10
ရုပ်​တု​ကိုး​ကွယ်​မှု​သ​တိ​ပေး​ချက်
ညီအစ်ကိုတို့၊ ငါတို့ဘိုးဘေးအပေါင်းတို့သည် မိုးတိမ်အောက်မှာရှိ၍၊ ပင်လယ်အလယ်၌ လျှောက်သွားကြသည်ဟူ၍လည်းကောင်း၊- မိုးတိမ်နှင့် ပင်လယ်ထဲမှာ မောရှေ၌ ဗတ္တိဇံကို ခံကြသည် ဟူ၍လည်းကောင်း၊- ဓမ္မအစာကိုအတူစားကြသည်ဟူ၍လည်းကောင်း၊ ဓမ္မရေကို အတူသောက်ကြသည်ဟူ၍လည်းကောင်း၊ သင်တို့ မသိမမှတ် ဘဲနေစေခြင်းငှာ ငါအလိုမရှိ၊- ထိုသူတို့နောက်၌ လိုက်သောဓမ္မကျောက်မှ ထွက်သောရေကို သောက်ကြ၏။ ထိုကျောက်ကား ခရစ်တော်ဖြစ်သတည်း။- သို့သော်လည်း ထိုသူတို့တွင် များစွာသော သူတို့ကို ဘုရားသခင်သည် အားရနှစ်သက်တော်မမူ။ သူတို့သည် တော၌သေကြေပျက်စီးခြင်းသို့ ရောက်ကြ၏။
ထိုသူတို့သည် မကောင်းသောအရာတို့ကို တပ်မက်သကဲ့သို့ ငါတို့သည် မတပ်မက်စေခြင်းငှာ၊ ထိုအကြောင်းအရာတို့သည် ငါတို့အဖို့ ပုံသက်သေ ဖြစ်ကြ၏။- လူတို့သည် စားသောက်လျက် ထိုင်နေကြ၏။ နောက်တစ်ဖန် ကခုန်မြူးထူးခြင်းငှာ ထကြ၏ဟု ကျမ်းစာလာသည်အတိုင်း၊- ထိုသူအချို့တို့သည် ရုပ်တုကို ကိုးကွယ်သကဲ့သို့ မကိုးကွယ်ကြနှင့်။ ထိုသူအချို့တို့သည် မတရားသော မေထုန်အမှုကိုပြု၍ တစ်နေ့ချင်းတွင် လူနှစ်သောင်း သုံးထောင်လဲ၍သေသကဲ့သို့ မပြုဘဲ၊ မတရားသော မေထုန်ကိုရှောင်ကြကုန်အံ့။- ထိုသူအချို့တို့သည် စုံစမ်းနှောင့်ယှက်ခြင်းကို ပြု၍၊ မြွေဖြင့် ပျက်စီးသကဲ့သို့ ငါတို့သည်မပြု၊ ခရစ်တော်ကို မစုံစမ်းမနှောင့်ယှက်ဘဲနေကြကုန်အံ့။- 10 ထိုသူအချို့တို့သည် မြည်တမ်းခြင်းကိုပြု၍၊ ဖျက်ဆီးသောသူ၏ လက်ဖြင့် ပျက်စီးသကဲ့သို့မဟုတ်၊ မြည်တမ်းခြင်းကိုမပြုကြနှင့်။- 11 ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေ ဖြစ်အံ့သောငှာ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလ အဆုံးတွင် ဖြစ်သောငါတို့ကို ဆုံးမစရာဖို့ ကျမ်းစာ၌ ရေးထားလျက်ရှိသတည်း။- 12 ထိုကြောင့် အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏။ ထိုသူသည် မလဲခြင်းငှာ သတိပြုစေ။- 13 လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့ မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းအရာနှင့်တကွ၊ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။
14 ထိုကြောင့် ငါ့ချစ်သူတို့၊ ရုပ်တုကို ကိုးကွယ်ခြင်းအမှုကို ကြဉ်ရှောင်ကြလော့။- 15 သင်တို့ကို ပညာရှိကဲ့သို့မှတ်၍ ပြောမည်။ ငါ့စကားကို ဆင်ခြင်ကြလော့။- 16 ငါတို့သည် ကျေးဇူးတော်ကို ချီးမွမ်းရာ မင်္ဂလာခွက်ဖလားမူကား၊ ခရစ်တော်၏အသွေးကို ဆက်ဆံခြင်းဖြစ်သည် မဟုတ်လော။ ငါတို့ဖဲ့သောမုန့်မူကား၊ ခရစ်တော်၏ ကိုယ်ကို ဆက်ဆံခြင်းဖြစ်သည် မဟုတ်လော။- 17 မုန့်တစ်လုံးတည်းရှိသည်ဖြစ်၍၊ ငါတို့ရှိသမျှသည် တစ်လုံးတည်း ဖြစ်သောထိုမုန့်ကို ဆက်ဆံလျက် ခံယူကြသောကြောင့်၊ အများဖြစ်သော ငါတို့သည် တစ်လုံးတစ်ကိုယ်တည်းဖြစ်ကြ၏။- 18 ဇာတိအားဖြင့် ဣသရေလအမျိုးဖြစ်သော