39
ယဇ်​ပု​ရော​ဟိတ်​အ​ဝတ်​တန်​ဆာ
(ထွ ၂၈:၁-၁၄)
သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်သောအခါ၊ ဝတ်ရသောအဝတ်ကိုလည်းကောင်း၊ အာရုန်ဝတ်ဖို့ သန့်ရှင်းသောအဝတ်ကိုလည်းကောင်း၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်နှင့် လုပ်လေ၏။ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့် ယဇ်ပုရောဟိတ်သင်တိုင်းကို လုပ်ရာတွင်၊ ရွှေကိုအပြားခတ်၍ ရွှေကြိုးကိုလှီးပြီးမှ၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို ထူးဆန်းစွာအပြောက်ထိုးလေ၏။ သိုင်းကြိုးနှစ်ပင်ကိုလုပ်၍ သင်တိုင်းအပေါ်နားချင်းတွဲမိစေခြင်းငှာ၊ တစ်ဖက်တစ်ချက်ကို ဆွဲချုပ်လေ၏။ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ သင်တိုင်းအပေါ်နား၌ ထူးဆန်းသောရင်စည်းကိုလည်း သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့်လည်းကောင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့နှင့်လည်းကောင်း လုပ်လေ၏။ ရှဟံကျောက်နှစ်လုံးကိုသွေး၍ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ဣသရေလအမျိုး၏နာမတို့ကို အက္ခရာတင်ပြီးမှ၊ ရွှေကျောက်အိုး၌ ထည့်လေ၏။ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ကို အောက်မေ့ဖို့ရာ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးအပေါ်မှာ တပ်လေ၏။
ရင်​ဖုံး​
(ထွ ၂၈:၁၅-၃၀)
ရွှေနှင့်လည်းကောင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်လည်းကောင်း၊ သင်တိုင်းကိုလုပ်သည်နည်းတူ၊ ရင်ဖုံးကိုထူးဆန်းစွာ လုပ်လေ၏။ ရင်ဖုံးနှစ်ထပ်ခေါက်လျက်၊ အလျားတစ်ထွာ၊ အနံတစ်ထွာ၊ စတုရန်းလေးထောင့်ဖြစ်၏။ 10 ထိုရင်ဖုံး၌ ကျောက်မြတ်ကို လေးတန်းစီလေ၏။ ပထမအတန်းကား ကျောက်နီ၊ ဥဿဖယား၊ ပတ္တမြား။ 11 ဒုတိယအတန်းကား မြ၊ နီလာ၊ စိန်။ 12 တတိယအတန်းကား ဝှါကိန္သု၊ မဟူရာ၊ ဂေါ်မိတ်။ 13 စတုတ္ထအတန်းကား မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌စီလေ၏။ 14 ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးရှိသည်အတိုင်း တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထိုကျောက်တို့၌ ထိုတစ်ဆယ်နှစ်ပါးသော နာမည်အသီးအသီးတို့ကိုတင်လျက် ကျောက်တစ်လုံးလျှင် နာမည်တစ်ပါးစီပါ၏။ 15-18 ရင်ဖုံးအပေါ်ထောင့်နှစ်ခု၌၊ ရွှေနှစ်ကွင်းကိုလည်းကောင်း၊ ရွှေကျောက်အိုး နှစ်လုံးကိုလည်းကောင်း ကျစ်သောရွှေကြိုး နှစ်ပင်ကိုလည်းကောင်း လုပ်ပြီးမှ၊ ထိုရွှေကွင်း၌တပ်၍ သင်တိုင်းသိုင်းကြိုးအပေါ်မှာရှိသော ကျောက်အိုးတို့၌တွဲလေ၏။ 19 တစ်ဖန်ရွှေနှစ်ကွင်းကိုလုပ်၍ သင်တိုင်းအောက်နားမှာရှိသော ရင်ဖုံးအောက်ထောင့်နှစ်ခု၌ တပ်လေ၏။ 20 အခြားသောရွှေနှစ်ကွင်းကိုလည်း လုပ်၍ သင်တိုင်းအရှေ့ဘက်အောက်နားနှင့် ထူးဆန်းသောရင်စည်းအပေါ်နား ဆက်မီရာတွင် သင်တိုင်းကို တစ်ဖက်တစ်ချက်၌ တပ်လေ၏။ 21 ရင်ဖုံးရွှေနှစ်ကွင်းကို၊ သင်တိုင်းရွှေနှစ်ကွင်းနှင့်တွဲ၍၊ ပြာသောကြိုးဖြင့် ပြီးစေ၏။ ထိုသို့ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ ရင်ဖုံးသည် ထူးဆန်းသောရင်စည်းအပေါ်မှာဆွဲ၍ သင်တိုင်းနှင့် မကွာဘဲ အမြဲနေလေ၏။
အခြားသော​အ​ဝတ်​အထည်များ
