12
ဝိ​ညာဉ်​ဆု​ကျေး​ဇူး
ညီအစ်ကိုတို့၊ သင်တို့သည် ဝိညာဉ်ဆုကျေးဇူး အကြောင်းများကို မသိဘဲနေစေခြင်းငှာ ငါအလိုမရှိ။- သင်တို့သည် အထက်ကသာသနာပလူဖြစ်၍၊ သူတစ်ပါး သွေးဆောင်သဖြင့်၊ စကားမပြောနိုင်သော ရုပ်တုရှိရာသို့ ပါသွားသောသူ ဖြစ်ကြောင်းကို သင်တို့သိကြ၏။- ထိုကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဟောပြော၍ အဘယ်သူမျှ ယေရှုကို မကျိန်ဆဲနိုင်သည်ကိုလည်းကောင်း၊ ယေရှုသည် သခင်ဘုရား ဖြစ်တော်မူ၏ဟု သန့်ရှင်းသောဝိညာဉ်တော်ကို အမှီမပြုလျှင်၊ အဘယ်သူမျှ မပြောနိုင်သည်ကိုလည်းကောင်း၊ သင်တို့သည် သိနားလည်စေခြင်းငှာ ငါသတိပေး၏။- ဆုကျေးဇူးတော် အထူးထူးအထွေထွေ ရှိငြားသော်လည်း ဝိညာဉ်တော်တစ်ပါးတည်း ရှိ၏။- ဓမ္မဆရာအမှု အထူးထူးအထွေထွေရှိငြားသော်လည်း သခင်တစ်ပါးတည်းရှိ၏။- ပြုပြင်ခြင်းအမှု အထူးထူးအထွေထွေ ရှိငြားသော်လည်း၊ ခပ်သိမ်းသော သူတို့၌ ပြုပြင်သမျှကို ပြုပြင်တော်မူသော ဘုရားသခင်တစ်ပါးတည်းရှိ၏။- ကောင်းသောအကျိုးအလိုငှာသာ ဝိညာဉ်တော်ကို လူအသီးအသီးတို့အား ထင်ရှားစွာ ပေးတော်မူလျက်ရှိ၏။- အဘယ်သို့နည်းဟူမူကား၊ ဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ပညာတရားကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ထိုးထွင်းခြင်းတရားကို ပေးတော်မူ၏။- ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ယုံကြည်ခြင်းကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား အနာရောဂါကို ငြိမ်းစေနိုင်သောအခွင့်ကို ပေးတော်မူ၏။- 10 တစ်ယောက်သောသူအား၊ တန်ခိုးကိုပြနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား ပရောဖက်ပြုနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား စိတ်ဝိညာဉ်တို့ကို ပိုင်းခြား၍သိနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော အခွင့်ကိုလည်းကောင်း တစ်ယောက်သောသူအား ထိုဘာသာစကား၏အနက်ကို ဖော်ပြနိုင်သော အခွင့်ကိုလည်းကောင်း ပေးတော်မူ၏။- 11 ဤအခွင့်ရှိသမျှတို့ကို တစ်ပါးတည်းသော ဝိညာဉ်တော်သည် ပြုပြင်၍ လူအသီးအသီးတို့အား အသီးအသီး ခံရသောအခွင့်ကို အလိုတော်ရှိသည်အတိုင်း ဝေငှ၍ ပေးတော်မူ၏။
ကိုယ်တစ်ခုတည်း၌အင်္ဂါ​အ​များ​ရှိ
12 ဥပမာကား၊ ကိုယ်တစ်ခုတည်း၌ အင်္ဂါအများရှိသည်ဖြစ်၍ ထိုတစ်ခုတည်းသော ကိုယ်အင်္ဂါအပေါင်းတို့သည် များလျက်နှင့် ကိုယ်တစ်ခုတည်းဖြစ်သကဲ့သို့၊ ထိုနည်းတူ ခရစ်တော်ဖြစ်၏။- 13 အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် တစ်ကိုယ်တည်းထဲသို့ ဗတ္တိဇံကိုခံကြ၏။ ငါတို့ရှိသမျှသည် တစ်စိတ်တစ်ဝိညာဉ်တည်း ထဲသို့လည်း သောက်ကြ၏။- 14 ကိုယ်သည် အင်္ဂါတစ်ခုတည်းရှိသည်မဟုတ်၊ အများရှိသည်ဖြစ်၍၊- 15 ခြေက၊ ငါသည်လက်မဟုတ်သောကြောင့် ကိုယ်နှင့်မစပ်ဆိုင်ဟု ဆိုလျှင်၊ ထိုသို့ဆိုသောကြောင့် မစပ်ဆိုင်သည် မှန်သလော။- 16 