11
မတရားတိုင်ပင်သူကို​အပြစ်​ပေး​ခြင်း
ထိုနောက် ဝိညာဉ်တော်သည် ငါ့ကိုချီ၍၊ အရှေ့ဘက်သို့မျက်နှာပြုသော ထာဝရဘုရား၏အိမ်တော် အရှေ့တံခါးသို့ ဆောင်သွား၍၊ တံခါးဝ၌ လူနှစ်ကျိပ်ငါးယောက် ရှိ၏။ သူတို့တွင် မင်းပြုသောသူ၊ အဇုရသားယာဇညာ၊ ဗေနာယသား ပေလတိတို့ကို ငါမြင်၏။ ဗျာဒိတ်တော်အသံကား၊ အချင်းလူသား၊ ဤသူတို့သည် မကောင်းသောအကြံကိုကြံစည်၍၊ ဤမြို့၌ မတရားသော တိုင်ပင်ခြင်းကို ပြုသောသူဖြစ်ကြ၏။ သူတို့က၊ အမှုမရောက်သေး။ အိမ်ဆောက်ကြကုန်အံ့။ ဤမြို့သည် အိုးကင်း၊ ငါတို့သည် အမဲသားဖြစ်သည်ဟု ဆိုတတ်ကြ၏။ သို့ဖြစ်၍ အိုလူသား၊ သူတို့တစ်ဖက်၌ ပရောဖက်ပြု၍ ဟောပြောလော့ဟု မိန့်တော်မူ၏။ ထိုအခါ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်သို့ သက်ရောက်၍၊ သင်သည်ဟောပြောလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ဣသရေလအမျိုး၊ သင်တို့သည် ဤသို့ပြောဆိုကြပြီ။ သင်တို့ ကြံစည်သမျှတို့ကို ငါသိ၏။ သင်တို့သည် ဤမြို့၌သူရဲတို့ကို များပြားစေ၍၊ မြို့လမ်းတို့ကို သူရဲများနှင့် ပြည့်စေကြပြီ။ ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ထားသော သူရဲတို့သည် အမဲသားဖြစ်၏။ ဤမြို့သည် အိုးကင်းဖြစ်၏။ သို့သော်လည်း၊ သင်တို့ကို မြို့ထဲကငါထုတ်မည်။ သင်တို့သည် ဓားကိုကြောက်သည်ဖြစ်၍၊ ငါသည် ထိုဓားကို သင်တို့အပေါ်သို့ ရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ငါသည် သင်တို့ကို မြို့ထဲကထုတ်ပြီးလျှင်၊ တစ်ကျွန်းတစ်နိုင်ငံသားတို့၏ လက်သို့အပ်၍ အပြစ်ဒဏ်ကို စီရင်မည်။ 10 သင်တို့သည် ဓားဖြင့်ဆုံးရှုံးကြ၍၊ ဣသရေလပြည်စွန်းမှာ ငါစစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ 11 ဤမြို့သည် သင်တို့၏ အိုးကင်းမဖြစ်ရ၊ သင်တို့သည်လည်း၊ အိုးကင်း၌ အမဲသားမဖြစ်ရကြ။ ဣသရေလပြည်စွန်းမှာ ငါစစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ 12 အကြောင်းမူကား၊ သင်တို့သည် ငါ၏တရားလမ်းသို့ မလိုက်၊ ငါ့စီရင်ချက်တို့ကို မစောင့်၊ သင်တို့ပတ်လည်၌ နေသော လူမျိုးတို့၏ ထုံးစံဓလေ့တို့ကိုလိုက်ကြပြီဟု မိန့်တော်မူ၏။ 13 ထိုဗျာဒိတ်တော်စကားကို ငါသည်ဆင့်ဆို၍ ဟောပြောစဉ်တွင်၊ ဗေနာယသား ပေလတိသည် သေ၏။ ငါသည်လည်း ပျပ်ဝပ်၍၊ အို အရှင်ထာဝရဘုရား၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့ကို ဆုံးရှုံးစေတော်မူမည်လောဟု ကျယ်သောအသံနှင့် ကြွေးကြော်၏။
ပြန်လည်ပြုပြင်ပေးမည့်က​တိတော်
