28
မေ​လိ​တေ​ကျွန်း​သို့​ရောက်​ရှိ​ခြင်း
ကုန်းပေါ်သို့ ရောက်သောအခါ၊ ထိုကျွန်းကား မေလိတေကျွန်းဖြစ်သည်ကို သိကြ၏။- မိုးရွာ၍ ချမ်းသောကြောင့် လူရိုင်းတို့သည် မီးမွေးပြီးလျှင်၊ ငါတို့အပေါင်းကို လက်ခံ၍ အထူးသဖြင့် ကျေးဇူးပြုကြ၏။- ပေါလုသည် ထင်းကိုစုသိမ်း၍ မီးပေါ်မှာ ထည့်စဉ်တွင်၊ မြွေဆိုးသည် မီးငွေ့ထဲကထွက်၍ ပေါလု၏လက်ကို တွယ်လျက်နေ၏။- ထိုလူရိုင်းတို့သည် မြင်လျှင်၊ ဤလူကား၊ လူအသက်ကို သတ်သောသူ အမှန်ဖြစ်၏။ ပင်လယ်ဘေးမှ လွတ်သော်လည်း၊ အသက်ရှင်စေခြင်းငှာ တရားသည် အခွင့်မပေးဟု အချင်းချင်းဆိုကြ၏။- ပေါလုသည်မြွေကို မီးထဲသို့ခါချ၍ အဘယ် ဘေးမျှမသင့်။- သူသည် တစ်ကိုယ်လုံးရောင်မည်၊ တစ်ခဏချင်းတွင် လဲ၍သေမည်ဟု ထိုသူတို့သည်ကြာမြင့်စွာ ငံ့လင့်သော်လည်း၊ သူ၌မကောင်းသော အပြစ်တစ်စုံတစ်ခုကိုမျှ မမြင်လျှင် သဘောပြောင်းလဲ၍ ဤသူကား နတ်ဘုရားဖြစ်သည်ဟု ဆိုကြ၏။
ထိုအရပ်နှင့် မနီးမဝေး ပုဗလိအမည်ရှိသော ကျွန်းသူကြီး၏ နေရာရှိ၏။ ထိုသူကြီးသည် ငါတို့ကိုလက်ခံ၍၊ သုံးရက်ပတ်လုံး ကောင်းမွန်စွာ လုပ်ကျွေးပြုစုလေ၏။- ပုဗလိမင်း၏အဘသည် ဖျားနာနှင့် ဝမ်းကျသွေးသွန်နာစွဲ၍၊ တုံးလုံးနေသည်ကို ပေါလုဝင်၍ ဆုတောင်းပြီးမှ၊ သူ့အပေါ်၌ လက်တင်၍ အနာကိုငြိမ်းစေ၏။- ဤသို့ပြုသောကြောင့်၊ ထိုကျွန်း၌ အနာရောဂါစွဲသော အခြားသူရှိသမျှတို့သည် လာ၍ ချမ်းသာခြင်းကို ရကြ၏။- 10 ထိုသူတို့သည် များစွာသော လက်ဆောင်တို့ကို ပေး၍၊ ငါတို့သည် လွှင့်ပြန်သောအခါ၊ ရိက္ခာများကိုလည်း သင်္ဘောပေါ်သို့ တင်ကြ၏။
ရော​မ​မြို့​သို့​ရောက်​ခြင်း
11 သုံးလလွန်လျှင်၊ နတ်သားအမြွှာတို့၏ ရုပ်တုပါသော ထိုကျွန်း၌ ဆောင်းကာလပတ်လုံးနေခဲ့ဖူးသော အာလေဇန္ဒြိသင်္ဘောကို ငါတို့သည် စီးပြန်၍၊- 12 သုရကုတ်မြို့သို့ဆိုက်လျှင် သုံးရက်နေကြ၏။- 13 ထိုမြို့မှလွှင့်ပြန်၍ ဝိုက်သွားသဖြင့်၊ ရေဂျုန်မြို့ သို့ရောက်၍ တစ်ရက်နေပြီးမှ တောင်လေလာသောကြောင့်၊ နှစ်ရက်တွင်ပေါတယောလိမြို့သို့ ရောက်ကြ၏။- 14 ထိုမြို့၌ ညီအစ်ကိုအချို့တို့ကိုတွေ့၍ ခုနစ်ရက်နေကြပါဟု သူတို့သည်တောင်းပန်သည်အတိုင်း နေပြီးမှ၊ ရောမမြို့သို့ ခရီးသွားကြ၏။- 