39
ဂေါ​ဂ​မင်း​ကျ​ဆုံး​ခြင်း​
သို့ဖြစ်၍၊ အချင်းလူသား၊ ဂေါဂတစ်ဖက်၌ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသော အို ဂေါဂမင်း၊ ငါသည်သင့်တစ်ဖက်၌နေ၏။ သင့်ကို ငါလှည့်၍ သွေးဆောင်မည်။ မြောက်မျက်နှာမှ ချီလာ၍ ဣသရေလတောင်တို့အပေါ်သို့ ရောက်စေမည်။ ထိုအခါ သင့်လက်ဝဲလက်မှ လေးကိုလည်းကောင်း၊ လက်ယာလက်မှ မြားတို့ကိုလည်းကောင်း၊ ငါရိုက်၍ကျစေမည်။ သင်နှင့် သင်၌ပါသော တပ်သားအပေါင်းတို့သည် ဣသရေလတောင်တို့အပေါ်မှာ လဲ၍သေကြလိမ့်မည်။ သင့်ကို အမျိုးမျိုးသော ငှက်ရဲ၊ သားရဲတို့ ကိုက်စားစရာဖို့ ငါအပ်မည်။ သင်သည် လွင်ပြင်၌လဲ၍ သေလိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ မာဂေါဂပြည်နှင့် ပင်လယ်ကမ်းနားမှာ ငြိမ်ဝပ်စွာနေသော သူတို့အပေါ်သို့ မီးကိုငါလွှတ်လိုက်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။ ထိုသို့ ငါ၏နာမမြတ်ကို ငါ၏လူ ဣသရေလအမျိုးသားတို့တွင် ထင်ရှားစေမည်။ နောက်တစ်ဖန် သူတို့သည် ငါ၏နာမမြတ်ကို မရှုတ်ချရကြ။ ငါသည် ဣသရေလအမျိုး၏သန့်ရှင်းသောဘုရား၊ ထာဝရဘုရားဖြစ်ကြောင်းကို တစ်ပါးအမျိုးသားတို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
တစ်ဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အမှုရောက်လေပြီ။ ပြည့်စုံလေပြီ။ ယခုနေ့ရက်သည် ငါမိန့်မြွက်နှင့်ပြီးသော နေ့ရက်ဖြစ်၏။ ဣသရေလမြို့တို့၌နေသောသူတို့သည် ထွက်သွား၍၊ စစ်တိုက်လက်နက်၊ ဒိုင်း၊ လွှား၊ လေး၊ မြား၊ တုတ်၊ လှံများကို ခုနစ်နှစ်ပတ်လုံး မီးရှို့ကြလိမ့်မည်။ 10 ထိုကာလတွင် ဥယျာဉ်၌ ထင်းမခွေ၊ တော၌မခုတ်မလှဲ၊ စစ်တိုက်လက်နက်တို့နှင့် မီးမွေးကြလိမ့်မည်။ ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးကြလိမ့်မည်။ လုယူသောသူတို့၏ ဥစ္စာကိုလည်းလုယူကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဂေါ​ဂ​မင်းကို​သင်္ဂြိုဟ်​ခြင်း
11 ထိုကာလတွင် ဣသရေလပြည်၊ အိုင်အရှေ့၊ ခရီးသွားရာချိုင့်၌ ထင်ရှားသောသင်္ချိုင်းကို ဂေါဂအား ငါပေးမည်။ ခရီသွားသော သူတို့သည် နှာခေါင်းကို ပိတ်ရကြလိမ့်မည်။ ထိုအရပ်၌ ဂေါဂနှင့် သူ၏လူအလုံးအရင်းရှိသမျှကို မြေ၌မြှုပ်၍၊ ထိုချိုင့်သည် ဟာမုန်ဂေါဂချိုင့်အမည်ဖြင့် တွင်လိမ့်မည်။ 12 ဣသရေလ အမျိုးသားတို့သည် ပြည်ကို သန့်ရှင်းစေခြင်းငှာ ခုနစ်နှစ်ပတ်လုံး မြေ၌မြှုပ်ကြလိမ့်မည်။ 13 ပြည်သားအပေါင်းတို့သည် ဝိုင်း၍မြေ၌မြှုပ်သဖြင့်၊ ငါ၏ဘုန်းပွင့်သော ထိုနေ့ရက်၌ သူတို့သည်လည်း ကျော်စောခြင်းသို့ ရောက်ကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ 14 အရပ်ရပ်လှည့်လည်၍ အခြားသောခရီးသည်တို့နှင့် ဝိုင်းလျက်၊ မြေပေါ်၌ကြွင်းသေးသော အလောင်းတို့ကို မြှုပ်၍၊ ထိုပြည်ကို သန့်ရှင်းစေခြင်းငှာ အစဉ်အမှုစောင့်သော သူတို့ကိုရွေးကောက်၍ ခန့်ထားရကြလိမ့်မည်။ ထိုသူတို့သည် ခုနစ်လမကရှာဖွေကြစဉ်တွင်၊ 15 လှည့်လည်၍ ခရီးသွားသောသူတို့သည် အသေကောင်၏အရိုးကိုတွေ့မြင်လျှင်၊ မြေ၌မြှုပ်သော သူတို့သည် ဟာမုန်ဂေါဂချိုင့်၌ မမြှုပ်မီတိုင်အောင်၊ အရိုး၏အနားမှာ မှတ်တိုင်ကိုစိုက်ရကြမည်။ 16 ထိုအရပ်၌ တည်သောမြို့သည်လည်း ဟာမုန်မြို့ဟူ၍တွင်သဖြင့်၊ ထိုသို့ပြည်တော်ကို သန့်ရှင်းစေကြလိမ့်မည်။
