21
လက်​သည်​မ​ပေါ်​သော​လူ​သတ်​မှု​
သင်၏ ဘုရားသခင်ထာဝရဘုရားအပိုင်ပေးတော်မူသောပြည်တွင်၊ လွတ်လပ်သောအရပ်၌ လူအသေကောင်ရှိသည်ကိုတွေ့၍၊ အဘယ်သူသတ်သည်ကို မသိလျှင်၊ သင်၌ အသက်ကြီးသူ၊ တရားသူကြီးတို့သည် ထွက်၍၊ ပတ်ဝန်းကျင်မြို့ရွာများတိုင်အောင် တိုင်းထွာရကြမည်။ အသေကောင်နှင့် အနီးဆုံးသောမြို့၌ အသက်ကြီးသူတို့သည် ထမ်းပိုးတင်ခြင်း၊ စေခိုင်းခြင်းကို မပြုဖူးသေးသော နွားသငယ်ကိုယူ၍၊ လယ်မလုပ် မျိုးစေ့မကြဲနိုင်အောင် ရေမပြတ်သောချောင်းသို့ ဆောင်သွား၍၊ ထိုချောင်း၌ နွားလည်ပင်းကို ဖြတ်ပြီးမှ၊ သင်၏ဘုရားသခင် ထာဝရဘုရားအမှုတော်ကို ဆောင်ရွက်စေခြင်းငှာလည်းကောင်း၊ ထာဝရဘုရားအခွင့်နှင့် ကောင်းချီးပေးစေခြင်းငှာလည်းကောင်း ရွေးချယ်တော်မူသော လေဝိသားယဇ်ပုရောဟိတ်တို့သည် ချဉ်း၍ တရားတွေ့ခြင်းအမှု၊ ရိုက်ပုတ်ခြင်းအမှု ရှိသမျှတို့ကို စီရင်ဆုံးဖြတ်ရကြမည်။ အသေကောင်နှင့် အနီးဆုံးသောမြို့သား အသက်ကြီးသူအပေါင်းတို့သည်၊ ထိုချောင်း၌ လည်ပင်းဖြတ်ပြီးသော နွားမအပေါ်မှာ မိမိတို့လက်ကိုဆေးလျက်၊ ငါတို့လက်သည် ဤအသွေးကို မသွန်း၊ ငါတို့မျက်စိသည် မမြင်။ အိုထာဝရဘုရား၊ ရွေးတော်မူသော ကိုယ်တော်၏လူ ဣသရေလအမျိုးကို သနားတော်မူပါ။ မသေထိုက်သောသူကို သတ်သောအပြစ်သည် ကိုယ်တော်၏လူ ဣသရေလအမျိုးအပေါ်သို့ ရောက်စေတော်မမူပါနှင့်ဟု မြွက်ဆိုရကြမည်။ သို့ပြုလျှင် အသက်ကိုသတ်သော အပြစ်လွတ်လိမ့်မည်။ ထိုသို့ သင်သည် ထာဝရဘုရားရှေ့တော်၌ ကောင်းသောအမှုကို ပြုသောအခါ၊ မသေထိုက်သောသူ၏ အသွေးကို ပယ်ရှင်းရလိမ့်မည်။
အ​မျိုး​သ​မီး​စစ်​သုံ့​ပန်း​များ​
10 သင်သည် ရန်သူတို့ကို စစ်တိုက်သွား၍ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင့်လက်၌ အပ်တော်မူသဖြင့်၊ သင်သည် ဖမ်းယူသောအခါ၊ 11 ဖမ်းယူသောသူတို့တွင် အဆင်းလှသောမိန်းမကို မြင်၍ စုံဖက်ခြင်းငှာအလိုရှိလျှင်၊ 12 သင့်အိမ်သို့ သူ့ကိုခေါ်သွား၍၊ သူသည် ဦးဆံရိတ်ခြင်း၊ လက်သည်းလှီးဖြတ်ခြင်းကိုပြုလျက်၊ 13 ဖမ်းယူရာအဝတ်ကို ချွတ်ပယ်၍ တစ်လပတ်လုံး မိဘတို့ကို မြည်တမ်းလျက် သင့်အိမ်၌နေပြီးသောနောက်၊ သင်သည် သူနှင့်စုံဖက်၍ သူသည် သင်၏မယားဖြစ်မည်။ 14 နောက်တစ်ဖန် သူ့ကိုမချစ်လျှင်၊ သူ့အလိုအလျောက် သွားသောအခွင့်ကို ပေးရမည်။ သူ့ကိုရှုတ်ချသောကြောင့် ငွေနှင့်မရောင်းရ၊ ကျွန်အရာ၌ မထားရ။
သား​ဦး​အ​မွေ​
15 လင်ချစ်သော မယား၊ မုန်းသော မယားနှစ်ယောက်တို့သည် သားကိုဖွား၍၊ အဦးဖွားသောသားသည် မုန်းသောမယား၏သားဖြစ်လျှင်၊ 16 ထိုသူသည် မိမိအမွေဥစ္စာကို ဝေသောအခါ၊ မုန်းသောမယား၏သားဦးကို နှိမ့်ချ၍ ချစ်သောမယား၏သားကို သားဦးအရာ၌ မချီးမြှောက်ရ။ 17 မုန်းသောမယား၏သားသည် သားဦးဖြစ်သည်ဟု ဝန်ခံ၍၊ နှစ်ဆသော အမွေဥစ္စာကို သူ့အားပေးရမည်။ အကြောင်းမူကား၊ ထိုသားသည်အဘ၏ ခွန်အားအစဦးဖြစ်၏။ သားဦးအရိုက်အရာနှင့် ဆိုင်ပေ၏။
ပုန်ကန်​သော​သား
18 အဘ၌ ဆိုးသောသား၊ ခက်ထန်သောသဘောရှိ၍ မိဘစကားကို နားမထောင်သောသား၊ မိဘတို့ဆုံးမသော်လည်း ဆုံးမခြင်းကို မခံသောသားရှိလျှင်၊ 19 မိဘတို့သည် ထိုသားကို ဆွဲကိုင်၍၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ဆောင်ခဲ့ပြီးလျှင်၊ 20 အကျွန်ုပ်တို့သားသည် ဆိုးသောသူ၊ ခက်ထန်သောသဘောရှိ၍ အကျွန်ုပ်တို့စကားကို နားမထောင်သောသူဖြစ်ပါ၏။ စားကြူးသောသူ၊ သောက်ကြူးသောသူဖြစ်ပါ၏ဟု မြို့၌ အသက်ကြီးသူတို့အား လျှောက်ဆိုရမည်။ 21 မြို့သားယောက်ျားအပေါင်းတို့သည် ထိုသားကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားသဖြင့်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုသတင်းကိုကြား၍ ကြောက်ရွံ့ခြင်းရှိကြလိမ့်မည်။
အ​ထွေ​ထွေ​ပ​ညတ်​များ​
22 သေထိုက်သော အပြစ်ရှိသောသူကို သစ်တိုင်၌ ဆွဲ၍သတ်လျှင်၊ 23 အသေကောင်ကို သစ်တိုင်၌ တစ်ညလုံးမထားရ။ ထိုနေ့ချင်းတွင် မြေ၌ဆက်ဆက်မြှုပ်ရမည်။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူသည် ကျိန်ခြင်းကို ခံရသောသူဖြစ်၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဖို့ ပေးတော်မူသောပြည်သည် မညစ်ညူးစေမည်အကြောင်း ထိုသို့ပြုရမည်။Ref ၂၁:၂၃။ ဂလ ၃:၁၃။