6
အ​ချင်း​ချင်း​ဝန်​ကို​ကူ​ညီ​ထမ်း​ရွက်
ညီအစ်ကိုတို့၊ လူသည်သတိလစ်၍ တစ်စုံတစ်ခုသော ဒုစရိုက်ကိုပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကို ခံရသောသင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက် သိမ်မွေ့ နူးညံ့သောသဘောနှင့် ထိုသို့သောသူကို မစ၍၊ သူ၏နေရာ၌ တည်မြဲ တည်စေပြန်ကြလော့။- ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့။- အကြင်သူသည် ဘာမျှမဟုတ်ဘဲလျက်၊ ဤမျှလောက်ငါဖြစ်သည်ဟုစိတ်ထင်လျှင်၊ ထိုသူသည် ကိုယ်ကို လှည့်ဖြားသောသူဖြစ်၏။- လူတိုင်း ကိုယ်တိုင်ပြုသောအမှုကို စစ်ကြောစေ။ သို့ပြုလျှင် သူတစ်ပါး၌မဆိုဘဲ ကိုယ်၌သာ ဝါကြွား ဝမ်းမြောက်စရာ အကြောင်းရှိလိမ့်မည်။- အဘယ်ကြောင့်နည်း ဟူမူကား၊ လူအသီးအသီးတို့သည် မိမိတို့ဝန်ကို ဆောင်ရွက်ရကြမည်။
နှုတ်ကပတ်တရားကို သင်သောသူသည် သင်ပေးသောသူအား ကောင်းသောအရာ ရှိသမျှတို့ကို ဝေမျှစေ။- အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။- မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။- ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။- 10 ထိုကြောင့်ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏ အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။
နောက်​ဆုံး​သ​တိ​ပေး​ခြင်း​၊ နှုတ်​ဆက်​ခြင်း
11 အဘယ်မျှလောက်ကြီးသောစာကို ကိုယ်လက်နှင့် သင်တို့အား ငါရေးလိုက်သည်ကို သင်တို့မြင်ကြ၏။- 12 မိမိတို့အသွေးအဆင်း တင့်တယ်စေချင်သော သူရှိသမျှတို့သည် ခရစ်တော်၏ လက်ဝါးကပ်တိုင်ကြောင့် ခံရသောညှဉ်းဆဲခြင်းနှင့် မိမိတို့ကင်းလွတ်လို၍၊ သင်တို့ကို အရေဖျားလှီးခြင်းကို ခံစေခြင်းငှာ အနိုင်အထက် သွေးဆောင်တတ်ကြ၏။- 13 အရေဖျားလှီးခြင်းကိုခံသောသူတို့သည် ပညတ်တရားကို ကိုယ်တိုင်မကျင့်သည်ဖြစ်၍၊ သင်တို့၏ အသွေးအဆင်းကို အမှီပြုလျက်ဝါကြွားလို၍ သင်တို့ကို အရေဖျားလှီးခြင်းကိုခံစေခြင်းငှာ အလိုရှိကြ၏။- 14 ငါဖြစ်လျှင်၊ ငါတို့ သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတစ်ပါး ဘယ်အရာ၌မျှ ဝါကြွားခြင်းမရှိ ပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောကသည် ငါ့အဖို့ ရိုက်ထားခြင်းကို ခံလျက်ရှိ၏။ ငါသည်လည်း ဤလောကအဖို့ ရိုက်ထားခြင်းကိုခံလျက်ရှိ၏။- 15 အကြောင်းမူကား၊ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်း အကျိုးမရှိ။ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ သတ္တဝါသစ်ဖြစ်ခြင်းသာ အကျိုးရှိ၏။- 16 ဤနည်းဥပဒေသအတိုင်း ကျင့်သောသူရှိသမျှတို့ အပေါ်၌လည်းကောင်း၊ ဘုရားသခင်၏ ဣသရေလအမျိုး အပေါ်၌လည်းကောင်း၊ ငြိမ်သက်ခြင်းနှင့် သနားတော်မူခြင်း သက်ရောက်ပါစေသော။- 17 ယခုမှစ၍ အဘယ်သူမျှ ငါ့ကို မနှောင့်ယှက်စေနှင့်။ ငါ့ကိုယ်၌ သခင်ယေရှုဒဏ်ချက်ရာကို ငါဆောင်၏။- 18 ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှု၏ ကျေးဇူးတော်သည် သင်တို့၏စိတ်နှလုံး၌ ရှိစေသတည်း။ အာမင်။
ဂလာတိဩဝါဒစာပြီး၏။