3
တစ်ဖန်၊ အချင်းလူသား၊ သင်တွေ့သောအရာကို စားလော့။ ဤစာလိပ်ကို စားပြီးလျှင်၊ ဣသရေလအမျိုးသားတို့ရှိရာသို့ သွား၍ ဟောပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊Ref ၃:၁-၃။ ဗျာ ၁၀:၉-၁၀။ ငါသည် ပါးစပ်ကိုဖွင့်စဉ် ထိုစာလိပ်ကို ခွံ့တော်မူလျက်၊ အချင်းလူသား၊ ငါပေးသော ဤစာလိပ်ကို စား၍ ဝမ်းပြည့်စေလော့ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည်စား၍ ပါးစပ်၌ပျားရည်ကဲ့သို့ ချို၏။
တစ်ဖန်၊ အချင်းလူသား၊ ဣသရေလအမျိုးသားတို့ရှိရာသို့သွား၍ ငါ့စကားကို ဟောပြောလော့။ သင်မသိမကျွမ်း၊ နားလည်ခဲသော စကားကို ပြောတတ်သော လူမျိုးရှိရာသို့ သင့်ကို ငါစေလွှတ်သည် မဟုတ်။ ဣသရေလ အမျိုးရှိရာသို့ စေလွှတ်၏။ သင်မသိမကျွမ်း၊ နားလည်ခဲသောစကား၊ အလျှင်းနားမလည်နိုင်သော စကားကို ပြောတတ်သော လူအမျိုးမျိုးတို့ ရှိရာသို့ စေလွှတ်သည်မဟုတ်။ အကယ်၍ ထိုသို့သော သူတို့ရှိရာသို့စေလွှတ်လျှင်၊ သင့်စကားကို နားထောင်ကြလိမ့်မည်။ ဣသရေလအမျိုးတို့မူကား၊ သင့်စကားကို နားမထောင်ကြ။ ငါ့စကားကိုပင် နားမထောင်ကြ။ ဣသရေလအမျိုးသားအပေါင်းတို့သည် ခိုင်မာသော နဖူးနှင့် ခိုင်မာသော နှလုံးရှိကြ၏။ သို့ရာတွင်၊ သူတို့မျက်နှာတစ်ဖက်၌ သင်၏မျက်နှာကိုလည်းကောင်း၊ သူတို့နဖူးတစ်ဖက်၌ သင်၏နဖူးကိုလည်းကောင်း ငါခိုင်ခံ့စေပြီ။ သင်၏နဖူးကို ကျောက်ထက်မက၊ စိန်ထက်သာ၍ ခိုင်မာစေပြီ။ သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သင်သည် မကြောက်နှင့်။ သူတို့မျက်နှာရည်ကြောင့် စိတ်မပျက်နှင့်ဟု မိန့်တော်မူ၏။
10 တစ်ဖန်၊ အချင်းလူသား၊ သင့်အားငါပြောလတ္တံ့သမျှသောစကားတို့ကို နားထောင်၍ နှလုံးသွင်းလော့။ 11 သိမ်းသွားခြင်းကို ခံရသော သင်၏အမျိုးသားချင်းတို့ ရှိရာသို့သွား၍၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ဟု၊ သူတို့နားထောင်သည် ဖြစ်စေ၊ နားမထောင်သည် ဖြစ်စေ၊ ဟောပြောလော့ဟု မိန့်တော်မူ၏။
ခေဗာမြစ်နားမှယေဇကျေလ
12 ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီ၍၊ ထာဝရဘုရားကျိန်းဝပ်တော်မူရာ အရပ်မှ ဘုန်းတော်သည် မင်္ဂလာရှိစေသတည်းဟု၊ ငါ့နောက်၌ ကြီးစွာသော လှုပ်ရှားခြင်းအသံကို ငါကြား၏။ 13 တစ်ခုနှင့် တစ်ခု စပ်လျက်ရှိသော သတ္တဝါတို့၏အတောင်များ မြည်သံကိုလည်းကောင်း၊ သူတို့အနားမှာ ဘီးများမြည်သံကိုလည်းကောင်း၊ ကြီးစွာသော လှုပ်ရှားခြင်းအသံကိုလည်းကောင်း ငါကြားရ၏။ 14 ဝိညာဉ်တော်သည် ငါ့ကိုချီသွားတော်မူ၍၊ ငါသည်ခါးသောစိတ်၊ ပူပန်သောစိတ်နှင့် လိုက်ရ၏။ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာ လေးလံစွာတင်လျက်ရှိ၏။ 15 သိမ်းသွားခြင်းကိုခံရ၍၊ ခေဗာမြစ်နား၊ တေလဗိဗရွာမှာ နေရာကျသော သူတို့ရှိရာသို့ ငါရောက်၍၊ သူတို့နေရာအရပ်၌ ခုနစ်ရက်ပတ်လုံး မိန်းမောတွေဝေလျက်နေ၏။
