6
ထိုကြောင့်၊ သေခြင်းနှင့်စပ်ဆိုင်သော အကျင့်ကို နောင်တရခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဗတ္တိဇံ တရားကိုသွန်သင်ခြင်း၊ လက်ကိုတင်ခြင်း၊ သေလွန်သော သူတို့၏ထမြောက်ခြင်း၊ ထာဝရစီရင် ဆုံးဖြတ်ခြင်းတည်းဟူသော မူလအမြစ်ကို ငါတို့သည် ပြန်၍မတည်ဘဲ၊- ခရစ်တော်၏ဘာသာ၌ အစအဦးဖြစ်သော အကြောင်းအရာတို့ကို ထား၍၊ စုံလင်သောအဖြစ်သို့ တက်ကြကုန်အံ့။- ဘုရားသခင်အခွင့်ပေးတော်မူလျှင်၊ ငါတို့သည် ထိုသို့ပြုကြမည်။- အလင်းသို့ တစ်ခါရောက်၍ ကောင်းကင်ဆုကျေးဇူးကို မြည်းစမ်းခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်ကိုခံယူခြင်း၊- ဘုရားသခင်၏ ကောင်းမြတ်သော တရားစကားကိုလည်းကောင်း၊ နောင်ကပ်ကာလ၏ တန်ခိုးများကိုလည်းကောင်း၊ မြည်းစမ်းခြင်းရှိပြီးမှ၊- ရွေ့လျော့ဖောက်ပြန်သောသူတို့သည်၊ မိမိတို့တွင် ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက်၍ အသရေတော်ကို ရှုတ်ချသောသူဖြစ်သောကြောင့်၊ နောက်တစ်ဖန် နောင်တရအံ့သောငှာ အသစ်ပြုပြင်ခြင်းသို့ မရောက်နိုင်ကြ။- ဥပမာကား၊ အကြင်မြေသည် မိမိအပေါ်သို့ အဖန်ဖန်ကျသော မိုးရေကိုသောက်၍၊ လုပ်သောသူသုံးဖို့ ဟင်းသီးဟင်းရွက်ကို ဖြစ်စေတတ်၏။ ထိုမြေသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံတတ်၏။- အကြင်မြေသည် ဆူးပင်အမျိုးမျိုးကို ဖြစ်စေတတ်၏။ ထိုမြေသည် ပြုစုခြင်းကိုမခံထိုက်။ ကျိန်ခြင်းကို ခံရသော အချိန်နီးသည် ဖြစ်၍၊ နောက်ဆုံး၌ မီးရှို့ခြင်းသို့ ရောက်တတ်၏။
ထိုသို့ပြောသော်လည်း၊ ချစ်သူတို့၊ သင်တို့သည် ကယ်တင်ခြင်းနှင့် ယှဉ်သောအရာ၊ သာ၍ ကောင်းသောအရာတို့နှင့် ဆိုင်သည်ကို၊ ငါတို့သည် သဘောကျလျက်ရှိကြ၏။ 10 အကြောင်းမူကား၊ သင်တို့သည် သန့်ရှင်းသူတို့ကို အထက်က လုပ်ကျွေးသည်သာမက၊ ယခုပင် လုပ်ကျွေးခြင်းအမှုကိုလည်းကောင်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာကိုလည်းကောင်း၊ ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကို ပြုတော်မူသည်မဟုတ်။- 11 သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့် ကင်းလွတ်၍၊ ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့် ကတိတော်တို့ကို အမွေခံရသောသူတို့နည်းတူ ကျင့်နိုင်မည်အကြောင်း၊- 12 ထိုသို့သော လုံ့လဝိရိယကို ထုတ်၍၊ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့် ကင်းသော မျှော်လင့်ခြင်းနှင့် ပြည့်စုံစေခြင်းငှာ ငါတို့သည် အလိုရှိကြ၏။
မြဲမြံသော​က​တိ​တော်
13 ဘုရားသခင်သည် အာဗြဟံ၌ ကတိထားတော်မူသောအခါ၊ ကိုယ်တော်ထက်သာ၍ ကြီးမြတ်သောသူကို တိုင်တည်၍ ကျိန်ဆိုရန် မရှိသောကြောင့်၊ ကိုယ်တော်ကို တိုင်တည်၍၊- 14 ငါသည်သင့်အား အစဉ်အမြဲကောင်းကြီးပေးမည်။ သင့်ကို အစဉ်အမြဲပွားများစေမည်ဟု ကျိန်ဆိုတော်မူ၏။-Ref ၆:၁၄။ က ၂၂း၁၇။ 15 ထိုသို့နှင့်အညီ အာဗြဟံသည် သည်းခံလျက် စောင့်နေပြီးမှ၊ ကတိတော်ကိုဝင်စားလေ၏။- 16 လူတို့သည် မိမိထက်ကြီးမြတ်သောသူကို တိုင်တည်၍ ကျိန်ဆိုလေ့ရှိကြ၏။ မြဲမြံစေတတ်သော အကျိန်သည် ငြင်းခုံခြင်းရှိသမျှကို ဖြေတတ်၏။- 17 ထိုကြောင့်၊ ကတိတော်ကို အမွေခံရသောသူတို့သည်၊ ဘုရားသခင်၏ အကြံအစည်တော် မဖောက်ပြန်နိုင်ကြောင်းကို အတပ်သိစေခြင်းငှာ၊ ဘုရားသခင်သည် အကျိန်အားဖြင့် အာမခံတော်မူ၏။- 18 အကြောင်းမူကား၊ ဘုရားသခင်သည် မုသားမသုံးနိုင်သော အရာတည်းဟူသော မဖောက်ပြန် မပြောင်းလဲနိုင်သော အရာနှစ်ပါးကို အမှီပြု၍၊ ကိုယ်ရှေ့၌ထားသော မျှော်လင့်ရာကို ခိုလှုံခြင်းငှာ ပြေးသော ငါတို့သည် သက်သာအားကြီးကြမည်အကြောင်းတည်း။- 19 ထိုမျှော်လင့်ခြင်းမူကား၊ ကုလားကာအတွင်း၌ချ၍ မြဲမြံခိုင်ခံ့သော စိတ်နှလုံး၏ ကျောက်ဆူးကဲ့သို့ ငါတို့၌ရှိသတည်း။- 20 မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်သော ယေရှုသည်၊ ငါတို့အတွက်၊ ထိုအတွင်းအရပ်ထဲသို့ ရှေ့ဆောင်၍ဝင်သောသူ ဖြစ်တော်မူ၏။