30
အဲဂုတ္တုအတွက်မြည်တမ်းခြင်း
တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ သင်သည်ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောက်ရသောနေ့သည် အမင်္ဂလာရှိသည်ဟု အော်ဟစ်ကြလော့။ ထိုနေ့နီးပြီ။ ထာဝရဘုရား၏နေ့၊ မိုးအုံ့သောနေ့၊ တစ်ပါးအမျိုးသားဖို့ ချိန်းချက်သောအချိန်နီးပြီ။ ဓားဘေးသည် အဲဂုတ္တုပြည်သို့ ရောက်သဖြင့်၊ သူရဲတို့သည် လဲ၍သေကြသောအခါ၊ အဲသယောပိပြည် သည် ပူပန်လိမ့်မည်။ အလုံးအရင်းကိုပယ်ရှား၍ မူလအမြစ်ကို ဖြိုဖျက်ကြလိမ့်မည်။ အဲသယောပိပြည် သား၊ ဖုတပြည်သား၊ လုဒပြည်သား၊ အမျိုးမစစ်သောလူရှိသမျှ၊ ခုဘအမျိုးသား၊ မိတ်သဟာယဖွဲ့သော ပြည်သားတို့သည်၊ အဲဂုတ္တုပြည်သားတို့နှင့်တကွ ဓားဖြင့်လဲ၍ သေကြလိမ့်မည်။ အဲဂုတ္တုပြည်ကို ထောက်မသောသူတို့သည် လဲ၍သေကြသဖြင့်၊ အဲဂုတ္တုအစွမ်းသတ္တိ၏ ဂုဏ်အသရေသည် ဆုံးလိမ့်မည်။ မိဂဒေါလမြို့မှစ၍ သုဏေမြို့တိုင်အောင် အဲဂုတ္တုပြည်သားတို့သည် ဓားဖြင့်လဲ၍ သေကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ပျက်စီးသောပြည်တို့တွင် ပျက်စီးလျက်ရှိကြ၍၊ လူဆိတ်ညံသောမြို့တို့တွင် အဲဂုတ္တုမြို့တို့သည် ပါဝင်ကြလိမ့်မည်။ ငါသည် အဲဂုတ္တုပြည်၌ မီးညှိ၍ ထိုပြည်ကို မစသမျှသော သူတို့သည်ပျက်စီးကြသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။ ထိုအခါ စိုးရိမ်ခြင်းမရှိသော အဲသယောပိပြည် သားတို့ကို ကြောက်စေခြင်းငှာ၊ ငါစေလွှတ်သောတမန်တို့သည် သင်္ဘောစီး၍ သွားကြသဖြင့်၊ အဲဂုတ္တပြည်၏အချိန်၌ သူတို့သည်လည်း အလွန်ဆင်ရဲခြင်းသို့ ရောက်ရကြလိမ့်မည်။ ထိုအချိန်လည်းနီးပြီဟု မိန့်တော်မူ၏။
10 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအားဖြင့် အဲဂုတ္တုပြည်၏ အလုံးအရင်းကို ငါဖြတ်မည်။ 11 ထိုရှင်ဘုရင်နှင့်တကွ သူ၏လူများ၊ ကြောက်မက်ဖွယ်သောလူမျိုးများတို့သည် အဲဂုတ္တုပြည်ကို ဖျက်ဆီးခြင်းငှာလာ၍၊ ဓားကိုင်လျက် တစ်ပြည်လုံးကို သူရဲတို့နှင့် ပြည့်စေကြလိမ့်မည်။ 12 မြစ်တို့ကို ငါခန်းခြောက်စေ၍၊ အဓမ္မလူတို့အား ပြည်ကိုရောင်းလိုက်မည်။ တစ်ကျွန်းတစ်နိုင်ငံသားတို့လက်ဖြင့် ပြည်နှင့်တကွ ပြည်၌ပါသမျှကို ငါဖျက်ဆီးမည်။ ငါထာဝရဘုရားပြောပြီ။ 13 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရုပ်တုတို့ကို ငါဖျက်ဆီး၍၊ နောဖပြည်၌ ဆင်းတုတို့ကိုလည်း ပယ်ဖြတ်မည်။ နောက်တစ်ဖန် အဲဂုတ္တုမင်းမျိုး မရှိရ။ အဲဂုတ္တုပြည်သည် ကြောက်ရွံ့မည်အကြောင်းကို