2
တောထဲတွင်နေ​ရ​သော​နှစ်​များ
တစ်ဖန် ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်အတိုင်း၊ ငါတို့သည်လှည့်၍၊ ဧဒုံပင်လယ်လမ်းဖြင့် တောသို့ခရီးသွားလျက်၊ စိရတောင်ကို ကြာမြင့်စွာလှည့်လည်ကြ၏။Ref ၂:၁။ တော ၂၁:၄။ ထာဝရဘုရားကလည်း၊ သင်တို့သည် ကာလအချိန်စေ့အောင် ဤတောင်ကို လှည့်လည်ကြပြီ။ တစ်ဖန် မြောက်မျက်နှာသို့ သွားကြဦးလော့။ သင်သည် လူများတို့အားဆင့်ဆိုရမည်မှာ၊ သင်တို့၏ညီအစ်ကို ဧသောအမျိုးသားတို့နေသော စိရပြည်အနားမှာ သင်တို့လျှောက်သွားသောအခါ၊ သူတို့သည် ကြောက်ကြလိမ့်မည်။ ထိုကြောင့် သတိပြုကြလော့။Ref ၂:၄။ က ၃၆:၈။ သူတို့ကိုအလျှင်းမပြုကြနှင့်။ သူတို့ပြည်ကို သင်တို့အားငါမပေး။ ခြေနင်းရာခန့်ကိုမျှ မပေး။ စိရတောင်ကို ဧသောအား ငါအပိုင်ပေးပြီ။ သင်တို့သည်စားဖို့ရာအစာကိုလည်းကောင်း၊ သောက်ဖို့ရာရေကိုလည်းကောင်း သူတို့ထံ ငွေနှင့်ဝယ်ရကြမည်။ သင်တို့ပြုလေရာရာ၌ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ကောင်ချီးပေးတော်မူပြီ။ ဤတောကြီး၌ သင်တို့လှည့်လည်သော အကြောင်းအရာတို့ကို သိတော်မူ၏။ အနှစ်လေးဆယ်ပတ်လုံး သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မူသည်ဖြစ်၍၊ သင်တို့၌ဘာမျှမလိုဟု ဆင့်ဆိုရ၏။
စိရပြည်မှာနေသော ငါတို့ညီအစ်ကို ဧသောအမျိုးသားတို့အနား၌ လျှောက်လျက် ဧလပ်မြို့၊ ဧဇယုန်ဂါဗာမြို့မှသွားသော လွင်ပြင်လမ်းသို့လိုက်ပြီးလျှင်၊ တစ်ဖန်လှည့်၍ မောဘတောလမ်းဖြင့် သွားကြ၏။ ထာဝရဘုရားကလည်း၊ မောဘပြည်သားတို့ကို မနှောင့်ယှက်နှင့်။ စစ်မတိုက်နှင့်။ သူတို့ပြည်ကို သင့်အားငါအပိုင်မပေး။ အာရပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အားမိန့်တော်မူ၏။Ref ၂:၉။ က ၁၉:၃၇။ 10 ရှေးကာလ၌ အာနကအမျိုးသားကဲ့သို့ ကြီးမြင့်များပြားသောလူ၊ ဧမိမ်အမျိုးသားတို့သည် ထိုပြည်မှာနေကြ၏။ 11 ထိုသူတို့သည် အာနကအမျိုးသားကဲ့သို့ အလွန်ကြီးမားသော လူတို့အဝင်ဖြစ်သည်ကို လူများထင်မှတ်ကြ၏။ သို့ရာတွင် မောဘပြည်သားတို့သည် ထိုသူတို့ကို ဧမိမ်ဟူ၍ခေါ်ကြ၏။ 12 ရှေးကာလ၌ ဟောရိလူတို့သည်လည်း စိရပြည်မှာနေကြ၏။ ထိုသူတို့ကို ဧသောအမျိုးသားတို့သည် သုတ်သင်ပယ်ရှင်း၍ သူတို့နေရာ၌နေကြ၏။ ထိုအတူ ထာဝရဘုရား အပိုင်ပေးတော်မူသောပြည်ကို ဣသရေလအမျိုးသားတို့သည် ပြုရကြသတည်း။ 13 ယခုထ၍ ဇေရက်ချောင်းကိုကူးကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သင်တို့သည် ဇေရက်ချောင်းကို