9
ရန်​သူ​များ​ကို​ချေ​မှုန်း​ခြင်း
ရှင်ဘုရင်အမိန့်တော်အတိုင်း စီရင်ရသောအချိန်နီး၍၊ ယုဒအမျိုး၏ ရန်သူတို့က၊ ငါတို့နိုင်မည်ဟု မျှော်လင့်သောနေ့၊ အမှုပြောင်းလဲ၍ ယုဒလူတို့သည် မနာလိုသောသူတို့ကို နိုင်သော နေ့ရက်တည်းဟူသော အာဒါမည်သော ဒွါဒသမလ တစ်ဆယ်သုံးရက်နေ့တွင်၊ ရှင်ဘုရင်အာရွှေရု၏ နိုင်ငံတော် အပြည်ပြည် အမြို့မြို့၌နေသော ယုဒလူတို့သည်၊ ညှဉ်းဆဲလိုသော သူတို့ကို ဆီးတားခြင်းငှာ စုဝေးကြ၏။ ပြည်သူပြည်သား အပေါင်းတို့သည် ကြောက်ရွံ့သောကြောင့်၊ အဘယ်သူမျှ ရန်မပြုဝံ့ဘဲ နေကြ၏။ အပြည်ပြည်ကို အုပ်စိုးသောမင်း၊ ကိုယ်စားတော်မင်း၊ မြို့ဝန်မင်း၊ အမှုတော်စောင့် အရာရှိအပေါင်းတို့သည် မော်ဒကဲကို ကြောက်ရွံ့သောကြောင့်၊ ယုဒလူတို့ကို မစကြ၏။ အကြောင်းမူကား၊ မော်ဒကဲသည် နန်းတော်တွင် ဘုန်းကြီးလျက်၊ အတိုင်းတိုင်းအပြည်ပြည်၌ သတင်းနှံ့ပြား၍၊ တစ်နေ့ထက်တစ်နေ့ ကြီးမြင့်ရာသို့ ရောက်သတည်း။ ထိုနေ့တွင် ယုဒလူတို့သည် ရန်သူအပေါင်းတို့ကို ဓားနှင့်လုပ်ကြံသတ်ဖြတ် ဖျက်ဆီး၍၊ မနာလိုသောသူတို့၌ ပြုချင်သမျှပြုကြ၏။ ရှုရှန်မြို့တော်၌ လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ်ကြ၏။ 7-10 ယုဒအမျိုး၏ရန်သူ ဟမ္မေဒါသသားဖြစ်သော ဟာမန်၏သား တစ်ကျိပ်တည်းဟူသော ပါရှန္ဒာသ၊ ဒါလဖုန်၊ အာသပါသ၊ ပေါရသ၊ အာဒလိ၊ အာရိဒါသ၊ ပါမရှာတ၊ အရိသဲ၊ အရိဒဲ၊ ဝါဇေဇာသတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲနေကြ၏။
11 ထိုနေ့၌ ရှုရှန်မြို့တော်တွင် သေသောသူစာရင်းကို ရှင်ဘုရင်ရှေ့တော်မှာ ပြကြ၏။ 12 ရှင်ဘုရင်သည် မိဖုရားဧသတာကို ခေါ်၍၊ ယုဒလူတို့သည် ရှုရှန်မြို့တော်၌ ဟာမန်သားတစ်ကျိပ်နှင့်တကွ လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ် ကြပြီ။ နိုင်ငံတော်တွင် အခြားသော အပြည်ပြည်တို့၌ အဘယ်သို့ ပြုကြပြီနည်း။ သင်သည် အဘယ်အလို ရှိသေးသနည်း။ အလိုရှိသည်အတိုင်း ငါပြုမည်။ အဘယ်ဆုကို တောင်းချင်သေးသနည်း။ တောင်းသမျှကို ငါပေးမည်ဟု မိန့်တော်မူလျှင်၊ 13 ဧသတာက၊ အရှင်မင်းကြီး အလိုတော်ရှိလျှင်၊ ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည် ယနေ့ အမိန့်တော်အတိုင်း