27
တု​ရု​မြို့​အ​တွက်မြည်တမ်းခြင်း
တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ အချင်းလူသား၊ တုရုမြို့အတွက် မြည်တမ်းခြင်းကိုပြု၍၊ တုရုမြို့အား ဆင့်ဆိုရမည်မှာ၊ အို ပင်လယ်ဝ၌တည်သောမြို့၊ များစွာသော ကျွန်းသူကျွန်းသားတို့အဖို့ ကုန်သွယ်တတ်သောမြို့၊ သင့်ကို အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုတုရုမြို့၊ သင်က၊ ငါ၏တင့်တယ်ခြင်းစုံလင်ပြီဟု ဆိုတတ်၏။ သင်၏နံပါးတို့သည် ပင်လယ်ထဲမှာ ရှိ၏။ သင်၏ဗိသုကာတို့သည် သင့်ကိုစုံလင်စွာ တင့်တယ်စေခြင်းငှာ ပြုကြပြီ။ သင်၏ပျဉ်ပြားရှိသမျှတို့ကို စေနိရထင်း​ရှူး​သစ်သားဖြင့် လုပ်၍၊ ရွက်တိုင်ဖို့ လေဗနုန်အာရဇ်ပင်တို့ကို ယူကြပြီ။ ဗာရှန်သပိတ်သစ်သားဖြင့် တက်တို့ကိုလည်းကောင်း၊ ခိတ္တိမ်ကျွန်းတို့မှ ယူခဲ့၍ ဆင်စွယ်နှင့် စီချယ်သော တာရှုရသစ်သားဖြင့် ကန့်a ၂၇း၆ ကန့် ကုန်းပတ် (၁၉၃၃ ခုနှစ်ထုတ်မြန်မာသမ္မာကျမ်းစာ) တို့ကိုလည်းကောင်း လုပ်ကြပြီ။ အဲဂုတ္တုပြည်၌ ချယ်လှယ်သော ပိတ်ချောရွက်တို့ကိုဖြန့်၍၊ ဧလိရှကျွန်းတို့မှ ယူခဲ့သော အထည်ပြာ၊ အထည်မောင်းဖြင့်လုပ်သော မျက်နှာကြက်နှင့် ပြည့်စုံ၏။ ဇိဒုန်မြို့သား၊ အာဝဒ်မြို့သားတို့သည် သင်္ဘောသားဖြစ်၍၊ တုရုပညာရှိတို့သည် လမ်းပြမာလိန်ဖြစ်ကြ၏။ ဂေဗလလူကြီး၊ ပညာရှိတို့သည် သင့်ကို ပြုပြင်လျက် လိုက်ကြ၏။ ပင်လယ်ကူးတတ်သော သင်္ဘောရှိသမျှ၊ သင်္ဘောသားတို့နှင့်တကွ သင်နှင့် ဖောက်ကားရောင်းဝယ်ခြင်းငှာ ပါကြ၏။ 10 ပေရသိလူ၊ လုဒလူ၊ ဖုတလူတို့သည် သင်၏တပ်သား၊ စစ်သူရဲ လုပ်ကြ၏။ ဒိုင်း၊ လွှား၊ သံခမောက်လုံးတို့ကို ပြင်ဆင်၍၊ သင်၏ဂုဏ်အသရေကို ထင်ရှားစေကြ၏။ 11 အာဝဒ်အမျိုးသားတို့သည် သင်၏တပ်သားတို့နှင့်တကွ မြို့ရိုးပတ်လည်၌ စီးကြ၏။ ဂမ္မဒိမ်လူတို့သည် ပြအိုးတို့ကိုစောင့်၍၊ မြို့ရိုးပတ်လည်၌ မြားတောင့်တို့ကို ပြင်ဆင်သဖြင့်၊ သင်၏တင့်တယ်ခြင်းကို စုံလင်စေကြ၏။ 12 သင်၌ကုန်သွယ်ရန်ဥစ္စာများသောကြောင့်၊ တာရှုမြို့သည် ငွေ၊ သံ၊ သံဖြူ၊ ခဲတို့ကို