2
ယေ​ဇ​ကျေ​လ​ကိုခေါ်​ယူ​တော်​မူ​ခြင်း
ထိုဗျာဒိတ်ရူပါရုံကို ငါသည်မြင်သောအခါ ပျပ်ဝပ်လျက်နေ၏။ တစ်ဦးသောသူကလည်း၊ အချင်းလူသား၊ မတ်တတ်နေလော့။ သင့်အား ငါပြောမည်ဟု ငါ့အားဆိုသံကို ငါကြား၏။ ထိုသို့ဆိုသောအခါ ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်၍ မတ်တတ်နေစေသဖြင့်၊ ငါနှင့်ပြောသောသူ၏ စကားကို ငါကြားသည်ကား၊ အချင်းလူသား၊ ငါ့ကိုပုန်ကန်တတ်သော အမျိုးတည်းဟူသော၊ ယနေ့တိုင်အောင် ဘိုးဘေးတို့နှင့်တကွ ငါတို့အစဉ်ပုန်ကန်၍၊ ပြစ်မှားသော ဣသရေလအမျိုးသားတို့ ရှိရာသို့ သင့်ကိုငါစေလွှတ်မည်။ ရဲသောမျက်နှာနှင့် ခိုင်မာသော နှလုံးရှိသော အမျိုးသားတို့ရှိရာသို့ သင့်ကို ငါစေလွှတ်၍၊ သင်က၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု သူတို့အားပြောရမည်။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်၍၊ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ မိမိတို့တွင် ပရောဖက်ရှိသည်ကို သိရကြမည်။ အချင်းလူသား၊ သင်သည် ဆူးပင်အမျိုးမျိုးနှင့် တွေ့၍၊ ကင်းမြီးကောက်တို့တွင် နေရသော်လည်း သူတို့ကို မကြောက်နှင့်။ သူတို့စကားကိုလည်း မကြောက်နှင့်။ သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သူတို့စကားကို မကြောက်နှင့်။ သူတို့ မျက်နှာရည်ကြောင့် စိတ်မပျက်နှင့်။ သူတို့သည် အလွန်ပုန်ကန်တတ်သောသဘောရှိသည်ဖြစ်၍၊ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည် ဖြစ်စေ၊ ငါ့စကားကို သူတို့အား ဟောပြောရမည်။ အချင်းလူသား၊ ငါပြောသောစကားကို နားထောင်လော့။ ထိုပုန်ကန်တတ်သော အမျိုးကဲ့သို့ ပုန်ကန်သောသဘော မရှိနှင့်။ သင့်ပါးစပ်ကို ဖွင့်၍ ငါပေးသောအရာကို စားလော့ဟု မိန့်တော်မူလျှင်၊ ငါကြည့်၍ စာလိပ်ပါသောလက်သည် ငါ့ဆီသို့ ဆန့်လျက်ရှိ၏။Ref ၂:၉-၁၀။ ဗျာ ၅:၁။ 10 ထိုစာလိပ်ကို ငါ့ရှေ့မှာဖွင့်ဖြန့်သောအခါ၊ တစ်ဖက်တစ်ချက်၌အက္ခရာတင်၍ ငိုကြွေးမြည်တမ်းခြင်းအချက်၊ စိတ်မသာညည်းတွားခြင်း အချက်၊ အမင်္ဂလာအချက်များ ပါသတည်း။