သူတို့ကို ကြည့်ရှုကြလော့။ ယဇ်ကောင်ကိုစားသော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံသောသူ ဖြစ်ကြသည် မဟုတ်လော။ 19 ထိုသို့ဆိုသော် အဘယ်သို့ ငါဆိုလိုသနည်း။ ရုပ်တုကား မှတ်စရာရှိသည်၊ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကား မှတ်စရာရှိသည်ဟု ဆိုလိုသလော။- 20 ထိုသို့မဆိုလို။ သာသနာပလူတို့သည် ပူဇော်သောယဇ်ကို ဘုရားသခင်အား ပူဇော်ကြသည်မဟုတ်။ နတ်ဆိုးတို့အား ပူဇော်ကြ၏။ သင်တို့သည် နတ်ဆိုးတို့နှင့် ဆက်ဆံစေခြင်းငှာ ငါအလိုမရှိ။- 21 သခင်ဘုရား၏ ခွက်ဖလား၊ နတ်ဆိုးတို့၏ ခွက်ဖလားနှစ်ပါးကို သင်တို့မသောက်နိုင်ကြ။ သခင်ဘုရား၏ စားပွဲ၊ နတ်ဆိုးတို့၏စားပွဲနှစ်ပါးကို သင်တို့ဝင်၍ မစားနိုင်ကြ။- 22 သခင်ဘုရား အမျက်တော်ထွက်စေခြင်းငှာ ငါတို့ ပြုရကြသလော။ ငါတို့သည် သခင်ဘုရားထက်သာ၍ တန်ခိုးကြီးကြသလော။
23 ငါသည် အပြစ်မသင့်ဘဲ ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲ ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာတို့သည် သူတစ်ပါးကို တည်ဆောက်တတ်သည်မဟုတ်။- 24 ကိုယ်အကျိုးကို အဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကို လူတိုင်းရှာစေ။- 25 ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့်၊ ဈေး၌ ရောင်းသမျှကို မစစ်ကြော မမေးမြန်းဘဲ စားကြလော့။- 26 အကြောင်းမူကား၊ ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကို ပိုင်တော်မူ၏။- 27 မယုံကြည်သောသူသည် သင်တို့ကိုခေါ်ဖိတ်၍ သင်တို့သည် သွားလိုလျှင်၊ ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့်၊ သင်တို့ရှေ့၌ ထည့်သမျှကို မစစ်ကြောမမေးမြန်းဘဲ စားကြလော့။- 28 သို့သော်လည်း ဤမည်သောအရာသည် ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ဖြစ်၏ဟု တစ်စုံတစ်ယောက် သောသူဆိုလျှင်၊ ထိုသို့ဆိုသောသူ၏ မျက်နှာကိုလည်းကောင်း၊ ဩတ္တပ္ပစိတ်ကိုလည်းကောင်း၊ ထောက်၍ မစားကြနှင့်။- 29 ဩတ္တပ္ပစိတ်ဟုဆိုသော် ကိုယ်စိတ်ကိုမဆိုလို၊ သူ့စိတ်ကို ဆိုလို၏။ အခြားသောသူ၏စိတ်သည် ငါ၏အခွင့်ကို အဘယ်ကြောင့် စစ်ကြောစီရင်ရမည်နည်း။- 30 ကျေးဇူးတော်အားဖြင့် ငါသုံးဆောင်ရလျှင်၊ ကျေးဇူးတော်ကို ချီးမွမ်း၍ သုံးဆောင်သည်တွင် အဘယ်ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရမည်နည်းဟု ဆိုလျှင်မူကား၊- 31 သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကို ပြုသော်လည်းကောင်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။- 32 လူများတို့သည် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှာ၊ ငါသည် ကိုယ်အကျိုးကိုမရှာဘဲ သူ့အကျိုးကို ရှာ၍၊- 33 ခပ်သိမ်းသောလူတို့၏ အလိုသို့ အရာရာ၌ လိုက်သည်နည်းတူ၊ သင်တို့သည်လည်း ယုဒလူ၊ ဟေလသလူ၊ ဘုရားသခင်၏ အသင်းတော်ဝင်သူတို့၌ ထိမိ၍လဲစရာအကြောင်းကို မပြုဘဲ၊