26
ဂေရာ​မြို့​၌​ဣဇာက်​နေ​ထိုင်​ခြင်း​
အာဗြဟံလက်ထက် ထိုပြည်၌ဖြစ်ဖူးသော အစာခေါင်းပါးခြင်းမှတစ်ပါး၊ နောက်တစ်ဖန် အစာခေါင်းပါးခြင်းရှိပြန်သည်ဖြစ်၍၊ ဣဇာက်သည် ဖိလိတ္တိမင်းကြီး အဘိမလက်နေရာဂေရာမြို့သို့ သွားလေ၏။ ထာဝရဘုရားသည်လည်း သူ့အားထင်ရှား၍၊ သင်သည် အဲဂုတ္တုပြည်သို့မသွားနှင့်၊ ငါပြောလတ္တံ့သောပြည်၌နေလော့။ ယခုဤပြည်၌ တည်းခို၍နေလော့။ သင့်ဘက်မှာငါနေ၍ ကောင်းချီးပေးမည်။ အကြောင်းမူကား၊ သင်နှင့် သင်၏အမျိုးအနွယ်အား ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အဘအာဗြဟံအား ငါကျိန်ဆိုသောစကားရှိသည်အတိုင်းငါပြုမည်။Ref ၂၆:၃-၄။ က ၂၂:၁၆-၁၈။ သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့များပြားစေမည်။ သင်၏အမျိုးအနွယ်အားလည်း၊ ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အမျိုးအနွယ်အားဖြင့်လည်း၊ လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။ အကြောင်းမူကား၊ အာဗြဟံသည် ငါ့စကားကိုနားထောင်၍၊ ငါစီရင်မှာထားသော ပညတ်တရားအမျိုးမျိုးတို့ကို စောင့်ရှောက်သတည်းဟု မိန့်တော်မူ၏။
ဣဇာက်သည် ဂေရာမြို့၌နေစဉ်တွင်၊ မြို့သားတို့သည် သူ၏မယားအကြောင်းကိုမေးသောအခါ၊ ရေဗက္ကသည် လှသောအဆင်းအရောင်ရှိသောကြောင့်၊ ဤပြည်သားယောက်ျားတို့သည် သူ့အကြောင်းကြောင့် ငါ့ကိုသတ်မည်ဟုစိုးရိမ်၍၊ သူသည်ငါ့မယားဖြစ်သည်ဟု မပြောမဆိုဝံ့၊ ငါ့နှမဖြစ်သည်ဟု ပြောဆို၏။Ref ၂၆:၇။ က ၁၂:၁၃၊ ၂၀:၂။ ထိုမြို့၌ကာလအင်တန်ကြာနေပြီးမှ၊ တစ်နေ့သ၌၊ ဣဇာက်သည် မိမိမယားရေဗက္ကနှင့်ကစားသည်ကို ဖိလိတ္တိမင်းကြီးအဘိမလက်သည် ​ပြူ​တင်းပေါက်ဝက ကြည့်မြင်လျှင်၊ ဣဇာက်ကိုခေါ်၍၊ ထိုမိန်းမသည်၊ အကယ်စင်စစ် သင်၏မယားဖြစ်၏။ သို့ရာတွင်၊ သူသည်ငါ့နှမဖြစ်၏ဟု အဘယ်ကြောင့် သင်ပြောရသနည်းဟုမေးသော်၊ ဣဇာက်က၊ သူ့အတွက်ကြောင့် ကျွန်ုပ်သေမည်ကိုစိုးရိမ်ပါသည်ဟု လျှောက်ဆို၏။ 10 အဘိမလက်မင်းကလည်း၊ ငါတို့၌ သင်ပြုသောအမှုကား အဘယ်သို့နည်း။ တစ်စုံတစ်ယောက်သောသူသည်၊ သင်၏မယားနှင့် အမှတ်တမဲ့သင့်နေလျှင်၊ ငါတို့ခေါင်းပေါ်မှာ သင်သည် အပြစ်ရောက်စေလိမ့်မည်တကားဟု ဆိုပြီးမှ၊ 11 ဤသူလင်မယားကို ပြစ်မှားသောသူသည် ဆက်ဆက်အသေခံရမည်ဟု မိမိလူအပေါင်းတို့ကို မှာထားသနည်း။