ကူးကြ၏။ 14 ကာဒေရှဗာနာအရပ်သို့ အရင်ရောက်သောကာလမှစ၍ ဇေရက်ချောင်းကို ကူးသောကာလတိုင်အောင် နှစ်ပေါင်းသုံးဆယ်ရှစ်နှစ် လွန်သတည်း။ ထာဝရဘုရား ကျိန်ဆိုတော်မူသည်အတိုင်း၊ အရင်စစ်သူရဲမျိုးအပေါင်းတို့သည် လူအလုံးအရင်းထဲက သေကြေကွယ်ပျောက်ရကြ၏။Ref ၂:၁၄။ တော ၁၄:၂၈-၃၅။ 15 ထိုသူတို့ မကွယ်မပျောက်မီတိုင်အောင်၊ ထာဝရဘုရားသည် သူတို့ကို အလုံးအရင်းထဲကပယ်ရှားခြင်းငှာ လက်တော်ကို ဆန့်တော်မူ၏။
16 စစ်သူရဲအပေါင်းတို့သည် လူစုထဲက သေကြေကွယ်ပျောက်ပြီးမှ၊ 17 ထာဝရဘုရားက၊ သင်သည်မောဘပြည်၊ အာရနယ်အလယ်၌ ယနေ့လျှောက်သွားရမည်။ 18 အမ္မုန်အမျိုးသားတို့အနီးသို့ ရောက်သောအခါ သူတို့ကိုမနှောင့်ယှက်နှင့်၊ အလျှင်းမပြုနှင့်။ 19 အမ္မုန်အမျိုးသားနေသောပြည်ကို သင့်အားငါအပိုင်မပေး၊ ထိုပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အားမိန့်တော်မူ၏။Ref ၂:၁၉။ က ၁၉:၃၈။ 20 ထိုပြည်ကိုလည်း၊ အလွန်ကြီးမားသော သူတို့၏နေရာဖြစ်သည်ဟု လူများထင်မှတ်ကြ၏။ ရှေးကာလ၌ ထိုသို့သောလူတို့သည် နေကြ၏။ သူတို့ကို အမ္မုန်ပြည်သားတို့သည် ဇံဇုမ္မိမ်ဟူ၍ ခေါ်ကြ၏။ 21 ထိုလူမျိုးသည် အာနကအမျိုးသားကဲ့သို့ ကြီးမြင့်များပြားသောလူ ဖြစ်ကြ၏။ 22 သို့သော်လည်း စိရပြည်၌နေသော ဧသောအမျိုးသားရှေ့မှာ ဟောရိလူတို့ကို ထာဝရဘုရားဖျက်ဆီးတော်မူသဖြင့်၊ သူတို့နေရာ၌ ဧသောအမျိုးသားတို့သည် ယနေ့တိုင်အောင်နေကြသကဲ့သို့၊ အမ္မုန်အမျိုးသားတို့ရှေ့မှာ ဇံဇုမ္မိမ်လူတို့ကို သုတ်သင်ပယ်ရှင်းတော်မူသဖြင့်၊ သူတို့နေရာ၌ အမ္မုန်အမျိုးသားတို့သည် နေကြ၏။ 23 ထိုအတူ၊ ဟာဇရိမ်မြို့မှစ၍ အဇ္ဇာမြို့တိုင်အောင်နေဖူးသော အာဝိမ်လူတို့ကို၊ ကတ္တောရမြို့မှထွက်သော ကတ္တောရိမ်လူတို့သည် ဖျက်ဆီး၍ သူတို့နေရာ၌နေကြ၏။ 24 သင်တို့သည် ထ၍ခရီးသွားသဖြင့် အာနုန်မြစ်ကိုကူးကြလော့။ အာမောရိအမျိုး၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်နှင့် သူ၏မြေကို သင်တို့လက်၌ ငါအပ်သောကြောင့်၊ ထိုမြေကိုသိမ်းစပြု၍ ထိုမင်းကိုစစ်တိုက်ကြလော့။ 25 မိုးကောင်းကင်အောက်၌ ရှိသမျှသောလူမျိုးတို့သည် ယနေ့သင်တို့ကို ကြောက်ရွံ့ထိတ်လန့်စရှိမည်အကြောင်း ငါပြုမည်။ သင်တို့၏သတင်းကိုကြား၍ တုန်လှုပ်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းသို့ ရောက်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