17 အချင်းလူသား၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ငှက်အမျိုးမျိုးတို့နှင့် မြေတိရစ္ဆာန်ခပ်သိမ်းတို့အား ဆင့်ဆိုရမည်မှာ၊ စည်းဝေး၍လာကြလော့။ ဣသရေလတောင်တို့အပေါ်၌ သင်တို့အဖို့ ငါစီရင်သောယဇ်ပွဲကြီးသို့ အရပ်ရပ်တို့ကစည်းဝေး၍၊ အသားအသွေးကို သောက်စားခြင်းငှာ လာကြလော့။Ref ၃၉:၁၇-၂၀။ ဗျာ ၁၉:၁၇-၁၈။ 18 သင်တို့သည် အားကြီးသောသူတို့၏အသား၊ လောကီမင်းတို့၏အသွေး၊ ဗာရှန်ပြည်၌ ဆူအောင်ကျွေးသော သိုးထီး၊ ဆိတ်ထီး၊ နွားလားဥသဘတို့၏ အသားအသွေးကို သောက်စားရကြလိမ့်မည်။ 19 သင်တို့အဖို့ ငါစီရင်သောယဇ်ပွဲ၌ ဆီဥကို ဝစွာ စားရကြလိမ့်မည်။ အသွေးနှင့် ယစ်မူးသည်တိုင်အောင် သောက်ရကြလိမ့်မည်။ 20 ထိုသို့စားပွဲ၌ မြင်း၊ မြင်းစီးသူရဲ၊ ခွန်အားကြီးသောသူ၊ စစ်တိုက်သောသူအမျိုးမျိုးတို့ကို ဝစွာစားရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဣသရေလပြည်ကိုပြန်လည်ထူထောင်
21 ငါ့ဘုန်းကိုလည်း တစ်ပါးအမျိုးသားတို့တွင် ငါထင်ရှားစေ၍၊ ငါစီရင်သောတရားမှုနှင့်၊ သူတို့၌ ငါတင်သောလက်ကို တစ်ပါးအမျိုးသားအပေါင်းတို့သည် မြင်ရကြလိမ့်မည်။ 22 ငါသည်သူတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို ဣသရေလအမျိုးသားတို့သည် ထိုနေ့မှစ၍ သိရကြလိမ့်မည်။ 23 ဣသရေလအမျိုးသားတို့သည် မိမိအမျိုးတို့အပြစ်ကြောင့် သိမ်းသွားခြင်းခံရကြောင်းကို တစ်ပါးအမျိုးသားတို့သည် သိရကြလိမ့်မည်။ ငါ့ကိုပြစ်မှားသောကြောင့်၊ ငါသည် မျက်နှာလွှဲ၍ ရန်သူတို့လက်သို့အပ်သဖြင့်၊ ထိုသူအပေါင်းတို့သည် ဓားဖြင့်လဲ၍ သေရကြပြီ။ 24 သူတို့ညစ်ညူးသောအမှု၊ လွန်ကျူးခြင်းအမှုတို့အတိုင်း ငါသည်ပြု၍ မျက်နှာကိုလွှဲပြီ။ 25 ဤအမှုတွင် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိမ်းသွားခြင်းကိုခံရသောယာကုပ်အမျိုးကို ငါတစ်ဖန်ဆောင်ခဲ့၍၊ ဣသရေလ အမျိုးသားအပေါင်းတို့ကို ကယ်မသနားသဖြင့်၊ ငါ၏နာမမြတ်အဖို့အလိုငှာ စိတ်အားကြီးမည်။ 26 သူတို့ကို လူအမျိုးမျိုးထဲက ငါခေါ်ခဲ့၍၊ 27 ရန်သူနေရာပြည်တို့မှ စုဝေးစေလျက်၊ သူတို့အားဖြင့် များစွာသော လူမျိုးတို့ရှေ့မှာ ငါသည်ချီးမြှောက်ခြင်းသို့ ရောက်သောအခါ၊ သူတို့သည် ကြောက်စေသောသူမရှိ၊ ငြိမ်ဝပ်စွာနေကြစဉ်တွင် ခံရဖူးသောအရှက်ကွဲခြင်းနှင့်၊ ငါ့အားပြစ်မှားခြင်းအပြစ်များကို အောက်မေ့ရကြလိမ့်မည်။ 28 ငါသည် သူတို့ကို တစ်ပါးအမျိုးသားတို့၏သိမ်းသွားခြင်းကို ခံစေသောကြောင့်လည်းကောင်း၊ နောက်တစ်ဖန် နေရင်းပြည်၌ စုဝေးစေ၍ နေရာချသောကြောင့်လည်းကောင်း၊ သူတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။ 29 ငါသည် ကိုယ်ဝိညာဉ်ကို ဣသရေလအမျိုးသားအပေါ်သို့သွန်းလောင်းသောအခါ၊ သူတို့တွင် တစ်ယောက်ကိုမျှ နောက်တစ်ဖန် ငါမစွန့်ပစ်၊ ငါ့မျက်နှာကိုလည်းမလွှဲဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။