40
အ​ကျဉ်း​​သား​​နှစ်ဦး​၏​အိပ်​​မက်
ထိုနောက်မှ အဲဂုတ္တုရှင်ဘုရင်ထံ ဖလားတော်ဝန်နှင့် စားတော်ဝန်တို့သည် မိမိတို့အရှင်အဲဂုတ္တုရှင်ဘုရင်ကို ပြစ်မှားကြ၏။ ဖာရောဘုရင်သည် ထိုအမတ်နှစ်ယောက်တည်းဟူသော ဖလားတော်ဝန်နှင့် စားတော်ဝန်တို့ကိုအမျက်ထွက်၍၊ ယောသပ်အချုပ်ခံရာထောင်တည်းဟူသော ကိုယ်ရံတော်မှူး၏အိမ်၌ ချုပ်ထားတော်မူ၏။ ကိုယ်ရံတော်မှူးသည် သူတို့ကိုယောသပ်၌အပ်၍၊ ယောသပ်သည် ပြုစုရ၏။ သူတို့လည်း အင်တန်ကာလ အချုပ်ခံလျက်နေရကြ၏။
ထိုသို့ထောင်ထဲမှာ အချုပ်ခံလျက်နေရသော အဲဂုတ္တုရှင်ဘုရင်၏ ဖလားတော်ဝန်နှင့် စားတော်ဝန်နှစ်ယောက်တို့သည်၊ အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သောအနက်နှင့်ပြည့်စုံသော အိပ်မက်ကိုတစ်ညချင်းတွင် တစ်ယောက်တစ်နည်းစီမြင်မက်ကြ၏။ နံနက်အချိန်ရောက်မှ ယောသပ်သည် သူတို့ထံသို့ဝင်၍ကြည့်ရှုသောအခါ၊ သူတို့မျက်နှာညှိုးငယ်လျက်ရှိသည်ကိုမြင်လျှင်၊ သင်တို့သည် ယနေ့အဘယ်ကြောင့်မျက်နှာညှိုးငယ်သနည်းဟု မိမိသခင်အိမ်၌ မိမိနှင့်အတူအချုပ်ခံနေရသော ဖာရောမင်း၏အမတ်တို့အားမေး၏။ သူတို့ကလည်း၊ ငါတို့သည်အိပ်မက်ကိုမြင်ရပြီ။ အနက်ကိုဖတ်နိုင်သောသူ မရှိဟုဆိုကြသော်၊ ယောသပ်က၊ အိပ်မက်အနက်များကို ဘုရားသခင်ဆိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့အိပ်မက်ကို ကျွန်ုပ်အားကြားပြောကြပါဟုဆို၏။ ထိုအခါဖလားတော်ဝန်သည် မိမိအိပ်မက်ကို ယောသပ်အား ကြားပြောသည်ကား၊ ငါမြင်မက်သောအိပ်မက်တွင်၊ ငါ့ရှေ့မှာစပျစ်နွယ်ပင်ရှိ၏။ 10 ထိုစပျစ်နွယ်ပင်၌ အလက်သုံးလက်ရှိ၏။ ထိုအလက်တို့၌ပန်းငုံကဲ့သို့ရှိ၏။ အပွင့်လည်းပွင့်၏။ အသီးပြွတ်တို့လည်း မှည့်သောစပျစ်သီးဖြစ်လေ၏။ 11 ဖာရောမင်း၏ဖလားတော်ကိုငါကိုင်လျက်၊ ထိုစပျစ်သီးကိုယူ၍ ဖလားတော်၌ညှစ်ပြီးမှ လက်တော်တွင်ဆက်သည်ဟုပြောဆို၏။ 12 ယောသပ်ကလည်း သင်၏အိပ်မက်အနက်ဟူမူကား၊ စပျစ်နွယ်သုံးလက်တို့သည် သုံးရက်ဖြစ်၏။ 13 သုံးရက်လွန်မှဖာရောမင်းသည် သင်၏ဦးခေါင်းကိုချီးမြှောက်၍ သင်၏အရာကိုပြန်ပေးတော်မူသဖြင့်၊ သင်သည်အထက်ကဖလားတော်ဝန်ဖြစ်၍ ပြုဖူးသည်နည်းတူ၊ တစ်ဖန်ဖလားတော်ကို ဖာရောမင်း၏လက်တွင်ဆက်မြဲ ဆက်ရလိမ့်မည်။ 14 သင်သည်ချမ်းသာရသောအခါ ကျွန်ုပ်ကိုအောက်မေ့၍ ကျေးဇူးပြုပါလော့။ ဖာရောဘုရင်ကိုလျှောက်၍ ကျွန်ုပ်ကိုဤအိမ်မှနုတ်ယူပါ။ 15 အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲပြည်မှခိုးယူခဲ့ကြ၏။ ဤပြည်မှာလည်း ကျွန်ုပ်၌အပြစ်မရှိဘဲ ထောင်ထဲမှာလှောင်ထားကြသည်ဟုဆို၏။
16 ထိုအိပ်မက်အနက်ကောင်းသည်ကို စားတော်ဝန်သိမြင်လျှင်၊ ငါသည်လည်း ဖြူသောတောင်းသုံးလုံးကို ကိုယ်တိုင်ရွက်နေသည်ကို မြင်မက်၏။ 17 အပေါ်တောင်းတွင် ဖာရောမင်းစားတော်ခေါ်ဖို့ချက်ပြီးသော ခဲဖွယ်စားဖွယ် အမျိုးမျိုးရှိ၍၊ ငှက်တို့သည်လည်း ငါရွက်သောတောင်းထဲကနုတ်၍စားကြသည်ဟု ယောသပ်အားပြောဆို၏။ 18 ယောသပ်ကလည်း၊ သင်၏အိပ်မက်အနက်ဟူမူကား၊ တောင်းသုံးလုံးသည် သုံးရက်ဖြစ်၏။ 19 သုံးရက်လွန်မှဖာရောမင်းသည် သင်၏ဦးခေါင်းကို ကိုယ်နှင့်ခွာမြှောက်လျက် သစ်ပင်၌ဆွဲထားတော်မူ၍၊ ငှက်တို့သည် သင်၏အသားကိုနုတ်၍စားကြလိမ့်မည်ဟု ပြန်ပြော၏။
20 ထိုနောက်သုံးရက်လွန်သောအခါ၊ ဖာရောမင်းဖွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ ကျွန်တော်မျိုးအပေါင်းတို့ကို ကျွေးမွေးတော်မူစဉ်တွင်၊ ဖလားတော်ဝန်၏ဦးခေါင်းနှင့် စားတော်ဝန်၏ဦးခေါင်းကို ကျွန်တော်မျိုးတို့တွင်ဖော်တော်မူ၍၊ 21 အိပ်မက်အနက်ကို ယောသပ်ဖတ်သည်အတိုင်း၊ ဖလားတော်ဝန်ကို အထက်အရာ၌ တစ်ဖန်ခန့်ထားတော်မူသဖြင့်၊ သူသည်ဖလားတော်ကို ဖာရောမင်း၏လက်တွင် ဆက်မြဲဆက်ရ၏။ 22 စားတော်ဝန်ကိုမူကား၊ ဆွဲထားတော်မူ၏။ 23 သို့သော်လည်း ဖလားတော်ဝန်သည် ယောသပ်ကိုမအောက်မေ့ဘဲ မေ့လျော့၍နေလေ၏။