ကင်း​စောင့်​အ​ဖြစ်ခန့်​ထား​ခြင်း
(ယေဇ ၃၃:၁-၉)
16 ခုနစ်ရက်လွန်မှ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ 17 အချင်းလူသား၊ သင့်ကို ဣသရေလအမျိုးတွင် ကင်းစောင့်အရာ၌ ငါခန့်ထားသောကြောင့်၊ ငါသတိပေးသော စကားကိုနားထောင်၍ သူတို့အား ဆင့်ဆိုလော့။ 18 သင်သည် အမှန်သေလိမ့်မည်ဟု၊ လူဆိုးအား ငါပြောလျက်နှင့် သင်သည် သတိမပေး၊ လူဆိုး၏ အသက်ကို ချမ်းသာစေခြင်းငှာ၊ လူဆိုးအား သတိပေးသောစကားကို မပြောဘဲနေလျှင် ထိုလူဆိုးသည် မိမိအပြစ်၌ သေလိမ့်မည်။ သူ၏အသက်ကိုကား၊ သင်၌ငါတောင်းမည်။ 19 သို့မဟုတ်၊ သင်သည် လူဆိုးကို သတိပေးလျက်နှင့် သူသည် မိမိပြုသော ဒုစရိုက်ကိုလည်းကောင်း၊ မိမိလိုက်သော အဓမ္မလမ်းကိုလည်းကောင်း မရှောင်ဘဲနေလျှင်၊ မိမိအပြစ်၌ သေလိမ့်မည်။ သင်မူကား၊ ကိုယ်အသက်ဝိညာဉ်ကို ကယ်နုတ်လေပြီ။ 20 တစ်ဖန်တုံ၊ ဖြောင့်မတ်သောသူသည် ဖောက်ပြန်၍ ဒုစရိုက်ကိုပြုလျှင်လည်းကောင်း၊ ထိမိ၍ လဲစရာအကြောင်းကို သူ့ရှေ့မှာ ငါထားလျှင်လည်းကောင်း သူသည် သေလိမ့်မည်။ သင်သည် သတိမပေးသောကြောင့်၊ သူသည် မိမိအပြစ်၌ သေလိမ့်မည်။ သူကျင့်ဖူးသော တရားကို ပမာဏမပြုရ။ သူ၏အသက်ကိုကား၊ သင်၌ငါတောင်းမည်။ 21 သို့မဟုတ်၊ ဖြောင့်မတ်သောသူသည် ဒုစရိုက်ကို မပြုမည်အကြောင်း၊ သင်သည်သတိပေး၍ သူသည် ဒုစရိုက်ကို မပြုဘဲနေလျှင်၊ သတိပေးသော ကျေးဇူးကြောင့် စင်စစ် အသက်ချမ်းသာလိမ့်မည်။ သင်သည်လည်း၊ ကိုယ်အသက်ဝိညာဉ်ကို ကယ်နုတ်လေပြီဟု မိန့်တော်မူ၏။
စ​ကား​မပြော​နိုင်​သောယေ​ဇ​ကျေ​လ
22 တစ်ဖန် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာတင်ပြီးလျှင်၊ သင်ထ၍ လွင်ပြင်သို့ သွားလော့။ ထိုအရပ်၌ ငါပြောမည်ဟု မိန့်တော်မူသည်အတိုင်း၊ 23 ငါသည် ထ၍ လွင်ပြင်သို့သွား၏။ ရောက်သောအခါခေဗာမြစ်နားမှာ ငါမြင်ဖူးသော ထာဝရဘုရား၏ဘုန်းတော်သည် ရပ်တော်မူ၍၊ ငါသည် ပျပ်ဝပ်လျက်နေ၏။ 24 ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်၍ မတ်တတ်နေစေလျက်၊ သင်သွားလော့။ ကိုယ်အိမ်၌ ပုန်းရှောင်၍ နေလော့။ 25 အချင်းလူသား၊ သင်သည် ကြိုးနှင့်ချည်နှောင်ခြင်းကိုခံ၍ သူတို့တွင် မထွက်ရ။ 26 သင်သည် သူတို့ကို မဆုံးမဘဲနေစေခြင်းငှာ၊ စကားအလျက် သင့်လျှာကို အာခေါင်၌ ကပ်စေမည်။ အကြောင်းမူကား၊ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်ကြ၏။ 27 သို့ရာတွင် သင့်အားငါပြောသောအခါ သင့်နှုတ်ကို ငါဖွင့်မည်။ သင်က၊ အရှင်ထာဝရဘုရားမိန့်တော်မူ၏ဟု သူတို့အား ဟောပြောရမည်။ နားထောင်သောသူသည် နားထောင်စေ၊ နားမထောင်သောသူသည် နားမထောင်ဘဲနေစေ။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်ကြသည်ဟု မိန့်တော်မူ၏။