4
မြေ​အိုး​များ​ထဲ​ရှိ​ဝိ​ညာဉ်​ဘဏ္ဍာ
ထိုကြောင့်ငါတို့သည် ထိုသို့သောတရား၏အမှုကို ဆောင်ရွက်သောသူဖြစ်၍၊ ကရုဏာကျေးဇူးတော်ကို ခံရသည်နှင့်အညီ၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ဆိတ်ကွယ်ရာအရပ်၌ပြုသော ရှက်ဖွယ်သော အမှုများကိုပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ထိမ်ဝှက်မှောက်လှန်ခြင်း မရှိ။ သမ္မာတရားကို အတည့်အလင်း ဖော်ပြ၍၊ ဘုရားသခင့်ရှေ့တော်၌ လူအပေါင်းတို့၏ စိတ်အထင်အတိုင်း ချီးမွမ်းဖွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ၏။- ငါတို့ဟောပြောသော ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ရှိလျှင်၊ ဆုံးရှုံးခြင်းသို့ရောက်သော သူတို့အားသာ ဖုံးအုပ်လျက်ရှိ၏။- ထိုသို့ မယုံကြည်သောသူတို့ကား၊ ဘုရားသခင်၏ ပုံသဏ္ဌာန်တော် တည်းဟူသော ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား၏ အရောင်သည် အလင်းကိုမပေးစေခြင်းငှာ၊ ဤလောကကို အစိုးရသောဘုရားသည် သူတို့၏ ဉာဏ်မျက်စိကို ကွယ်စေ၏။- ငါတို့သည် ကိုယ်အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်သည် သခင်ဖြစ်တော်မူကြောင်း ကိုလည်းကောင်း၊ ငါတို့သည် ယေရှုအတွက် သင်တို့၏ကျွန် ဖြစ်ကြောင်းကိုလည်းကောင်း ဟောပြောကြ၏။- မှောင်မိုက်ထဲက အလင်းထွန်းလင်းမည်အကြောင်း မိန့်တော်မူသောဘုရားသခင်သည်၊ ယေရှုခရစ်၏ မျက်နှာ၌ထွန်းလင်းသော ဘုရားသခင်၏ဘုန်းတော်ကိုသိသော ဉာဏ်၏အရောင်ကို ပေးလိုသောငှာ၊ ငါတို့စိတ်နှလုံးထဲ၌ အလင်းကို ထွန်းလင်းစေတော်မူ၏။
သို့သော်လည်း တန်ခိုးတော်၏ ဂုဏ်သရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့် ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာသည်မြေအိုးထဲမှာ ထည့်ထားလျက် ငါတို့၌ရှိ၏။- ငါတို့သည် အမျိုးမျိုးသော နှောင့်ယှက်ခြင်းကို ခံရသော်လည်း၊ အကျိုးနည်းခြင်းသို့မရောက်။ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်။- ညှဥ်းဆဲခြင်းကို ခံရသော်လည်း ဆုံးရှုံးခြင်းမရှိ။ အောက်သို့ လှဲခြင်းကိုခံရသော်လည်း ဆုံးရာသို့မရောက်။- 10 သခင်ယေရှုသည် အသက်ရှင်တော်မူကြောင်းကို ငါတို့ကိုယ်ခန္ဓာ၌ ထင်ရှားစေခြင်းငှာ၊ ယေရှု၏သေတော်မူခြင်းကို အစဉ်မပြတ် ငါတို့၏ကိုယ်ခန္ဓာ၌ ဆောင်ရကြ၏။- 11 အဘယ်သို့နည်းဟူမူကား၊ ယေရှုသည် အသက်ရှင်တော်မူကြောင်းကို၊ ငါတို့၏သေတတ်သော ခန္ဓာကိုယ်၌ ထင်ရှားစေခြင်းငှာ၊ ငါတို့သည် အသက်ရှင်စဉ်တွင် ယေရှုကြောင့် သေခြင်းလက်သို့ အစဉ်အပ်နှံခြင်းကို ခံရကြ၏။- 12 သို့ဖြစ်၍ သေခြင်းတရားသည် ငါတို့၌ပြုပြင်တတ်၏။ သင်တို့၌ကား၊ အသက်ရှင်ခြင်းတရားသည် ပြုပြင်တတ်၏။- 13 ထိုသို့သော ယုံကြည်ခြင်းစိတ် ရှိသည်ဖြစ်၍၊ ငါသည်ယုံကြည်သောကြောင့် မြွက်ဆို၏ဟု ကျမ်းစာလာသည်နှင့်အညီ၊ ငါတို့သည် ယုံကြည်ခြင်းစိတ်ရှိသောကြောင့် မြွက်ဆိုဟောပြောကြ၏။
14 သခင်ယေရှုကို ထမြောက်စေတော်မူသောသူသည် ယေရှုအားဖြင့် ငါတို့ကိုလည်း ထမြောက်စေ၍၊ သင်တို့နှင့်အတူအထံတော်၌ သွင်းတော်မူမည်ဟု ငါတို့သိကြ၏။- 15 အများသောသူတို့သည် ကျေးဇူးတော်ကို ချီးမွမ်းသည်နှင့်၊ ထိုကြွယ်ဝသောကျေးဇူးတော်သည် ဘုရားသခင်၏ ဘုန်းသရေတော်ကို ထင်ရှားစေမည် အကြောင်း၊ ခပ်သိမ်းသောအရာတို့သည် သင်တို့အဖို့အလို့ငှာ ဖြစ်သတည်း။
ယုံ​ကြည်​ခြင်း​ဖြင့်​အ​သက်​ရှင်​ခြင်း
16 ထိုကြောင့် ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန် ပျက်စီးခြင်းသို့ရောက်သော်လည်း၊ အတွင်းလူမူကား တစ်နေ့ထက်တစ်နေ့ ပြုပြင်ခြင်းကိုခံရ၏။- 17 အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်ကြစဉ်အခါ၊ ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။