13
သား​ဦး​ဆက်​ကပ်​ခြင်း​
မောရှေကိုခေါ်၍ ဣသရေလအမျိုးသားတို့တွင် အဦးဖွားသောသူ၊ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ငါ့အဖို့သန့်ရှင်းစေလော့။ ငါ့ဥစ္စာဖြစ်ကြသည်ဟု မိန့်တော်မူ၏။Ref ၁၃:၂။ တော ၃:၁၃။ လု၊ ၂:၂၃။
တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​
မောရှေကလည်း၊ သင်တို့သည်ကျွန်ခံနေရာ အဲဂုတ္တုပြည်မှထွက်သွားသော ဤနေ့ရက်ကိုအောက်မေ့ကြလော့။ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ထိုပြည်မှနုတ်ဆောင်တော်မူပြီ။ တဆေးပါသောမုန့်ကိုမစားရ။ အဗိဗလ၊ ယနေ့၌ပင်သင်တို့သည် ထွက်လာကြပြီ။ သင်တို့အားပေးခြင်းငှာ ဘိုးဘေးများ၌ ထာဝရဘုရားကျိန်ဆိုတော်မူသောပြည်၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာတည်းဟူသော နို့နှင့် ပျားရည်စီးသောပြည်သို့ပို့ဆောင်တော်မူပြီးမှ၊ ယခုလတွင် သင်တို့သည် ဤဝတ်ကိုပြုရကြမည်။ ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကိုစားပြီးမှ၊ ခုနစ်ရက်မြောက်သောနေ့တွင်၊ ထာဝရဘုရားအဖို့ပွဲခံရကြမည်။ တဆေးမပါသောမုန့်ကိုစားရသောခုနစ်ရက်ပတ်လုံး သင်တို့၌ တဆေးကို မတွေ့မမြင်ရ။ သင်တို့နေသောအရပ်ရပ်တို့၌လည်း မတွေ့မမြင်ရ။ ငါတို့သည် အဲဂုတ္တုပြည်မှထွက်သောကာလ၊ ထာဝရဘုရားပြုတော်မူသော ကျေးဇူးတော်ကြောင့်ဤသို့ပြုရ၏ဟု ထိုနေ့၌သားမြေးတို့အား ကြားပြောရမည်။ ထာဝရဘုရား၏တရားသည်၊ သင်၏နှုတ်၌တည်မည်အကြောင်း၊ ဤအရာသည် သင်၏လက်၌လက္ခဏာသက်သေ၊ သင်၏မျက်စိကြားမှာ အောက်မေ့ဖို့ရာဖြစ်ရမည်။ အားကြီးသောလက်တော်ဖြင့် ထာဝရဘုရားသည်၊ သင့်ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူပြီ။ 10 ထိုကြောင့်စီရင်တော်မူသော ဤထုံးစံကို၊ မိမိအချိန်၌ နှစ်စဉ်အတိုင်း စောင့်ရကြမည်။
သား​ဦး​
11 သင်တို့၌လည်းကောင်း၊ ဘိုးဘေး၌လည်းကောင်း၊ ကျိန်ဆိုတော်မူသည်အတိုင်း၊ ထာဝရဘုရားသည် သင်တို့ကိုပို့ဆောင်၍၊ ထိုပြည်ကိုပေးသနားတော်မူသောအခါ၊ 12 သင်တို့၌ အဦးဖွားသောသားအပေါင်းတို့နှင့် သင်တို့၌ရှိသောတိရစ္ဆာန်တို့၏ သားဦးအပေါင်းတို့ကို၊ ထာဝရဘုရားအဖို့ အသီးအခြားခွဲထားရကြမည်။ အထီးရှိသမျှတို့သည်၊ ထာဝရဘုရား၏ဥစ္စာဖြစ်ရကြမည်။Ref ၁၃:၁၂။ ထွ ၃၄:၁၉-၂၀။ လု၊ ၂:၂၃။ 13 မြည်းမ၌ အဦးဖွားသောမြည်းသငယ်ကို၊ သိုးသငယ်နှင့် ရွေးရမည်။ မရွေးလိုလျှင်၊ မြည်းသငယ်လည်ပင်းကို ချိုးရမည်။ လူသားတို့တွင် သားဦးအပေါင်းကို ရွေးရမည်။ 14 နောင်ကာလ၌သင်၏သားကလည်း၊ အဘယ်သို့နည်းဟုမေးမြန်းလျှင်၊ သင်ကလည်းကျွန်ခံနေရာ အဲဂုတ္တုပြည်မှ၊ ထာဝရဘုရားသည် အားကြီးသော လက်တော်ဖြင့် ငါတို့ကိုနုတ်ဆောင်တော်မူ၏။ 15 ဖာရောဘုရင်သည်၊ ငါတို့ကို အလွယ်တကူမလွှတ်ဘဲနေသောအခါ၊ အဲဂုတ္တုပြည်၌လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ထာဝရဘုရား ကွပ်မျက်တော်မူ၏။ ထိုကြောင့် အဦးဖွားသော တိရစ္ဆာန်အထီးရှိသမျှတို့ကို ထာဝရဘုရားအားယဇ်ပူဇော်ရမည်။ ကိုယ်သားတို့တွင် သားဦးကိုရွေးရမည်ဟု ပြန်ဆိုရမည်။ 16 ဤအရာသည်လည်း၊ သင်၏လက္ခဏာသက်သေ၊ သင်၏မျက်စိကြားမှာ သင်းကျစ်ဖြစ်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူပြီဟု လူများတို့အားပြောဆိုလေ၏။
မိုး​တိမ်​တိုင်​နှင့်​မီး​တိုင်​
17 ဣသရေလလူတို့ကို ဖာရောဘုရင်လွှတ်သောနောက်၊ ဖိလိတ္တိပြည်ကို လျှောက်သောလမ်းသည် ဖြောင့်သော်လည်း၊ ထိုလမ်းဖြင့် ဘုရားသခင်ဆောင်တော်မမူ။ အကြောင်းမူကား၊ သူတို့သည် စစ်မှုကိုတွေ့မြင်သောအခါစိတ်ပျက်၍၊ အဲဂုတ္တုပြည်သို့ ပြန်ကောင်းပြန်ကြလိမ့်မည်ဟု သိတော်မူ၏။ 18 ထိုကြောင့် ဘုရားသခင်သည်၊ သူတို့ကို ဧဒုံပင်လယ်နားတောလမ်းဖြင့်ဝိုင်း၍ ဆောင်တော်မူ၏။ ဣသရေလအမျိုးသားတို့သည်၊ ခင်းကျင်းသောတပ်အစဉ်အတိုင်း အဲဂုတ္တုပြည်မှ ထွက်သွားကြ၏။ 19 အထက်ကာလ၌ ယောသပ်က၊ အကယ်စင်စစ်ဘုရားသခင်သည် သင်တို့ကို အကြည့်အရှု ကြွလာတော်မူမည်။ ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှယူသွားရမည်ဟူ၍ ဣသရေလအမျိုးသားတို့ကို ကျပ်ကျပ်ကျိန်ဆိုစေသောကြောင့်၊ သူ၏အရိုးတို့ကို မောရှေသည် မိမိ၌ယူဆောင်လေ၏။Ref ၁၃:၁၉။ က ၅၀:၂၅။ ယော​ရှု၊ ၂၄:၃၂။
20 တစ်ဖန်သူတို့သည် သုကုတ်အရပ်မှထွက်သွား၍ တောအနား၊ ဧသံမြို့၌ စခန်းချကြ ၏။ 21 သူတို့သည်နေ့ညသွားနိုင်အောင် ထာဝရဘုရားသည်နေ့၌ကား၊ လမ်းပြဖို့ မိုးတိမ်တိုင်အားဖြင့်လည်းကောင်း၊ ည၌ကား၊ အလင်းပေးဖို့မီးတိုင်အားဖြင့်လည်းကောင်း၊ သူတို့ရှေ့ကကြွတော်မူ၏။ 22 နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌မီးတိုင်ကို သူတို့ရှေ့မှ ရုပ်သိမ်းတော်မမူ။