12 ထိုပြည်၌ ဣဇာက်သည်မျိုးစေ့ကိုကြဲ၍၊ တစ်နှစ်ချင်းတွင် အဆတစ်ရာသောအသီးအနှံကိုရလေ၏။ ထာဝရဘုရားသည်လည်း၊ ကောင်းချီးပေးတော်မူသဖြင့်၊ 13 သူသည်ကြီးပွား၍၊ အလွန်စည်းစိမ်းကြီးသည်တိုင်အောင် တိုးတက်လျက်၊ စီးပွားဥစ္စာများပြားစွာဖြစ်လေ၏။ 14 သိုးစု၊ နွားစုများ၊ ကျွန်များနှင့်ပြည့်စုံကြွယ်ဝ၏။ ထိုကြောင့်၊ ဖိလိတ္တိလူတို့သည် သူ့ကိုငြူစူကြ၏။ 15 အဘအာဗြဟံလက်ထက်၌၊ အဘ၏ကျွန်တို့တူးသော ရေတွင်းရှိသမျှတို့ကို မြေနှင့်ဖို့ပိတ်ကြ၏။ 16 အဘိမလက်မင်းကလည်း၊ သင်သည် ငါတို့ထက်တန်ခိုးကြီး၏။ ငါတို့ထံမှထွက်သွားလော့ဟု၊ ဣဇာက်ကိုအမိန့်ရှိသောကြောင့်၊ 17 ဣဇာက်သည် ထိုမြို့မှထွက်သွားပြီးလျှင်၊ ဂေရာချိုင့်၌တဲကို ဆောက်၍နေလေ၏။
18 ထိုအခါ ဣဇာက်သည်၊ အဘအာဗြဟံကျွန်တို့တူး၍၊ အဘသေသောနောက်၊ ဖိလိတ္တိလူတို့ဖို့သောရေတွင်းတို့ကို တူးဖော်ပြန်၍၊ အထက်က အဘသမုတ်သောအမည်ဖြင့် သမုတ်လေ၏။ 19 ဣဇာက်ကျွန်တို့လည်း၊ ချိုင့်ထဲ၌တူး၍ စမ်းရေတွင်းကို တွေ့ကြ၏။ 20 ဂေရာအမျိုးသားနွားကျောင်းတို့ကလည်း၊ ဤရေသည် ငါတို့ရေဖြစ်၏ဟု၊ ဣဇာက်၏နွားကျောင်းတို့နှင့် လုယက်ပြောဆိုကြ၏။ ထိုသို့ အချင်းချင်းလုယက်ကြသောကြောင့်၊ ထိုရေတွင်းကို ဧသက်အမည်ဖြင့်မှည့်လေ၏။ 21 နောက်တစ်ဖန် အခြားသောရေတွင်းကို တူးပြန်ကြ၏။ ထိုရေတွင်းကိုလည်း တစ်ဖန်လုကြသောကြောင့်၊ သိတနအမည်ဖြင့်မှည့်လေ၏။ 22 ထိုအရပ်မှ နေရာပြောင်း၍၊ အခြားသောရေတွင်းကိုတူးကြ၏။ ထိုရေတွင်းကို အဘယ်သူမျှ မလုယက်သောကြောင့်၊ ငါတို့နေစရာအခွင့်ကို ယခုထာဝရဘုရားပေးတော်မူပြီဖြစ်၍၊ ဤပြည်၌ ငါတို့သည် စီးပွားများကြလိမ့်မည်ဟုဆိုလျက်၊ ထိုရေတွင်းကို ရဟောဘုတ်အမည်ဖြင့် မှည့်သတည်း။
