38
ယဇ်​ပလ္လင်​
(ထွ ၂၇:၁-၈)
တစ်နည်းကား၊ အလျားငါးတောင်၊ အနံငါးတောင်ရှိ၍ စတုရန်းလေးထောင့်ဖြစ်သော မီးရှို့ရာယဇ်ပလ္လင်ကို အကာရှသားနှင့်လုပ်လေ၏။ အမြင့်လည်း သုံးတောင်ရှိ၏။ ယဇ်ပလ္လင်လေးထောင့်အပေါ်မှာ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ်၍ ကြေးဝါနှင့်မွမ်းမံလေ၏။ အိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်းအစရှိသော ယဇ်ပလ္လင်နှင့်ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့်လုပ်လေ၏။ ကြေးဝါဆန်ခါကိုလုပ်၍ ယဇ်ပလ္လင်ခါးပန်းအောက်အလယ်၌ထား၍၊ ထမ်းပိုးထားရာ ဆန်ခါလေးထောင့်၌တပ်ရသော ကြေးဝါလေးကွင်းကို သွန်းလေ၏။ အကာရှသားထမ်းပိုးတို့ကိုလုပ်၍ ကြေးဝါနှင့် မွမ်းမံပြီးမှ၊ ယဇ်ပလ္လင်ကိုထမ်းစရာဖို့ တစ်ဖက်တစ်ချက်ကွင်းများ၌ လျှိုထားလေ၏။ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ၊ ပျဉ်ပြားနှင့် လုပ်လေ၏။ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ စည်းဝေးတတ်သောမိန်းမတို့၏ ကြေးဝါမှန်များကိုယူ၍ ကြေးဝါအင်တုံနှင့် ကြေးဝါခြေထောက်ကို လုပ်လေ၏။
တဲ​တော်​ဝင်း​အ​ကာ​အ​ရံ
(ထွ ၂၇:၉-၁၉)
တဲတော်ဝင်းကာရန်မူကား၊ အလျားအတောင်တစ်ရာရှိသော ပိတ်ချောနှင့် တောင်ဘက်၌ ကုလားကာကို လုပ်လေ၏။ 10 ထိုကုလားကာဖို့ တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့်ပြီးစေ၏။ 11 ထိုနည်းတူ မြောက်ဘက်၌ကာရန် အလျားအတောင်တစ်ရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသော ကြေးဝါတိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ်ရှိ၏။ 12 အနောက်ဘက်၌ကာရန် အလျားအတောင်ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တစ်ဆယ်၊ ခြေစွပ်တစ်ဆယ်ရှိ၏။ 13 အရှေ့ဘက်၌လည်း အတောင်ငါးဆယ်ရှိ၏။ 14-15 တံခါးဝတစ်ဖက်တစ်ချက်၌ကာရန် အလျားဆယ်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင်၊ ခြေစွပ်သုံးခုရှိ၏။ 16 ဝင်းပတ်လည်၌ကာသော ကုလားကာရှိသမျှတို့သည် ပိတ်ချောဖြင့်ပြီး၏။ 17 တိုင်တို့သည် ကြေးဝါခြေစွပ်၊ ငွေတံစို့၊ ငွေတန်းနှင့်ပြည့်စုံ၍ တိုင်ထိပ်များကိုလည်း ငွေနှင့်မွမ်းမံလေ၏။ ဝင်းတိုင်တန်းရှိသမျှတို့သည် ငွေတန်းဖြစ်၏။ 18 ဝင်းတံခါးဝ၌ကာရန် ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍ ချယ်လှယ်သောကုလားကာ၊ အလျားအတောင်နှစ်ဆယ်၊ အမြင့်ငါးတောင်ရှိ၍၊ ဝင်းကာသောကုလားကာနှင့် တညီတည်းဖြစ်၏။ 19 ဝင်းတံခါးဝတိုင် လေးခုရှိ၍၊ ကြေးဝါခြေစွပ်လေးခု၊ ငွေတံစို့၊ ငွေတန်းများ၊ ငွေနှင့်မွမ်းမံသောထိပ်များနှင့် ပြည့်စုံကြ၏။ 20 တဲတော်တံသင်ဝင်းပတ်လည်၌ စိုက်သောတံသင်ရှိသမျှတို့သည် ကြေးဝါတံသင်ဖြစ်ကြ၏။
တဲ​တော်​သုံး​ပစ္စည်းများ
21 ဤရွေ့ကား၊ မောရှေစီရင်သည်အတိုင်း၊ ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာသည်၊ လေဝိလူများ အမှုတော်ဆောင်စရာတဲတော်ကို ရေတွက်မှတ်သားသော သက်သေခံချက် တဲတော်စာရင်းပေတည်း။ 22 မောရှေအား ထာဝရဘုရား မှာထားတော်မူသမျှတို့ကို၊ ယုဒအမျိုးသားဟုရ၏သားဖြစ်သော၊ ဥရိ၏သားဗေဇလေလသည် လုပ်လေ၏။ 23 ထိုမှတစ်ပါး၊ ထုလုပ်တတ်သောသူ၏အလုပ်၊ ဆန်းပြားသော လက်သမားအလုပ်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောကို ချယ်လှယ်တတ်သောသူ၏ အလုပ်ကိုလုပ်တတ်သော ဒန်အမျိုးသား အဟိသမက်၏သားအဟောလျဘလည်းရှိ၏။ 24 သန့်ရှင်းရာဌာနတော်ပြီးအောင်လှူ၍ လုပ်သောရွှေချိန်ပေါင်းကား အကျပ်တော်အတိုင်း အခွက်နှစ်ရာကိုးဆယ်ခုနစ်ပိဿာသုံးဆယ် ဖြစ်သတည်း။ 25 စာရင်းဝင်သောပရိသတ်များပေးသော ငွေချိန်ပေါင်းကား၊ အကျပ်တော်အတိုင်း အခွက်တစ်ထောင်နှင့် တစ်ဆယ်ခုနစ်ပိဿာခုနစ်ဆယ်ငါးကျပ် ဖြစ်သတည်း။ 26 အသက်နှစ်ဆယ်မှစ၍ ပိုလွန်သမျှသောသူ စာရင်းဝင်သည်အတိုင်း၊ လူခြောက်သိန်းသုံးထောင် ငါးရာငါးဆယ်တို့သည်၊ အကျပ်တော်အလိုက် ငွေချိန်အကျပ်တစ်ဝက်စီပေးရကြ၏။ 27 ခြေစွပ်တစ်ခု၌ ငွေအခွက်တစ်ဆယ်စီဝင်သည်ဖြစ်၍၊ ငွေအခွက်တစ်ထောင်နှင့် တဲတော်ခြေစွပ်၊ အတွင်းကုလားကာခြေစွပ်တည်းဟူသော ခြေစွပ်တစ်ရာကို သွန်းလေ၏။ 28 ကျန်သောငွေ အခွက်တစ်ဆယ်ခုနစ်ပိဿာခုနစ်ဆယ်ငါးကျပ်နှင့် တိုင်တံစို့နှင့် တိုင်တန်းတို့ကိုလုပ်၍ တိုင်ထိပ်များကိုမွမ်းမံလေ၏။ 29 လှူသောကြေးဝါပေါင်းကား အခွက်ခုနစ်ရာနှစ်ဆယ်နှင့် လေးပိဿာဖြစ်သတည်း။ 30 ထိုကြေးဝါနှင့် ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝခြေစွပ်၊ ကြေးဝါယဇ်ပလ္လင်၊ ကြေးဝါဆန်ခါ၊ ယဇ်ပလ္လင်တန်ဆာရှိသမျှကိုလည်းကောင်း၊ 31 ကာသောဝင်းခြေစွပ်၊ ဝင်းတံခါးဝခြေစွပ်၊ တဲတော်တံသင်၊ ဝင်းပတ်လည်၌စိုက်သော တံသင်ရှိသမျှကိုလည်းကောင်း လုပ်လေ၏။