နားကလည်း၊ ငါသည် မျက်စိမဟုတ်သောကြောင့် ကိုယ်နှင့်မစပ်ဆိုင်ဟု ဆိုလျှင်၊ ထိုသို့ဆိုသောကြောင့် မစပ်ဆိုင်သည် မှန်သလော။- 17 တစ်ကိုယ်လုံးသည် မျက်စိဖြစ်လျှင် အဘယ်သို့ ကြားနိုင်မည်နည်း။ တစ်ကိုယ်လုံးသည် နားဖြစ်လျှင် အဘယ်သို့ နမ်းနိုင်မည်နည်း။- 18 ယခုမူကား၊ ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း အင်္ဂါများအသီးအသီးတို့ကို ကိုယ်၌ စီရင်ခန့်ထားတော်မူ၏။- 19 ထိုမှတစ်ပါး၊ အင်္ဂါအပေါင်းတို့သည် အင်္ဂါတစ်ခုတည်းဖြစ်လျှင် ကိုယ်သည်အဘယ်မှာ ရှိလိမ့်မည်နည်း။- 20 ယခုတွင် အင်္ဂါအများရှိလျက်နှင့် ကိုယ်တစ်ခုတည်းရှိ၏။- 21 မျက်စိက၊ သင့်ကိုငါအလိုမရှိဟု လက်ကို မဆိုရ။ ထိုနည်းတူ၊ ဦးခေါင်းက၊ သင်တို့ကိုငါအလိုမရှိဟု ခြေတို့ကို မဆိုရ။ ထိုမျှမက အားနည်းဟန်ရှိသော အင်္ဂါတို့သည် သာ၍အသုံးဝင်ကြ၏။- 22 အသရေနည်းဟန်ရှိသော အင်္ဂါတို့အားလည်း၊ သာ၍ကြီးသော အသရေကို ပေးတတ်၏။- 23 တင့်တယ်ခြင်းမရှိသော အင်္ဂါတို့သည် သာ၍ကြီးသော တင့်တယ်ခြင်းကို ခံရကြ၏။- 24 တင့်တယ်လျက်ရှိသော အင်္ဂါတို့သည် အခြားသော တင့်တယ်ခြင်းကို မလိုကြ။- 25 ကိုယ်ခန္ဓာ၌ အချင်းချင်းကွဲပြားခြင်းမရှိဘဲ၊ အင်္ဂါများတို့သည် အချင်းချင်း သူ့ကိုကိုယ်နှင့်အမျှ သတိပြုစေခြင်းငှာ၊ ဘုရားသခင်သည် ကိုယ်ခန္ဓာကိုမျှစေ၍၊ ယုတ်သောအင်္ဂါအား သာ၍များသော အသရေကို ပေးတော်မူ၏။- 26 သို့ဖြစ်၍၊ အင်္ဂါတစ်ခုတည်း ဆင်းရဲခြင်းကို ခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူခံရကြ၏။ အင်္ဂါတစ်ခုသည် ချီးမြှောက်ခြင်းကို ခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူဝမ်းမြောက်ရကြ၏။- 27 သင်တို့သည် ခရစ်တော်၏ကိုယ်ဖြစ်ကြ၏။ အသီးအသီး အင်္ဂါတော်ဖြစ်ကြ၏။- 28 ဘုရားသခင်သည် ပထမအရာ၌ တမန်တော်တို့ကိုလည်းကောင်း၊ ဒုတိယအရာ၌ ပရောဖက်တို့ကိုလည်းကောင်း၊ တတိယအရာ၌ ဆရာတို့ကိုလည်းကောင်း၊ ထိုနောက် တန်ခိုးပြသော သူတို့ကိုလည်းကောင်း၊ ထိုနောက် အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိသောသူတို့ကိုလည်းကောင်း၊ သင်းထောက်တို့ကိုလည်းကောင်း၊ စီရင်အုပ်စိုးသော သူတို့ကိုလည်းကောင်း၊ အမျိုးမျိုးသော ဘာသာစကားကိုပြောနိုင်သော သူတို့ကိုလည်းကောင်း၊ အသင်းတော်၌ ခန့်ထားတော်မူ၏။- 29 သင်းဝင်သူ ရှိသမျှတို့သည် တမန်တော် ဖြစ်ကြသလော။ ရှိသမျှတို့သည် ပရောဖက်ဖြစ် ကြသလော။ ရှိသမျှတို့သည် ဆရာဖြစ်ကြသလော။ ရှိသမျှတို့သည် တန်ခိုးကို ပြနိုင်ကြသလော။- 30 ရှိသမျှတို့သည် အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိကြသလော။ ရှိသမျှတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်ကြသလော။ ရှိသမျှတို့သည် ထိုဘာသာစကား၏အနက်ကို ဖော်ပြနိုင်ကြသလော။- 31 သင်တို့သည် အမြတ်ဆုံးသော ဆုကျေးဇူးတော်တို့ကို အလွန်အလိုရှိကြသည်တွင်၊ သာ၍မြတ်သော လမ်းကို ငါပြဦးမည်။