42
သန့်ရှင်းရာအရပ်
ထိုနောက်မှ မြောက်လမ်းဖြင့် ပြင်တံတိုင်းထဲသို့ ခေါ်သွား၍၊ အိမ်တော်မြောက်ဘက်၊ လွတ်လပ်သော အရပ်ရှေ့မှာရှိသော အခန်းများကို ပြလေ၏။ ထိုအခန်းတို့သည် မြောက်တံခါးအထိ၊ အလျား အတောင်တစ်ရာ၊ အနံ အတောင်ငါးဆယ်ရှိကြ၏။ အတောင်နှစ်ဆယ်ရှိသော အတွင်းတံတိုင်းရှေ့၊ ပြင်တံတိုင်း ကျောက်ခင်းရှေ့တွင် တစ်ဖက်တစ်ချက်၌ နံရံအခန်း သုံးဆင့်ရှိ၏။ ထိုအခန်းများရှေ့မှာ တစ်တောင်ကျယ်သော လမ်းနှင့်တကွ အတွင်းဘက်သို့ဝင်၍၊ အနံ ဆယ်တောင်ရှိသော စင်္ကြံရှိ၏။ အခန်းတံခါးတို့သည် မြောက်ဘက်သို့ မျက်နှာပြုကြ၏။ အထက်ခန်းတို့သည် ကျဉ်းကြ၏။ သူတို့၏ကြမ်းပြင်သည် အောက်ခန်းကြမ်းပြင်၊ အလယ်ခန်း ကြမ်းပြင်နှင့်မညီ၊ အထဲသို့ဝင်လျက် ရှိကြ၏။ အကြောင်းမူကား၊ အခန်းသုံးဆင့်ရှိသော်လည်း၊ ထိုအခန်းတို့သည် အခြားတံတိုင်းကဲ့သို့ တိုင်မရှိ၊ သို့ဖြစ်၍၊ အောက်ခန်းနှင့် အလယ်ခန်းထက် သာ၍ကျဉ်းကြ၏။ ထိုအခန်းများ တစ်ဖက်တစ်ချက်၊ ပြင်တံတိုင်းဘက်မှာ အခန်းများရှေ့၌ကာသော နံရံသည် အလျား အတောင်ငါးဆယ်ရှိ၏။ ပြင်တံတိုင်းနှင့် ဆိုင်သောအခန်းတို့သည် အလျား အတောင်ငါးဆယ်ရှိကြ၏။ ဗိမာန်တော်ရှေ့မှာ အလျားသည် အတောင်တစ်ရာ ရှိ၏။ ပြင်တံတိုင်းမှလာ၍၊ ထိုအခန်းများခြေရင်း အရှေ့ဘက်၌ ဝင်ရာလမ်းရှိ၏။ 10 အိမ်တော်တောင်ဘက်၊ လွတ်လပ်သောအရပ်ကိုကာသော တံတိုင်းနံရံ၌လည်း အခန်းများရှိကြ၏။ 11 ထိုအခန်းစုရှေ့မှာ ရှိသောစင်္ကြံမှစ၍ အခန်းအလျားအနံ၊ ထွက်ရာဝင်ရာ တံခါးရှိသမျှတို့သည် မြောက်အခန်းစုနှင့် ပုံသဏ္ဌာန်တူကြ၏။ 12 တောင်ခန်းတံခါးတို့သည်လည်း မြောက်ခန်းတံခါးတို့နှင့် တူသည်ဖြစ်၍၊ တံတိုင်းတစ်ဖက်တစ်ချက်၊ အရှေ့သို့မျက်နှာပြုသော စင်္ကြံဦး၌ ဝင်ရာတံခါးဝရှိ၏။
13 တိုင်းသောသူကလည်း၊ လွတ်လပ်သောအရပ်ရှေ့မှာ မြောက်ခန်းနှင့် တောင်ခန်းတို့သည် သန့်ရှင်းသောအခန်း၊ ထာဝရဘုရားထံတော်သို့ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည် အလွန်သန့်ရှင်းသောအရာများကို စားရသောအခန်း ဖြစ်ကြ၏။ ထိုအရပ်သည် သန့်ရှင်းသောကြောင့် အလွန်သန့်ရှင်းသောအရာ၊ ဘောဇဉ်ပူဇော်သကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်တို့ကို ထားရာအရပ်ဖြစ်၏။ 14 ယဇ်ပုရောဟိတ်တို့သည် ဝင်သောအခါ အမှုတော်ဆောင် အဝတ်ကိုဝတ်လျက်၊ သန့်ရှင်းသောအရပ်မှ ပြင်တံတိုင်းသို့ မထွက်ရ။ ထိုအဝတ် သန့်ရှင်းသောကြောင့် ချွတ်ထား၍ အခြားသောအဝတ်ကို ဝတ်ပြီးမှ၊ လူများရှိရာသို့ ထွက်သွားရကြမည်ဟု ငါ့အားပြောဆို၏။
ဗိ​မာန်​တော်​မြေ​ယာ​အ​ကျယ်​အ​ဝန်း​
15 အတွင်းဗိမာန်တော်ကို တိုင်းပြီးသည်နောက်၊ အရှေ့တံခါးပြင်သို့ ခေါ်သွား၍၊ 16 တိုင်းစရာကျူလုံးနှင့် အရှေ့မျက်နှာကိုတိုင်းလျှင် ကျူလုံးအပြန် ငါးရာရှိ၏။ 17 မြောက်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ၏။ 18 တောင်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ၏။ 19 အနောက်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ၏။ 20 လေးမျက်နှာကိုတိုင်း၍ ပတ်လည်၌ရှိသော တံတိုင်းသည် သန့်ရှင်းသောအရပ်၊ မသန့်ရှင်းသောအရပ်တို့ကို ပိုင်းခြားလျက်၊ အလျား အပြန်ငါးရာ၊ အနံလည်း အပြန်ငါးရာရှိ၏။