သင့်ဝိုင်းသို့ယူခဲ့၍ သင်နှင့် ကုန်သွယ်ခြင်းကို ပြုလေ၏။ 13 ယာဝန်မြို့၊ တုဗလမြို့၊ မေရှက်မြို့တို့သည် သင်နှင့်ကုန်သွယ်၍၊ လူကျွန်တို့နှင့် ကြေးနီဖလားတို့ကို သင့်ဈေး၌ ရောင်းကြ၏။ 14 တောဂါမအမျိုးသားတို့သည် မြင်း၊ မြင်းစီးသူ၊ လားတို့ကို သင့်ဝိုင်း၌ သွင်းကြ၏။ 15 ဒေဒန်မြို့သားတို့သည်လည်း သင်နှင့်ကုန်သွယ်ကြ၏။ များစွာသော တစ်ကျွန်းတစ်နိုင်ငံအရပ်သားတို့သည် သင်လုပ်သောဥစ္စာကိုဝယ်၍၊ ဦးချို၊ ဆင်စွယ်၊ သစ်သားနက်ကိုပြန်ပေးကြ၏။ 16 သင်လုပ်သော ဥစ္စာများသောကြောင့် ရှုရိပြည်သည် သင်နှင့်ကုန်သွယ်၍၊ နပက်ကျောက်၊ ပြာသောအထည်၊ ခြယ်လှယ်သောအဝတ်၊ ပိတ်ချော၊ သန္တာ၊ ကျောက်နီတို့ကို သင့်ဝိုင်း၌ သွင်းကြ၏။ 17 ယုဒပြည်နှင့် ဣသရေလပြည်သည် သင်နှင့်ကုန်သွယ်၍၊ ဂျုံစပါး၊ မုရန်စေး၊ ပနက်စေး၊ ဗာလစံစေး၊ ဆီ၊ ပျားရည်တို့ကိုသင့်ဈေး၌ သွင်းကြ၏။ 18 ဒမာသက်မြို့သည် သင်လုပ်သော ဥစ္စာများ၊ စည်းစိမ်များပြားသောကြောင့်၊ ဟေလဗုန်စပျစ်ရည်၊ ဖြူသောသိုးမွေးကို ဖလှယ်လျက် ဖောက်ကားတတ်၏။ 19 ဝေဒန်မြို့နှင့် ယာဝန်ပြည် ဥဇာလမြို့သည်လည်း သံပြောင်ကို သင့်ဝိုင်းသို့ယူခဲ့၍၊ သင့်ဈေး၌ သစ်ကြံပိုးနှင့် ကြံလည်းရှိ၏။ 20 ဒေဒန်မြို့သည် မြင်းစီးသူရဲသုံးစရာ ချောသောအထည်မျိုးကိုရောင်း၍ သင်နှင့်ကုန်သွယ်၏။ 21 အာရပ်ပြည်နှင့် ကေဒါမင်းအပေါင်းတို့သည် သင်လုပ်သော ဥစ္စာကိုရခြင်းငှာ သိုးသငယ်၊ သိုးထီး၊ ဆိတ်များတို့နှင့် ဖလှယ်၍ ကုန်သွယ်ကြ၏။ 22 ရှေဘကုန်သည်၊ ရာဂမကုန်သည်တို့သည် သင်နှင့် ကုန်သွယ်၍ အမြတ်ဆုံးသော နံ့သာမျိုး၊ အဖိုးကြီးသော ကျောက်မျိုး၊ ရွှေမျိုးကို သင့်ဝိုင်း၌ သွင်းကြ၏။ 23 ခါရန်မြို့သား၊ ကန္နေမြို့သား၊ ဧဒင်မြို့သား၊ ရှေဘကုန်သည်၊ အာရှုရိကုန်သည်၊ ခိလမဒ်ကုန်သည်တို့လည်း၊ သင်နှင့်ကုန်သွယ်၍၊ 24 ထူးဆန်းသော ဥစ္စာ၊ ပြာသောအထည်၊ ခြယ်လှယ်သောအထည်၊ အဖိုးထိုက်သော အဝတ်တန်ဆာပါ၍၊ ကြိုးနှင့်ပတ်ရစ်သော အာရဇ်သေတ္တာတို့ကို သင်၏ကုန်ထဲသို့ သွင်းကြ၏။ 25 တာရှုသင်္ဘောသားတို့သည် သင်၏ကုန်ကိုဆောင်လျက် သွားလာသဖြင့်၊ သင်သည် ပင်လယ်အလယ်၌ ကြွယ်ဝ၍ အလွန်ဘုန်းကြီးလေ၏။Ref ၂၇:၂၅-၂၆။ ဗျာ ၁၈:၁၁-၁၉။
