7
ဟာ​မန်​ကို​သေ​ဒဏ်​စီ​ရင်​ခြင်း​
တစ်ဖန် ရှင်ဘုရင်နှင့် ဟာမန်သည်၊ မိဖုရား ဧသတာနှင့်အတူ စပျစ်ရည်သောက်အံ့သောငှာ သွားကြ၏။ ဒုတိယနေ့ရက်၌ စပျစ်ရည်သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က မိဖုရားဧသတာ၊ သင်သည် အဘယ်အလိုရှိသနည်း။ အလိုရှိသည်အတိုင်း ငါပေးမည်။ အဘယ်ဆုကို တောင်းချင်သနည်း။ တောင်းသမျှကို နိုင်ငံတော် တစ်ဝက်တိုင်အောင် ငါပေးမည်ဟု မိန့်တော်မူလျှင်၊ မိဖုရား ဧသတာက၊ အရှင်မင်းကြီး၊ ကျွန်တော်မကို စိတ်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ အလိုတော်ရှိလျှင်လည်းကောင်း၊ ကျွန်တော်မအလိုအတိုင်း ကျွန်တော်မအသက်နှင့် ကျွန်တော်မတောင်းပန်သည်အတိုင်း၊ အမျိုးသားချင်းအသက်ကို ချမ်းသာပေးတော်မူပါ။ ကျွန်တော်မနှင့် ကျွန်တော်မအမျိုးသားချင်းတို့ကို သတ်ဖြတ် သုတ်သင်ပယ်ရှင်းခြင်းငှာ ရောင်းပါပြီ။ ကျွန်ယောက်ျား ကျွန်မိန်းမဖြစ်စေခြင်းငှာ ရောင်းလျှင်၊ ရန်သူသည် ရှင်ဘုရင် အကျိုးနည်းခြင်းအတွက် အဖိုးကိုပေးနိုင်သော်လည်း၊ ကျွန်တော်မ တိတ်ဆိတ်စွာ နေပါမည်ဟု လျှောက်လေ၏။ ရှင်ဘုရင်အာရွှေရုကလည်း၊ ထိုသို့ပြုမည်ဟု ကြံဝံ့သောသူကား အဘယ်သူနည်း။ အဘယ်မှာရှိသနည်းဟု မိဖုရားဧသတာအား မေးတော်မူလျှင်၊ ဧသတာက၊ ရန်ဘက်ပြုသော ရန်သူသည် ဤဆိုးညစ်သောဟာမန် ဖြစ်ပါ၏ဟုလျှောက်သော်၊ ဟာမန်သည် ရှင်ဘုရင်နှင့်မိဖုရားရှေ့မှာ ကြောက်ရွံ့ခြင်းသို့ ရောက်လေ၏။ ထိုအခါ ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ စပျစ်ရည် သောက်ပွဲမှ ထ၍ ဥယျာဉ်တော်သို့ သွားတော်မူ၏။ အပြစ်ပေးတော်မူမည်ဟု ဟာမန်သည်ရိပ်မိ၍ အသက်ချမ်းသာရမည်အကြောင်း မိဖုရားဧသတာရှေ့မှာ တောင်းပန်ခြင်းငှာ ထ၏။ ရှင်ဘုရင်သည် ဥယျာဉ်တော်မှ စပျစ်ရည်သောက်ပွဲခံရာ အရပ်သို့ ဝင်ပြန်သောအခါ၊ ဧသတာထိုင်သော သာလွန်နားမှာ ဟာမန်သည် ပျပ်ဝပ်လျက်နေသည်ကို မြင်လျှင်၊ ဤသူသည် နန်းတော်၌ ငါ့ရှေ့မှာ မိဖုရားကို အဓမ္မပြုရမည်လောဟု မိန့်တော်မူစဉ်တွင်၊ အခြံအရံတို့သည် ဟာမန်၏မျက်နှာကို ဖုံးကြ၏။ မိန်းမစိုး ဟာဗောနကလည်း၊ အရှင်မင်းကြီး၏ အကျိုးတော်ကိုစောင့်၍ လျှောက်ထားသော မော်ဒကဲအဖို့ ဟာမန်လုပ်၍ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်သည်၊ ဟာမန်အိမ်၌ စိုက်ထားလျက် ရှိပါ၏ဟု နားတော်လျှောက်သော်၊ ထိုတိုင်၌ လည်ဆွဲချစေဟု ရှင်ဘုရင်မိန့်တော်မူ၏။ 10 ထိုသို့ မော်ဒကဲအဖို့လုပ်သော လည်ဆွဲချတိုင်၌ ဟာမန်ကို ဆွဲချကြ၏။ ရှင်ဘုရင်လည်း စိတ်ပြေတော်မူ၏။