14 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 15 အချင်းလူသား၊ ယေရုရှလင် မြို့သူမြို့သားတို့က၊ ထာဝရဘုရားထံတော်မှ ဝေးစွာထွက်သွားကြလော့။ ဤပြည်ကို ငါတို့အား အပိုင်ပေးတော်မူပြီဟု သင်၏ညီအစ်ကို၊ သင်၏အမျိုးသားချင်း၊ ဣသရေလ အမျိုးသားအပေါင်းတို့အား ဆိုတတ်ကြ၏။ 16 ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏အမျိုးသားချင်းတို့ကို တစ်ပါးအမျိုးသားတို့ နေရာဝေးသောအရပ်သို့ ငါပြောင်းစေ၍၊ အတိုင်းတိုင်းအပြည်ပြည်တို့၌ ဖြန့်ကြဲသော်လည်း၊ သူတို့ရောက်သောပြည်တို့၌ ငါသည်သူတို့အဖို့ သန့်ရှင်းရာဌာနကဲ့သို့ ခဏဖြစ်လိမ့်မည်။ 17 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့ကို ဖြန့်ကြဲသော လူအမျိုးမျိုးနေရာ အတိုင်းတိုင်းအပြည်ပြည်တို့မှ ငါသိမ်းယူ၍၊ စုဝေးပြီးလျှင်၊ ဣသရေလပြည်ကို ပေးမည်။ 18 သူတို့သည် ထိုပြည်သို့ရောက်၍၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုအရာရှိသမျှတို့ကို ပယ်ရှားကြလိမ့်မည်။ 19 ငါသည်လည်း၊ ညီညွတ်သောစိတ်နှလုံးနှင့် အသစ်သောသဘောကို သွင်းပေးမည်။ သူတို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကိုနုတ်၍၊ အသားနှလုံးကို ပေးသောကြောင့်၊Ref ၁၁:၁၉-၂၀။ ယေဇ ၃၆:၂၆-၂၈။ 20 သူတို့သည် ငါစီရင်ထုံးဖွဲ့သော ပညတ်တရားလမ်းသို့လိုက်၍ စောင့်ရှောက်သဖြင့်၊ ငါ၏လူ ဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်။ 21 သို့မဟုတ်လျှင်၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုအရာတို့၏အလိုသို့ စိတ်နှလုံးအားဖြင့် လိုက်သောသူတို့၏အပြစ်ကို၊ သူတို့၏ခေါင်းပေါ်သို့ ငါရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဘုန်း​အ​သ​ရေ​တော်ထွက်​ခွာ​သွား​ခြင်း
22 ထိုအခါ ခေရုဗိမ်တို့သည် အတောင်တို့ကို ဖြန့်၍၊ ဘီးတို့သည်လည်း လိုက်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင့် ဘုန်းတော်သည်လည်း သူတို့အပေါ်၌ ရှိတော်မူ၏။Ref ၁၁:၂၂-၂၃။ ယေဇ ၄၃:၂-၅။ 23 ထာဝရဘုရား၏ ဘုန်းတော်သည် မြို့ထဲကတက်၍၊ မြို့အရှေ့မှာရှိသော တောင်ပေါ်၌ ရပ်တော်မူ၏။ 24 ဝိညာဉ်တော်သည်လည်း၊ ဘုရားသခင်၏ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကိုချီ၍ သိမ်းသွားသော သူတို့နေရာ၊ ခါလဒဲပြည်သို့ ဆောင်သွားတော်မူ၏။ ငါမြင်ခဲ့ပြီးသော ဗျာဒိတ်ရူပါရုံသည်လည်း ငါနှင့်ကွာ၍ တက်သွား၏။ 25 ထာဝရဘုရား ပြတော်မူခဲ့ပြီးသော အမှုအရာရှိသမျှတို့ကို ငါသည် သိမ်းသွားခြင်းကိုခံရသော သူတို့အား ကြားပြောလေ၏။