ရှိ​ဟုန်​မင်းကို​အောင်​ခြင်း
(တော ၂၁:၂၁-၃၀)
26 ငါသည်လည်း၊ ကေဒမုတ်တောမှ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်မင်းထံသို့ သံတမန်တို့ကိုစေလွှတ်လျက်၊ 27 မင်းကြီး၏ပြည်အလယ်၌ ကျွန်ုပ်လျှောက်သွားပါရစေ။ မင်းလမ်းသို့သာ လိုက်ပါမည်။ လက်ယာဘက်လက်ဝဲဘက်သို့ မလွှဲပါ။
28 စိရပြည်၌နေသောဧသောအမျိုးသား၊ အာရပြည်၌နေသော မောဘအမျိုးသားတို့သည် ကျွန်ုပ်၌ပြုသကဲ့သို့ ကျွန်ုပ်စားဖို့ရာအစာကိုလည်းကောင်း၊ သောက်ဖို့ရာရေကိုလည်းကောင်း၊ မင်းကြီးသည် ငွေနှင့်ရောင်းပါလော့။ 29 ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်သို့ ကျွန်ုပ်သည် ယော်ဒန်မြစ်ကိုကူး၍ မရောက်မီတိုင်အောင် မင်းကြီးပြည်အလယ်၌ ခြေဖြင့်သွားရုံမျှသာပြုပါမည်ဟု မိတ်သဟာယစကားနှင့် ပြောဆိုသော်လည်း၊ 30 ကျွန်ုပ်တို့လျှောက်သွားရသောအခွင့်ကို ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်မင်းသည် မပေး။ အကြောင်းမူကား၊ ယနေ့ထင်ရှားသည်အတိုင်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ထိုမင်းကို သင်တို့လက်၌အပ်ခြင်းငှာ၊ ခက်ထန်သော စိတ်သဘော၊ ခိုင်မာသောနှလုံးကို သူ၌ပေးသွင်းတော်မူ၏။ 31 ထာဝရဘုရားကလည်း၊ ရှိဟုန်မင်းနှင့် သူ၏မြေကို သင့်အားငါပေးစပြု၏။ ထိုမြေကိုအမွေခံအံ့သောငှာ၊ သိမ်းစပြုလော့ဟု ငါ့အားမိန့်တော်မူ၏။ 32 ထိုအခါ ရှိဟုန်မင်းသည် သူ၏လူအပေါင်းတို့နှင့်တကွ ယာဟတ်မြို့မှာ ငါတို့ကိုတိုက်ခြင်းငှာ ထွက်လာ၏။ 33 ငါတို့ဘုရားသခင်ထာဝရဘုရားသည် ထိုမင်းကို ငါတို့၌အပ်တော်မူသဖြင့် သူမှစ၍သားများ၊ လူများအပေါင်းတို့ကို ငါတို့သည်လုပ်ကြံကြ၏။ 34 ထိုအခါ သူ၏မြို့ရှိသမျှတို့ကို တိုက်ယူ၍၊ ယောက်ျားမိန်းမ သူငယ်တို့ကို တစ်ယောက်မျှမကြွင်းစေခြင်းငှာ ရှင်းရှင်းဖျက်ဆီးကြ၏။ 35 တိရစ္ဆာန်များ၊ မြို့ရွာ၌လက်ရဥစ္စာများကိုသာ ကိုယ်ဖို့သိမ်းယူကြ၏။ 36 အာနုန်မြစ်နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်၊ မြစ်နား၌ ရှိသမျှသောမြို့တို့တွင် ငါတို့မအောင်နိုင်သောမြို့ တစ်မြို့မျှမရှိ။ ငါတို့ဘုရားသခင် ထာဝရဘုရားသည် အလုံးစုံတို့ကို ငါတို့၌အပ်တော်မူ၏။ 37 သို့ရာတွင် အမ္မုန်အမျိုးသားနေသောမြေ၊ ယဗ္ဗုတ်မြစ်နှင့်ဆိုင်သောမြေ၊ တောင်ရိုးမြို့အစရှိသော၊ ငါတို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသောအရာ တစ်စုံတစ်ခုကိုမျှ မချဉ်းရကြ။