22 ထိုမှတစ်ပါး၊ ပြာသောအထည်ကိုရက်ပြီးမှ၊ သင်တိုင်းနှင့်ဆိုင်သော ဝတ်လုံကို ထိုအထည်နှင့်သာ လုပ်လေ၏။ 23 ဝတ်လုံ၌လည်စွပ်ပါ၍ လည်စွပ်ကိုမစုတ်စေခြင်းငှာ၊ သံချပ်လည်စွပ် ကွပ်သကဲ့သို့ ကွပ်လေ၏။ 24 ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်လုပ်သော သလဲသီးများကိုလည်းကောင်း၊ 25 ရွှေစင်ဆည်းလည်းများကိုလည်းကောင်း၊ ဝတ်လုံအောက်စွန်းနားပတ်လည်၌၊ 26 သလဲသီးတစ်လုံး၊ ဆည်းလည်းတစ်လုံးစီခြားလျက် အစဉ်အတိုင်းဆွဲထားသဖြင့်၊ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ အမှုတော်ကို ဆောင်ရသောဝတ်လုံကို လုပ်၍ပြီးလေ၏။
27 တစ်ဖန် ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ အာရုန်နှင့် သူ၏သားတို့အဖို့ ရက်သောပိတ်ချောအင်္ကျီများကိုလည်းကောင်း၊ 28 ပိတ်ချောဗောင်းကိုလည်းကောင်း၊ တင့်တယ်သော ပိတ်ချော ဦးထုပ်များကိုလည်းကောင်း၊ ပိတ်ချော ဘောင်းဘီများကိုလည်းကောင်း၊ 29 ချယ်လှယ်သောပိတ်ချော၊ အထည်ပြာ၊ အထည်မောင်း၊ အထည်နီဖြင့်ပြီးသော ခါးပန်းကိုလည်းကောင်း လုပ်လေ၏။ 30 မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ သန့်ရှင်းသော သင်းကျစ်ပြားကိုလည်း ရွှေစင်နှင့်လုပ်၍ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်းခြင်းဟုအက္ခရာတင်၍၊ 31 ပြာသောကြိုးနှင့် ဗောင်းအပေါ်နား၌ ချည်ထားလေ၏။
လုပ်​ငန်း​ပြီး​စီး​ခြင်း​
(ထွ ၃၅:၁၀-၁၉)
32 ထိုသို့မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည်ပြု၍ ပရိသတ်စည်းဝေးရာ တဲတော်အလုပ်ရှိသမျှကို ပြီးစီးကြ၏။ 33 ထိုအခါ ဣသရေလအမျိုးသားတို့သည်၊ တဲတော်နှင့် အပေါ်တဲမှစ၍၊ ရွှေချောင်း၊ ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်တည်းဟူသော တဲတော်တန်ဆာရှိသမျှကိုလည်းကောင်း၊ 34 အနီဆိုးသောသိုးရေအမိုး၊ တဟာရှသားရေအမိုး၊ ကွယ်ကာရာ အတွင်းကုလားကာကိုလည်းကောင်း၊ 35 သက်သေခံချက်သေတ္တာနှင့် သူ၏ထမ်းပိုး၊ သူ၏အဖုံးကိုလည်းကောင်း၊ 36 စားပွဲမှစ၍ စားပွဲတန်ဆာနှင့် ရှေ့တော်မုန့်ကိုလည်းကောင်း၊ 37 စင်ကြယ်သောမီးခုံမှစ၍၊ ပြင်ဆင်ရသောမီးခွက်များ၊ မီးခုံတန်ဆာရှိသမျှနှင့် မီးထွန်းစရာဆီကိုလည်းကောင်း၊ 38 ရွှေယဇ်ပလ္လင်၊ လိမ်းရန်ဆီ၊ မီးရှို့ရာနံ့သာပေါင်းမွှေး၊ တဲတော်တံခါးဝ ကာစရာ ကုလားကာကိုလည်းကောင်း၊ 39 ကြေးဝါယဇ်ပလ္လင်၊ ကြေးဝါဆန်ခါ၊ ပလ္လင်ထမ်းပိုးအစရှိသော တန်ဆာရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့် သူ၏ခြေထောက်ကိုလည်းကောင်း၊ 40 ဝင်းကုလားကာ၊ ဝင်းတိုင်၊ ခြေစွပ်၊ ဝင်းတံခါးဝ ကာစရာကုလားကာကြိုးများ၊ တံသင်များကိုလည်းကောင်း၊ တဲတော်အတွင်း၌ အမှုတော်ကိုဆောင်စရာတန်ဆာ၊ ပရိသတ်စည်းဝေးရာ တဲတော်တန်ဆာရှိသမျှကိုလည်းကောင်း၊ 41 သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်သောအခါ ဝတ်ရသောအဝတ်၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ်အာရုန်ဝတ်ဖို့ သန့်ရှင်းသောအဝတ်၊ သူ၏သား ဝတ်ရသောအဝတ်ကိုလည်းကောင်း 42 ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း ပြီးစီးအောင် လုပ်ပြီးမှ မောရှေထံသို့ဆောင်ခဲ့ကြ၏။ 43 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ အလုပ်ရှိသမျှကို ပြီးစီးစေခြင်းငှာ၊ လုပ်ကြောင်းကို မောရှေသိမြင်သောအခါ၊ သူတို့ကို ကောင်းချီးပေးလေ၏။