ဟဂ္ဂဲအနာဂတ္တိကျမ်း။
1
ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ရန်အ​မိန့်​ပေး ခြင်း
ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဆဌမလ တစ်ရက်နေ့တွင်၊ ပရောဖက်ဟဂ္ဂဲအားဖြင့် ယုဒမြို့ဝန်၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သားယောရှုဆီသို့ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်လာ၍၊Ref ၁:၁။ ဧဇ ၄:၂၄-၅:၂၊ ၆:၁၄။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အချိန်မရောက်သေး၊ ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ရသော အချိန်မရောက်သေးဟု၊ ဤလူများပြောဆိုကြသည်မှာ၊ ပရောဖက် ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်လာသည်ကား၊ အချင်းလူတို့၊ သင်တို့သည် အမိုးနှစ်ထပ်နှင့် ပြည့်စုံသောအိမ်၌ နေချိန်ရှိလျက်ပင်၊ အိမ်တော်ပျက်လျက် နေရမည်လော။ ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်ကျင့်သော အကျင့်တို့ကိုဆင်ခြင်ကြလော့။ သင်တို့သည် များစွာသော မျိုးစေ့ကို ကြဲသော်လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ဝစွာမစားရကြ။ သောက်သော်လည်း ဝစွာ မသောက်ရကြ။ အဝတ်ကိုဝတ်ရသော်လည်း နွေးစွာ မဝတ်ရကြ။ အလုပ်လုပ်၍ အခကိုခံရသော်လည်း မလုံသောအိတ်ထဲမှာ သိုထားရကြ၏။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အကျင့်တို့ကို ဆင်ခြင်ကြလော့။ တောင်ပေါ်သို့တက်သွား၍ သစ်သားကိုဆောင်ခဲ့ပြီးလျှင် အိမ်တော်ကို ဆောက်ကြလော့။ ငါသည်လည်းအားရ၍ ငါ၏ဘုန်းသည် ထင်ရှားလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ သင်တို့သည် များစွာရမည်ဟု မျှော်လင့်သော်လည်း ရသောဥစ္စာခေါင်းပါးရ၏။ အိမ်သို့ ရောက်သောအခါ ငါမှုတ်လိုက်၏။ အဘယ်ကြောင့်နည်းဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မေးတော်မူ၏။ ငါ့အိမ်သည် ပျက်လျက်ရှိသောကြောင့်လည်းကောင်း၊ သင်တို့သည် အသီးအသီး မိမိတို့အိမ်သို့ပြေးသောကြောင့်လည်းကောင်း ဖြစ်သတည်း။ 10 ထိုကြောင့် သင်တို့အပေါ်မှာ မိုးခေါင်သဖြင့် နှင်းမကျရ။ မြေသည်လည်း အသီးအနှံကို မပေးရ။ 11 မြေပေါ်၌လည်းကောင်း၊ တောင်ပေါ်၌လည်းကောင်း၊ ဆန်စပါး၊ ချိုသောစပျစ်ရည်၊ ဆီအပေါ်၌လည်းကောင်း၊ မြေထဲကထွက်သမျှ အပေါ်၌လည်းကောင်း၊ လူသတ္တဝါတိရစ္ဆာန် အပေါ်၌လည်းကောင်း၊ လုပ်ဆောင်သမျှအပေါ်၌လည်းကောင်း၊ သွေ့ခြောက်ခြင်းဘေးကို ငါမှာလိုက်လေပြီဟု မိန့်တော်မူ၏။
အ​မိန့်​တော်​ကို​လိုက်​နာ​ခြင်း
12 ထိုအခါ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသော သူအပေါင်းတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုလည်းကောင်း၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားစေခိုင်းတော်မူသော ပရောဖက်ဟဂ္ဂဲ စကားကိုလည်းကောင်း နားထောင်သဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ကြောက်ရွံ့ကြ၏။ 13 ထိုအခါ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ထာဝရဘုရား၏တမန်ဟဂ္ဂဲက၊ ငါသည် သင်တို့နှင့် အတူရှိ၏ဟု၊ ထာဝရဘုရားမိန့်တော်မူကြောင်းကို လူများတို့အား ဆင့်ဆိုလေ၏။ 14 ထာဝရဘုရားသည်လည်း၊ ယုဒမြို့ဝန်၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသော သူအပေါင်းတို့ကို နှိုးဆော်တော်မူသောအားဖြင့်၊ 15 ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဆဌမလ နှစ်ဆယ်လေးရက်နေ့တွင်၊ သူတို့သည် လာ၍ မိမိတို့ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အိမ်တော်၌ အလုပ်လုပ်ကြ၏။