26 ယခုမူကား၊ သင်၏တက်ခတ်သားတို့သည် သင့်ကို ကြီးစွာသောရေထဲသို့ ဆောင်သွား၍၊ အရှေ့လေသည်လည်း ပင်လယ်အလယ်၌ ချိုးလေပြီ။ 27 သင်သည် လဲပျက်သောအခါ သင်၏ဥစ္စာ၊ ဝိုင်း၊b၂၇း၂၇ ဝိုင်း ဘဏ္ဍာ (၁၉၃၃ ခုနှစ်ထုတ်မြန်မာသမ္မာ ကျမ်းစာ) ကုန်၊ သင်္ဘောသား၊ လမ်းပြမာလိန်၊ ပြုပြင်သူ၊ ကုန်သည်၊ စစ်သူရဲအလုံးအရင်း ပါသမျှတို့သည် ပင်လယ်အလယ်၌ကျရကြလိမ့်မည်။ 28 သင်၏လမ်းပြမာလိန်တို့အော်ဟစ်သံကြောင့်၊ ပတ်ဝန်းကျင်အရပ်တို့သည် လှုပ်ရှားကြလိမ့်မည်။ 29 တက်ခတ်သောသူအပေါင်းတို့သည် သင်္ဘောမှဆင်း၍၊ သင်္ဘောသားများနှင့် ပင်လယ်လမ်းပြ မာလိန်အပေါင်းတို့သည် ကုန်းပေါ်မှာရပ်လျက်၊ 30 သင့်အဖို့အော်ဟစ်၍ ပြင်းစွာငိုကြွေးကြလိမ့်မည်။ မြေမှုန့်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်၍ ပြာ၌လူးကြလိမ့်မည်။ 31 ဆံပင်ကိုလည်းဖြတ်၍ လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ညှိုးငယ်သောစိတ်နှင့် သင့်အဖို့ ပြင်းစွာ ငိုကြွေးမြည်တမ်းရသည်ကား၊ 32 ပင်လယ်အလယ်၌ ဆုံးသောမြို့တည်းဟူသော တုရုမြို့နှင့် အဘယ်မြို့တူသနည်း။ 33 သင်၏ဥစ္စာတို့သည် ပင်လယ်လမ်းဖြင့်ထွက်သွားသောအခါ၊ လူမျိုးများတို့ကို ရောင့်ရဲစေ၍၊ များပြားသောဥစ္စာ၊ ကုန်စလယ်တို့ဖြင့် လောကီရှင်ဘုရင်တို့ကို ကြွယ်ဝစေတတ်၏။ 34 ယခုမူကား၊ သင်သည် ပင်လယ်၌လည်းကောင်း၊ သင့်ကုန်သွယ်ရန် ဥစ္စာတို့သည် လှိုင်းတံပိုးအလယ်၌လည်းကောင်း၊ ကျိုးပဲ့၍၊ သင်နှင့်ပါသောသူ အပေါင်းတို့သည် ဆုံးရှုံးကြပြီ။ 35 ကျွန်းသူကျွန်းသားအပေါင်းတို့သည် သင့်အမှုကြောင့် မိန်းမောတွေဝေ၍၊ ရှင်ဘုရင်တို့သည် မျက်နှာပျက်လျက် ကြက်သီးမွေးညင်း ထကြ၏။ 36 အမျိုးမျိုးသော ကုန်သည်တို့သည် သင့်အားကဲ့ရဲ့သံကို ပြုကြ၏။ သင်သည် ကြောက်မက်ဖွယ်ဖြစ်လေပြီတကား။ နောက်တစ်ဖန် မပေါ်လာရပါတကားဟု ငိုကြွေးမြည်တမ်းကြလိမ့်မည်ဟု မိန့်တော်မူ၏။