5
ဗေ​လ​ရှာ​ဇာ​၏​ည​စာ​စား​ပွဲ​​
တစ်ရံရောအခါ ဗေလရှာဇာမင်းကြီးသည် မှူးမတ်တစ်ထောင်ကို ခေါ်ပြီးလျှင် ကြီးစွာသောပွဲကို လုပ်၍၊ မှူးမတ်တစ်ထောင်နှင့်တကွ စပျစ်ရည်ကို သောက်တော်မူ၏။ စပျစ်ရည်ကို မြည်းစမ်းသောအခါ၊ ယေရုရှလင်မြို့ ဗိမာန်တော်ထဲက ခမည်းတော်နေဗုခဒ်နေဇာ သိမ်းယူဆောင်ခဲ့သော ရွှေဖလား၊ ငွေဖလားတို့နှင့် ကိုယ်တော်တိုင်မှစ၍ မင်းသား၊ မိဖုရား၊ မောင်းမမိဿံတို့သည် သောက်ရမည်အကြောင်း၊ ထိုဖလားတို့ကိုယူခဲ့ရမည်ဟု အမိန့်တော်ရှိသည်အတိုင်း၊ ယေရုရှလင်မြို့၌ရှိသော ဘုရားသခင်၏ ဗိမာန်တော်တိုက်ထဲက သိမ်းယူဆောင်ခဲ့သော ရွှေဖလားတို့ကိုယူခဲ့၍၊ မင်းကြီး၊ မင်းသား၊ မိဖုရား၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့် သောက်ကြ၏။ စပျစ်ရည်ကိုသောက်၍၊ ရွှေဘုရား၊ ငွေဘုရား၊ ကြေးဝါဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ချီးမွမ်းကြ၏။
အုတ်ထရံပေါ်မှစာ
ထိုအချိန်နာရီတွင် လူ၏လက်ဖျားသည် ပေါ်လာ၍ မီးခုံအထက်၊ နန်းတော်အုတ်ထရံ အင်္ဂတေ၌ အက္ခရာတင်၍ ရေးထား၏။ ထိုသို့ရေးသောလက်ဖျားကို ရှင်ဘုရင် မြင်တော်မူလျှင်၊ မျက်နှာတော်ညှိုးငယ်၍ စိတ်ပူပန်ခြင်းသို့ ရောက်သဖြင့်၊ ခါးဆစ်ပြုတ်မတတ်ဖြစ်၍ ဒူးခြင်းထိခိုက်သည်ရှိသော်၊ ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာဂတ္တိဆရာတို့ကို ခေါ်ချေဟု ဟစ်ကြော်ပြီးလျှင်၊ ထိုစာကိုဖတ်၍ အနက်ကို ဖော်ပြနိုင်သောသူသည် အဝတ်နီကိုဝတ်ဆင်၍ လည်ပင်း၌ ရွှေစလွယ်ဆွဲလျက်၊ နိုင်ငံတော်တွင် တတိယမင်းဖြစ်စေဟု ဗာဗုလုန်ပညာရှိတို့အား အမိန့်တော်ရှိ၍၊ ပညာရှိ ဆရာတော်အပေါင်းတို့သည် လာရောက်ကြသော်လည်း၊ ထိုစာကို မဖတ်နိုင်ကြ။ အနက်အဓိပ္ပာယ်ကို ရှင်ဘုရင်အား မဟောမပြောနိုင်သောကြောင့်၊ ဗေလရှာဇာမင်းကြီးသည် အလွန်စိတ်ပူပန်ခြင်း၊ မျက်နှာတော်ညှိုးငယ်ခြင်းရှိ၍၊ မှူးတော်မတ်တော်တို့သည် မှိုင်လျက်နေကြ၏။
10 ထိုအခါ မယ်တော်မိဖုရားသည် ရှင်ဘုရင်၏ စကား၊ မှူးမတ်တို့၏စကားကို ကြားသိလျှင်၊ ပွဲတော်သို့ ဝင်၍၊ အရှင်မင်းကြီး၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။ စိတ်တော်ပူပန်ခြင်း မရှိပါနှင့်။ မျက်နှာညှိုးငယ်တော် မမူပါနှင့်။ 11 သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံသော သူတစ်ယောက်သည် နိုင်ငံတော်တွင် ရှိပါ၏။ ခမည်းတော်ဘုရား လက်ထက်တော်၌၊ ထိုသူတွင် ဘုရားပညာနှင့်တူသော ပညာဉာဏ်သတ္တိ ထင်ရှားလျက်ရှိပါ၏။ ထိုသူကို ခမည်းတော်ဘုရား နေဗုခဒ်နေဇာမင်းကြီးသည် မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာဂတ္တိဆရာတို့အပေါ်တွင် ဆရာအုပ်အရာ၌ ခန့်ထားတော်မူ၏။ 12 အကြောင်းမူကား၊ အိပ်မက်အနက်ကို ဖတ်ခြင်း၊ နက်နဲခက်ခဲသောအရာကို ဖွင့်ပြခြင်း၊ ပုစ္ဆာအမေးကို ဖြေခြင်းငှာ တတ်စွမ်းနိုင်သော ဉာဏ်ပညာနှင့်တကွ၊ ထူးဆန်းသောစိတ်ဝိညာဉ်သည် ဒံယေလအမည်ရှိသော ထိုသူတွင် ထင်ရှားလျက်ရှိပါ၏။ ဗေလတရှာဇာဟူသော ဘွဲ့နာမကိုလည်း ရှင်ဘုရင် ပေးသနားတော်မူ၏။ ထိုဒံယေလကို ခေါ်တော်မူလျှင်၊ အနက်ကို ဟောပြောပါလိမ့်မည်ဟု လျှောက်သော်၊
စာ​၏​အ​နက်​ကို​ဖော်​ပြ​ခြင်း
13 ဒံယေလကို အထံတော်သို့ ခေါ်သွင်းလေ၏။ ရှင်ဘုရင်က၊ ငါ့ခမည်းတော်ဘုရားသည် ယုဒပြည်က သိမ်းယူတော်မူခဲ့၍၊ ယုဒလူစု၌ပါသော ဒံယေလ မှန်သလော။ 14 သင်သည် ဘုရားသခင်၏ ဝိညာဉ်နှင့်လည်းကောင်း၊ ထူးဆန်းသော ပညာဉာဏ်သတ္တိနှင့်လည်းကောင်း ပြည့်စုံသည်ဟု သင်၏ သတင်းကို ငါကြား၏။ 15 ထိုစာကိုဖတ်၍ အနက်ကို ငါ့အားဖော်ပြစေခြင်းငှာ ဗေဒင်တတ်ပညာရှိတို့ကို ငါ့ထံသို့သွင်းသော်လည်း၊ သူတို့သည် အနက်ကို မဖော်မပြနိုင်ကြ။ 16 သင်သည် အနက်များကိုဖော်ပြ၍ ပုစ္ဆာအမေးတို့ကို ဖြေနိုင်သည်ဟု ငါကြားပြီးသည်အတိုင်း၊ ထိုစာကိုဖတ်၍ အနက်ကို ငါ့အားဖော်ပြနိုင်လျှင်၊ အဝတ်နီကိုဝတ်ဆင်၍ လည်ပင်း၌ ရွှေစလွယ်ဆွဲလျက်၊ နိုင်ငံတော်တွင် တတိယမင်းဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။ 17 ဒံယေလကလည်း၊ ဆုတော်လာဘ်တော်ကို ကိုယ်တော်၌ ရှိစေတော်မူပါ။ ပေးလိုသောအရာများကို အခြားသူအား ပေးသနားတော်မူပါ။ သို့သော်လည်း၊ ရှေ့တော်၌ ထိုစာကိုဖတ်၍ အနက်ကိုဖော်ပြပါမည်။ 18 အရှင်မင်းကြီး၊ အမြင့်ဆုံးသော ဘုရားသခင်သည် ခမည်းတော် နေဗုခဒ်နေဇာမင်းကြီး၌ နိုင်ငံတော်နှင့်တကွ ရွှေဘုန်းတော်မြတ်၊ ဂုဏ်အသရေတော်ကို ပေးသနားတော်မူ၏။ 19 ပေးသနားတော်မူသော ထိုရွှေဘုန်းတော်မြတ်ကြောင့်၊ အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့သည် ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်လျက် နေကြ၏။ သတ်လိုသော သူတို့ကို သတ်တော်မူ၏။ အသက်ရှင်စေလိုသော သူတို့ကို ရှင်စေတော်မူ၏။ ချီးမြှောက်လိုသော သူတို့ကို ချီးမြှောက်တော်မူ၏။ နှိမ့်ချလိုသောသူတို့ကို နှိမ့်ချတော်မူ၏။ 20 မာန်မာနစိတ်နှင့် ထောင်လွှားစော်ကားခြင်း ရှိသောအခါ၊ ဘုန်းတန်ခိုးကွယ်ပျောက်၍ နန်းတော်မှကျ၏။ 21 လူသားစုထဲက နှင်ထုတ်ခြင်းကိုခံ၍ တိရစ္ဆာန်သဘောနှင့် ပြည့်စုံ၏။ အမြင့်ဆုံးသော ဘုရားသခင်သည် လောကီနိုင်ငံကို အုပ်စိုး၍၊ အလိုတော်ရှိသောသူတို့အား အပ်တော်မူသည်ကို မသိမှတ်မီတိုင်အောင်၊ မြည်းရိုင်းတို့နှင့် ပေါင်းဖော်လျက်၊ နွားကဲ့သို့ မြက်ကိုစားလျက်၊ မိုးစွတ်ခြင်းကို ခံ၍နေရ၏။
22 အရှင်သားတော် ဗေလရှာဇာ၊ ကိုယ်တော်သည် ထိုအမှုအလုံးစုံတို့ကို သိသော်လည်း၊ စိတ်နှလုံးကို မနှိမ့်ချဘဲ၊ 23 ကောင်းကင်ဘုံ၏ အရှင်ကို ဆန့်ကျင်ဘက်ပြု၍၊ ဗိမာန်တော်၏ ဖလားတို့ကို ရှေ့တော်သို့ ယူခဲ့စေ၍၊ ကိုယ်တော်တိုင်မှစသော မှူးတော်မတ်တော်၊ မိဖုရား၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့် စပျစ်ရည်ကို သောက်ကြပြီတကား။ မျက်စိမမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသော ငွေဘုရား၊ ရွှေဘုရား၊ ကြေးဝါဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ချီးမွမ်း၍၊ ကိုယ်တော်၏ အသက်သခင်တည်းဟူသော ကိုယ်တော်၏အမှုအလုံးစုံတို့ကို စီရင်ပိုင်တော်မူသော ဘုရားသခင်ကို မချီးမွမ်းဘဲ နေပါပြီတကား။ 24 ထိုကြောင့်၊ လက်ဖျားကိုစေလွှတ်၍ ထိုစာကို ရေးစေတော်မူ၏။ 25 စာချက်ဟူမူကား၊ မေနေမေနေ၊ တေကလ၊ ဖေရက်ဟု အက္ခရာတင်လျက်ရှိ၏။ 26 မေနေ၏ အနက်အဓိပ္ပာယ်ကား၊ ကိုယ်တော်၏နိုင်ငံကို ဘုရားသခင် ရေတွက်၍ ဆုံးစေတော်မူ၏။ 27 တေကလ၏ အနက်အဓိပ္ပာယ်ကား၊ ကိုယ်တော်ကို ချိန်ခွင်နှင့်ချိန်၍ လျော့ကြောင်းကို တွေ့မြင်တော်မူ၏။ 28 ဖေရက်၏ အနက်ဓိပ္ပာယ်ကား၊ နိုင်ငံတော်ကိုခွဲဝေ၍ မေဒိလူ၊ ပေရသိလူတို့အား အပ်ပေးတော်မူ၏ဟု ဆိုလိုသတည်းဟု ဒံယေလသည် အထံတော်၌ ပြန်ကြားလျှောက်ထား၏။ 29 ထိုအခါ ဗေလရှာဇာမင်းကြီး မိန့်တော်မူသည်အတိုင်း၊ ဒံယေလကို အဝတ်နီဝတ်ဆင်စေ၍ လည်ပင်း၌ ရွှေစလွယ်ဆွဲပြီးမှ၊ နိုင်ငံတော်တွင် တတိယမင်းဖြစ်သည်ဟု မြို့ကိုလည်၍ ဟစ်ကြော်ကြ၏။Ref ၅:၂၉။ က ၄၁:၄၂။
30 ထိုည၌ပင် ခါလဒဲရှင်ဘုရင် ဗေလရှာဇာမင်းသည် အသက်ဆုံး၍၊ 31 မေဒိအမျိုး ဒါရိမင်းသည် အသက်ခြောက်ဆယ်နှစ်နှစ်တွင် နိုင်ငံတော်ကို သိမ်းယူတော်မူ၏။