဉ်ကို ဖျက်၍ ငါ့တရားကို လွန်ကျူးကြပြီ။ သို့ရာတွင် သူတို့က၊ အကျွန်ုပ်တို့၏ ဘုရားသခင်၊ အကျွန်ုပ်တို့သည် ဣသရေလအမျိုးဖြစ်၍ ကိုယ်တော်ကို သိကြပါ၏ဟု ငါ့အား ကြွေးကြော်ကြသည်တကား။ ဣသရေလအမျိုးသည် ကောင်းသောအရာကို စွန့်ပစ်သောကြောင့်၊ ရန်သူညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။ သူတို့သည် ငါ၏အခွင့်မရှိဘဲ ကိုယ်အလိုအလျောက် ရှင်ဘုရင်တို့ကို ချီးမြှောက်ကြပြီ။ ငါမသိရဘဲ မင်းတို့ကို ခန့်ထားကြပြီ။ ကိုယ်အကျိုးနည်းစေခြင်းငှာ၊ ကိုယ်ရွှေငွေနှင့် ကိုယ်အဖို့ ရုပ်တုများကိုလုပ်ကြပြီ။ အို ရှမာရိ၊ သင်၏နွားသငယ်ကို စွန့်ပစ်လော့။ ကိုးကွယ်သောသူများကို ငါအမျက်ထွက်၏။ သူတို့သည် အဘယ်မျှကာလပတ်လုံး သန့်ရှင်းခြင်းတရားကို မမီနိုင်ဘဲ နေရကြလိမ့်မည်နည်း။ ထိုနွားသငယ်သည် ဣသရေလအမျိုး ကြံစည်၍ ဖြစ်၏။ ဆရာသမားလုပ်သောကြောင့် ဘုရားမဟုတ်။ အကယ်စင်စစ် ရှမာရိနွားသငယ်သည် အပိုင်းပိုင်း ကျိုးပဲ့ရလိမ့်မည်။
လေမျိုးစေ့ကိုကြဲ၍ လေ​ပွေစပါးကို ရိတ်ရကြလိမ့်မည်။ စပါးပင် မရှိရ။ အနှံထဲက မုန့်ညက်မထွက်ရ။ ထွက်သော်လည်း တစ်ကျွန်းတစ်နိုင်ငံသားတို့သည် စားကြလိမ့်မည်။ ဣသရေလအမျိုးသည် တိမ်မြုပ်လေပြီ။ အဘယ်သူမျှ မနှစ်သက်သော တန်ဆာကဲ့သို့ တစ်ပါးအမျိုးသားတို့တွင် ရှိရလိမ့်မည်။ အာရှုရိပြည်သို့ အလိုလိုသွားလေပြီတကား။ ဧဖရိမ်သည် ကိုယ်အဖို့ တစ်ကောင်တည်းနေသော မြည်းရိုင်းကဲ့သို့ဖြစ်၍၊ ရည်းစားတို့အား ငှားလေပြီ။ 10 တစ်ပါးအမျိုးသားတို့အား ငှားသော်လည်း၊ ချက်ချင်းလူများကို ငါစုဝေးစေမည်။ မကြာမမြင့်မီ ရှင်ဘုရင်နှင့် မင်းများတင်သောဝန်ကို ပင်ပန်းစွာ ထမ်းရကြလိမ့်မည်။ 11 ဧဖရိမ်သည် များစွာသောယဇ်ပလ္လင်တို့ကို အပြစ်အဖို့ လုပ်သောကြောင့်၊ ယဇ်ပလ္လင်တို့ကို သူ၏အပြစ်ဟူ၍ မှတ်ရလိမ့်မည်။ 12 ငါ့တရား၏ထူးဆန်းသောအရာတို့ကို သူ့အဖို့ ငါရေးထားပြီ။ သို့သော်လည်း၊ ရိုင်းသောအရာဟူ၍ သူသည် မှတ်လေပြီတကား။ 13 ငါနှင့်ဆိုင်သော ပူဇော်သကာတို့ကို ယဇ်ပူဇော်သောသူတို့သည် ပူဇော်၍ ကိုယ်တိုင်စားကြ၏။ ထာဝရဘုရားသည် သူတို့ကို လက်ခံတော်မမူ။ သူတို့အပြစ်များကို ချက်ချင်းအောက်မေ့၍ စစ်ကြောတော်မူသောအားဖြင့်၊ သူတို့သည် အဲဂုတ္တုပြည်သို့ ပြန်သွားရကြလိမ့်မည်။ 14 ဣသရေလသည် သူ့ကိုဖန်ဆင်းတော်မူသော သခင်ကိုမေ့လျော့၍ ဘုံဗိမာန်များကို တည်ဆောက်တတ်၏။ ယုဒသည်လည်း ခိုင်ခံ့သောမြို့တို့ကို များပြားစေတတ်၏။ သို့ရာတွင်၊ ငါသည် ထိုမြို့များတို့ကိုမီးရှို့၍ ဘုံဗိမာန်များတို့ကို မီးလောင်ရလိမ့်မည်။