ငါပြုမည်။ 14 ပါသရုပြည်ကို ငါဖျက်မည်။ ဇောနမြို့ကိုလည်း မီးရှို့မည်။ နောမြို့ကိုလည်း အပြစ်ဒဏ်စီရင်မည်။ 15 အဲဂုတ္တုပြည်၏ အစွမ်းသတ္တိဖြစ်သော သိန်မြို့အပေါ်သို့ ငါသည် အမျက်ကိုသွန်းလောင်း၍၊ နောမြို့သား အလုံးအရင်းကို ပယ်ဖြတ်မည်။ 16 အဲဂုတ္တုပြည်၌ မီးညှိ၍ သိန်မြို့သည် တုန်လှုပ်ခြင်း၊ နောမြို့ရိုးသည် ပြိုပေါက်ခြင်း၊ နောဖမြို့သည် နေ့အချိန်၌ပင် စစ်တိုက်ခြင်းကို ခံရလိမ့်မည်။ 17 အာဝင်မြို့၊ ဖိဗေသက်မြို့သား လုလင်တို့သည် ဓားဖြင့်လဲ၍ သေကြသဖြင့်၊ မိန်းမတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်။ 18 တာပနက်မြို့၌ အဲဂုတ္တုလှံတံတို့ကို ငါချိုး၍၊ သူ့အစွမ်းသတ္တိ၏ဂုဏ်အသရေဆုံးသောအခါ နေ့အချိန်၌ အလင်းကွယ်လိမ့်မည်။ မိုးအုံ့၍ မြို့သမီးတို့သည် သိမ်းသွားခြင်းကိုခံရကြလိမ့်မည်။ 19 ထိုသို့ အဲဂုတ္တုပြည်၌ ငါသည်အပြစ်ဒဏ်စီရင်၍၊ ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
ဖာရောမင်းကို​ချိုး​နှိမ်​ခြင်း
20 သက္ကရာဇ် တစ်ဆယ်တစ်ခု၊ ပထမလ ခုနစ်ရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 21 အချင်းလူသား၊ အဲဂုတ္တုရှင်ဘုရင်ဖာရောမင်း၏ လက်ရုံးကို ငါချိုးပြီး။ ဆေးကု၍ မထုပ်ရ။ ဓားကိုင်စေဖို့ ပကတိခွန်အားရှိစေခြင်းငှာ အဝတ်နှင့် မစည်းရ။ 22 ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းတစ်ဖက်၌နေသဖြင့်၊ သူ၏လက်ရုံးတည်းဟူသော၊ ခိုင်မာသောလက်ရုံးနှင့် အရင်ချိုးသောလက်ရုံးကို ငါချိုး၍ ဓားကို သူ့လက်မှကျစေမည်။ 23 အဲဂုတ္တုလူတို့ကို အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကွဲပြားပြန့်လွင့်စေမည်။ 24 ဗာဗုလုန်ရှင်ဘုရင်ကို ငါခိုင်မာစေ၍၊ ငါ့ဓားကို သူ့လက်၌ အပ်မည်။ ဖာရောမင်း၏ လက်ရုံးတို့ကို ငါချိုးသဖြင့်၊ သူသည် အသေသတ်ခြင်းကိုခံရသောသူ အော်ဟစ်သကဲ့သို့၊ ဗာဗုလုန်ရှင်ဘုရင်ရှေ့မှာ အော်ဟစ်ရလိမ့်မည်။ 25 ဗာဗုလုန်ရှင်ဘုရင်၏လက်ရုံးတို့ကို ငါခိုင်မာစေမည်။ ဖာရောဘုရင်၏လက်မူကား၊ အောက်သို့ကျလိမ့်မည်။ ငါ့ဓားကို ဗာဗုလုန်ရှင်ဘုရင်လက်၌ ငါအပ်၍၊ သူသည် အဲဂုတ္တပြည်ကို ထိုဓားနှင့်ခုတ်သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့ သိရကြလိမ့်မည်။ 26 ထိုသို့ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်းအပြည်ပြည်တို့၌ ငါကွဲပြားပျံ့လွင့်စေမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။