နက်ဖြန်နေ့၌လည်း ပြုရမည်အကြောင်း၊ ဟာမန်သားတစ်ကျိပ်ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားရမည် အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်သည်အတိုင်း၊ 14 ရှင်ဘုရင်မိန့်တော်မူ၍ ရှုရှန်နန်းတော်၌ အမိန့်တော်ကို ထုတ်ပြီးမှ၊ ဟာမန်သားတစ်ကျိပ်ကို ဆွဲထားကြ၏။ 15 ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည်လည်း၊ အာဒါလတစ်ဆယ်လေးရက်နေ့တွင် စုဝေး၍၊ ရှုရှန်မြို့သား သုံးရာတို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်း မယူဘဲနေကြ၏။ 16 နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်၌ရှိသော ယုဒလူအခြားတို့သည် အာဒါလ တစ်ဆယ်သုံးရက်နေ့တွင်၊ မိမိတို့အသက်ကို စောင့်လျက်၊ ရန်သူလက်သို့မရောက်ဘဲ ချမ်းသာရမည်အကြောင်း၊ စုဝေး၍ ရန်သူ ခုနစ်သောင်းငါးထောင်တို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲ နေကြ၏။ 17 ထိုလ တစ်ဆယ်လေးရက်နေ့တွင် ငြိမ်ဝပ်စွာနေ၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှာ စောင့်ရှောက်ကြ၏။ 18 ရှုရှန်မြို့၌ရှိသော ယုဒလူများမူကား၊ တစ်ဆယ်သုံးရက်နေ့နှင့် တစ်ဆယ်လေးရက်နေ့တွင်း စုဝေးကြ၏။ တစ်ဆယ်ငါးရက် မြောက်သောအခါ ငြိမ်ဝပ်စွာနေ၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှာ စောင့်ရှောက်ကြ၏။ 19 မြို့ရိုးမရှိသောရွာတို့၌နေသော ယုဒလူတို့သည်လည်း၊ အာဒါလ တစ်ဆယ်လေးရက်နေ့ကို ပျော်မွေ့စွာ ပွဲခံရာနေ့၊ မင်္ဂလာနေ့၊ တစ်ယောက်ကိုတစ်ယောက် လက်ဆောင်ပေးလိုက်ရာနေ့ ဖြစ်စေကြ၏။
ပု​ရ​ပွဲ​တော်
20 တစ်ဖန် မော်ဒကဲသည် ဤအမှုအရာတို့ကို ရေးထား၏။ 21 ယုဒလူတို့သည် ရန်သူလက်မှလွတ်၍ ချမ်းသာရသောနေ့၊ 22 သူတို့ဝမ်းနည်းခြင်းနှင့် မြည်တမ်းခြင်းပျောက်၍ ဝမ်းမြောက်ခြင်းနှင့်ပျော်မွေ့ခြင်းသို့ ရောက်သော လတည်းဟူသော အာဒါလ တစ်ဆယ်လေးရက်နှင့် တစ်ဆယ်ငါးရက်နေ့တို့ကို နှစ်တိုင်းစောင့်၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့၊ တစ်ယောက်ကိုတစ်ယောက် လက်ဆောင်ပေးလိုက်၍၊ ဆင်းရဲသောသူတို့အား စွန့်ကြဲရာနေ့ဖြစ်စေသော ထုံးစံကို စီရင်ခြင်းငှာ၊ ရှင်ဘုရင် အာရွှေရု နိုင်ငံတော်အပြည်ပြည်၌ အနီးအဝေးရှိသော ယုဒလူအပေါင်းတို့နေရာသို့ မှာစာကို ပေးလိုက်လေ၏။ 23 ယုဒလူတို့သည်လည်း၊ ပြုစရှိ၍ မော်ဒကဲမှာလိုက်သည်အတိုင်း အမြဲပြုပါမည်ဟု ဝန်ခံကြ၏။ 24 ယုဒလူအပေါင်းတို့၏ ရန်သူဖြစ်သော အာဂတ်အမျိုး၊ ဟမ္မေဒါသသား ဟာမန်သည် ယုဒအမျိုးကို ဖျက်ဆီးမည်အကြံရှိ၍၊ ဖျက်ဆီးပယ်ရှင်းခြင်းငှာ ပုရစာရေးတံ ချသောကြောင့်လည်းကောင်း၊Ref ၉:၂၄။ ဧသ ၃:၇။ 25 ဧသတာသည် ရှင်ဘုရင်ထံတော်သို့ဝင်၍ ယုဒလူတို့တစ်ဖက်၌ ဟာမန်ကြံစည်သော အဓမ္မအကြံကို သူ၏ခေါင်းပေါ်သို့ ပြန်ရောက်စေမည်အကြောင်း၊ သူနှင့်သူ၏သားတို့ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားစေမည် အကြောင်း၊ အမိန့်တော်စာကို ပေးတော်မူသည်ဖြစ်၍လည်းကောင်း၊ 26 ပုရဟူသောစကားကို အစွဲပြုသဖြင့်၊ ထိုနေ့ကို ပုရနေ့ဟူ၍ ခေါ်ဝေါ်ကြ၏။ ထိုအမိန့်တော်စာချက်နှင့် ကိုယ်တိုင်တွေ့မြင်သော အမှုကိုထောက်လျက်၊ 27 ယုဒလူတို့သည် ကိုယ်တိုင်မှစ၍ သားမြေး၊ ဘာသာဝင်သူ အပေါင်းတို့နှင့်တကွ၊ မော်ဒကဲမှာစာ၌ စီရင်ထုံးဖွဲ့သည်အတိုင်း၊ ထိုနေ့ နှစ်ရက်ကို နှစ်တိုင်းအစဉ်မပြတ် စောင့်မည်အကြောင်း၊ 28 ထိုပုရနေ့တို့သည် ယုဒအမျိုး၌ မပျောက်၊ သားစဉ်မြေးဆက်တို့သည် မမေ့မလျော့၊ အပြည်ပြည် အမြို့မြို့၌နေသော အဆွေအမျိုးအသီးအသီး အစဉ်အဆက်တို့သည် အောက်မေ့ စောင့်ရှောက်မည်အကြောင်း ဝန်ခံကြ၏။ 29 ထိုအခါ အဘိဟဲလသမီး မိဖုရားဧသတာနှင့် ယုဒအမျိုး မော်ဒကဲတို့သည်၊ ပုရနေ့တို့ကို မြဲမြံစွာ တည်စေခြင်းငှာ ကျပ်တည်းစွာ အာဏာထား၍ မှာစာကို တစ်ဖန်ရေးထားကြ၏။ 30 ယုဒအမျိုးသား မော်ဒကဲနှင့် မိဖုရားဧသတာမှာထား၍၊ 31 ယုဒလူတို့သည် ကိုယ်အဖို့နှင့် သားစဉ်မြေးဆက်အဖို့ စီရင်သည်အတိုင်း၊ ချိန်းချက်သော အချိန်၌ အစာရှောင်ခြင်း၊ ဆုတောင်းခြင်းနှင့်တကွ ပုရနေ့တို့ကို အမြဲစောင့်စေခြင်းငှာ၊ အာရွှေရုနိုင်ငံတော်တွင် တိုင်းပြည် တစ်ရာနှစ်ဆယ်ခုနစ်ပြည်၌ရှိသော ယုဒလူအပေါင်းတို့ နေရာသို့ ငြိမ်သက်စေသော သစ္စာစကားနှင့် ထိုမှာစာကို မော်ဒကဲပေးလိုက်လေ၏။ 32 ဧသတာစီရင်သောအားဖြင့်၊ ပုရနေ့တို့ကို စောင့်ရာထုံးစံသည် အမြဲတည်၍ ဤစာ၌ရေးထား လျက်ရှိသတည်း။