သက်သာလောနိတ်ဩဝါဒစာဒုတိယစောင်။
1
ပေါလု၊ သိလွာနု၊ တိမောသေတို့သည်၊ သင်တို့အဘတည်းဟူသော ဘုရားသခင်နှင့် သခင်ယေရှုခရစ်၌တည်ရှိသော သက်သာလောနိတ်မြို့သား အသင်းတော်ကို ကြားလိုက်ပါ၏။- သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
ခ​ရစ်​တော်​ကြွ​လာ​ချိန်​စီ​ရင်ခြင်း
ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွား၍၊ လူတိုင်းအသီးအသီးတို့သည် အချင်းချင်း ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံကြသည်ဖြစ်၍ ငါတို့သည် ပြုသင့်သည်အတိုင်း သင်တို့ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။
သို့ဖြစ်၍၊ သင်တို့သည် ညှဉ်းဆဲခြင်း၊ ဒုက္ခဆင်းရဲခြင်းကို ခံရသမျှတို့၌ သည်းခံ၍ ယုံကြည်ခြင်းရှိသည်ကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ အသင်းတော်များတွင် သင်တို့ကြောင့် ဝါကြွားကြ၏။- သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်အတွက် ဆင်းရဲခံရ၍၊ ထိုနိုင်ငံတော်ကို ဝင်စားထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရစေ ခြင်းငှာ၊ တရားသဖြင့် ဘုရားသခင်စီရင်တော်မူခြင်းအမှုသည် ထိုသို့သောအားဖြင့် ထင်ရှားလျက်ရှိ၏။- အဘယ်သို့နည်းဟူမူကား၊ သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့်အတူ၊ ကောင်းကင်ဘုံက ပေါ်ထွန်းတော်မူ၍၊- ဘုရားသခင်ကို မသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူသောအခါ၊ သင်တို့ကို ဆင်းရဲစေဖူးသော သူတို့၌ ဆင်းရဲခြင်းကိုလည်းကောင်း၊ ဆင်းရဲခံရဖူးသော သင်တို့၌ ငါတို့နှင့်အတူ ချမ်းသာခြင်းကိုလည်းကောင်း၊- ဘုရားသခင် ဆပ်ပေး၍ တရားသဖြင့် စီရင်တော်မူလိမ့်မည်။- ထိုသခင်သည် မိမိသန့်ရှင်းသူတို့အားဖြင့် ဂုဏ်အသရေတော် ထင်ရှားခြင်းကိုလည်းကောင်း၊ ငါတို့သက်သေကို သင်တို့သည် ယုံကြည်သည်ဖြစ်၍၊- 10 ယုံကြည်သော သူအပေါင်းတို့အားဖြင့် အံ့ဩချီးမွမ်းခြင်းကိုလည်းကောင်း၊ ခံအံ့သောငှာ ကြွလာတော်မူသောနေ့ရက်၌၊ ထိုသူတို့သည် သခင်ဘုရား၏ မျက်နှာတော်နှင့်လည်းကောင်း၊ တန်ခိုးရှိသော ဘုန်းတော်နှင့်လည်းကောင်း ကွာ၍ ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို ခံရကြလတ္တံ့၊
11 ထိုကြောင့် ငါတို့ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ ကျေးဇူးတော်အတိုင်း၊ ထိုသခင်၏နာမတော်ကို သင်တို့အားဖြင့် ဘုန်းထင်ရှားစေခြင်းငှာလည်းကောင်း၊ သင်တို့ကိုလည်း ထိုသခင်အားဖြင့် ဘုန်းထင်ရှားစေခြင်းငှာလည်းကောင်း၊- 12 သင်တို့သည် ခေါ်တော်မူခြင်း ကျေးဇူးကို ခံထိုက်ကြသည်ဟု မှတ်တော်မူ၍၊ ကောင်းမြတ်တော်မူခြင်း၏ စေတနာအပေါင်းနှင့် သင်တို့၏ယုံကြည်ခြင်းအမှုကို တန်ခိုးနှင့် ပြည့်စုံစေတော်မူမည် အကြောင်း၊ ငါတို့သည် သင်တို့အဖို့ အစဉ်ဆုတောင်းပတ္ထနာ ပြုကြ၏။