23 တစ်ဖန်ထိုအရပ်မှ ဗေရရှေဘအရပ်သို့ ပြောင်းလေ၏။ 24 ထိုနေ့ညမှာ ထာဝရဘုရားသည်ထင်ရှား၍၊ ငါသည် သင်၏အဘအာဗြဟံ၏ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင့်ဘက်မှာရှိ၏။ ငါသည်ကောင်းချီးပေးမည်။ ငါ၏ကျွန်အာဗြဟံအတွက်၊ သင်၏အမျိုးအနွယ်ကိုငါများပြားစေမည်ဟု မိန့်တော်မူ၏။ 25 ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍၊ ထာဝရဘုရား၏နာမတော်ကိုပတ္ထနာပြု၏။ တဲကိုလည်းတည်ဆောက်၍၊ ကျွန်တို့သည် ရေတွင်းကိုတူးကြ၏။
26 ထိုအခါ အဘိမလက်မင်းသည်၊ အဆွေတော်အဟုဇတ်နှင့် ဗိုလ်ချုပ်မင်းဖိကောလတို့ကိုခေါ်၍၊ ဂေရာမြို့မှ ဣဇာက်ရှိရာသို့သွား၏။Ref ၂၆:၂၆။ က ၂၁:၂၂။ 27 ဣဇာက်ကလည်း၊ သင်တို့သည် ငါ့ကိုမြင်ပြင်း၍နှင်ထုတ်ပြီးမှ၊ အဘယ်ကြောင့်လာကြသနည်းဟုမေးလျှင်၊ 28 ထိုသူတို့က၊ ထာဝရဘုရားသည် သင့်ဘက်မှာရှိတော်မူကြောင်းကို၊ ငါတို့အမှန် သိမြင်သည်ဖြစ်၍၊ 29 ငါတို့သည် သင့်ကိုမထိမခိုက်၊ ကျေးဇူးကိုသာပြု၍၊ ငြိမ်ဝပ်စွာလွှတ်လိုက်သည်နည်းတူ၊ သင်သည်ငါတို့ကိုအပြစ်မပြုရဟု၊ ငါတို့တစ်ဖက်၊ သင့်တစ်ဖက်၊ နှစ်ဖက်သားတို့သည်၊ သစ္စာကတိထား၍ မိတ်သဟာယဖွဲ့ကြစို့။ သင်သည် ထာဝရဘုရားကောင်းချီးပေးတော်မူသောသူဖြစ်ပါ၏ဟု ဆိုကြလေသော်၊ 30 ဣဇာက်သည်၊ သူတို့အဖို့ စားသောက်ပွဲကိုလုပ်၍၊ အတူစားသောက်ကြ၏။ 31 နံနက်စောစောထ၍၊ အချင်းချင်းတစ်ဦးနှင့် တစ်ဦး သစ္စာပြုလိုက်ပြီးမှ၊ ဣဇာက်သည် သူ့တို့ကိုလွှတ်လိုက်၍၊ သူတို့သည် ငြိမ်ဝပ်စွာသွားရကြ၏။ 32 ထိုနေ့၌ပင် ဣဇာက်ကျွန်တို့သည်လာ၍၊ မိမိတို့တူးသောတွင်း၌ ရေတွေ့ကြောင်းကိုပြောဆိုကြလျှင်၊ 33 ထိုရေတွင်းကို ရှေဘအမည်ဖြင့်မှည့်လေ၏။ ထိုကြောင့် ထိုအရပ်၌ တည်သောမြို့ကိုဗေရရှေဘမြို့ဟု ယနေ့တိုင်အောင်တွင်လေသတည်း။
ဧ​သော​၏​လူ​မျိုး​ခြား​မ​ယား​များ​
34 ဧသောသည် အသက်လေးဆယ်ရှိသောအခါ၊ ဟိတ္တိအမျိုးသားဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိအမျိုးသား ဧလုန်၏သမီးဗာရှမတ်တို့နှင့် အိမ်ထောင်လေ၏။ 35 ထိုမိန်းမတို့သည် ဣဇာက်နှင့်ရေဗက္က၌ စိတ်နှလုံးပူပန်စရာအကြောင်းဖြစ်သတည်း။