15 ရောမမြို့သားညီအစ်ကိုတို့သည် ငါတို့လာကြောင်းကို ကြားသိလျှင်၊ ခရီးဦးကြိုပြုအံ့သောငှာ အချို့တို့သည် အပ္ပိဈေးတိုင်အောင်လည်းကောင်း၊ အချို့တို့သည် သုံးဇရပ်တိုင်အောင်လည်းကောင်း လာကြ၏။ ပေါလုသည် ထိုသူတို့ကို မြင်လျှင်၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၍ စိတ်သက်သာခြင်းသို့ ရောက်လေ၏။
ရော​မ​မြို့​တွင်​အ​မှု​ဆောင်​ခြင်း
16 ရောမမြို့သို့ရောက်ကြသောအခါ တပ်မှူးသည် အကျဉ်းခံသောသူတို့ကို ကိုယ်ရံတော်မှူး၌ အပ်လေသော်၊ ပေါလုသည် မိမိကိုစောင့်သော စစ်သူရဲတစ်ယောက်နှင့်အတူ မိမိအလိုအလျောက်နေရသော အခွင့်ကိုရ၏။
17 သုံးရက်လွန်သောအခါ၊ ပေါလုသည် ယုဒလူ အကြီးအကဲတို့ကို ခေါ်၍စုဝေးစေပြီးလျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယုဒလူမျိုးကို မပြစ်မှား၊ မိစဉ်ဘဆက် ကျင့်သောထုံးတမ်းကို မပယ်သောသူဖြစ်လျက်ပင်၊ ယေရုရှလင်မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်းထား၍ ရောမလူတို့လက်သို့ အပ်လိုက်ကြ၏။- 18 ရောမလူတို့သည် အကျွန်ုပ်ကိုစစ်ကြောပြီးမှ၊ သေထိုက်သော အပြစ်တစ်စုံတစ်ခုကိုမျှ မတွေ့သဖြင့် လွှတ်ခြင်းငှာ အလိုရှိကြ၏။- 19 ထိုအလိုကို ယုဒလူတို့သည် ဆီးတားသောအခါ၊ ကဲသာဘုရင်၏ အယူတော်ခံပါမည်ဟု အကျွန်ုပ်ဆိုရ၏။ ထိုသို့ဆိုသော် အမျိုးသားချင်းတို့ကို အပြစ်တင်စရာ တစ်စုံတစ်ခုရှိသောကြောင့် ဆိုသည်မဟုတ်။ ထိုကြောင့် သင်တို့ကိုမြင်၍ နှုတ်ဆက်ခြင်းငှာ အကျွန်ုပ်ခေါ်ပါပြီ။-Ref ၂၈:၁၉။ တ ၂၅:၁၁။ 20 ဣသရေလအမျိုး၏ မျှော်လင့်ရာအတွက်ကြောင့်၊ အကျွန်ုပ်သည် ဤသံကြိုးနှင့် ချည်နှောင်ခြင်းကို ခံရပါ၏ဟု ပြောဆိုလျှင်၊- 21 ထိုသူတို့က၊ သင်၏အကြောင်းကို ကြားလိုက်သောစာကို ယုဒပြည်မှ အကျွန်ုပ်တို့မရကြ။ ထိုပြည်မှလာသော ညီအစ်ကိုတို့တွင် အဘယ်သူမျှ သင်၌ အပြစ်ရှိကြောင်းကို မကြားမပြောပါ။- 22 သို့သော်လည်း ဤဘာသာသည် အရပ်ရပ်တို့၌ ကဲ့ရဲ့အပြစ်တင်ခြင်းကိုခံရသော ဘာသာဖြစ်သည်ကို အကျွန်ုပ်တို့သိကြသည်ဖြစ်၍ သင်၏အယူဝါဒကို သင်သည် ကိုယ်တိုင်ဖော်ပြသောစကားကို အကျွန်ုပ်တို့သည် နားထောင်သင့်သည်ထင်ပါ၏ဟု ဆိုကြလျှင်၊- 23 နေ့ရက်ကိုချိန်းချက်၍ လူများတို့သည် ပေါလုတည်းခိုရာအရပ်သို့ လာကြသည်ရှိသော်၊ ပေါလုသည် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို သက်သေခံသဖြင့်လည်းကောင်း၊ ထိုသူတို့သည် ယေရှု၏အကြောင်းများကို ယုံကြည်စေခြင်းငှာ၊ မောရှေ၏ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့ကို အမှီပြု၍ ဖြားယောင်းသွေးဆောင်သဖြင့်လည်းကောင်း၊ နံနက်အချိန်မှစ၍ ညအချိန်တိုင်အောင် ထုတ်ဖော် ဟောပြောလေ၏။
24 အချို့တို့သည် ပေါလု၏စကားကို ယုံကြ၏။ အချို့တို့သည် မယုံဘဲနေကြ၏။- 25 ထိုသို့ အချင်းချင်းသဘောကွဲပြား၍ သွားကြ၏။ သွားကြစဉ်တွင် ပေါလုသည် စကားတစ်ခွန်းကို ပြောလိုက်သည်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ပရောဖက် ဟေရှာယအားဖြင့် မိန့်တော်မူချက်ဟူမူကား၊- 26 သင်တို့သည် ကြားလျက်ပင် အနက်ကို နားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့်မည်ဟု ထိုလူမျိုးရှိရာသို့ သွား၍ပြောလော့။- 27 အကြောင်းမူကား၊ သူတို့မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ သူတို့အနာရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင် သူတို့၏ စိတ်နှလုံးသည် မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ်မျက်စိကိုပိတ်လျက် ရှိကြ၏ဟု ငါတို့ဘိုးဘေးများအား လျောက်ပတ်စွာ မိန့်တော်မူ၏။-Ref ၂၈:၂၆-၂၇။ ဟေရှာ ၆:၉-၁၀။ 28 ထိုကြောင့် ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ကျေးဇူးတော်ကို တစ်ပါးအမျိုးသားတို့အား ပေးလိုက်သည်ဖြစ်၍၊ သူတို့သည်နားထောင်မည်အရာကို သင်တို့ သိမှတ်ကြလော့ဟု၊- 29 ပေါလုပြောဆိုပြီးမှ၊ ယုဒလူတို့သည် သွား၍ အချင်းချင်းများစွာသော ဆွေးနွေးနှီးနှောခြင်း ရှိကြ၏။+ ၂၈:၂၉ အချို့ရှေးမူများ၌ အခန်းငယ် (၂၉) မပါ
30 ထိုနောက်မှ ပေါလုသည် နှစ်နှစ်ပတ်လုံး မိမိငှားသော အိမ်၌နေသဖြင့်၊ မိမိထံသို့လာသော သူအပေါင်းတို့ကို ဧည့်ခံ၍၊- 31 အဘယ်သူမျှမမြစ်တားဘဲ၊ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို အတည့်အလင်းဟောပြော၍၊ သခင်ယေရှုခရစ်၏ အကြောင်းများကို သွန်သင်ပြသလျက်နေ၏။
ရှင်လုကာစီရင်ရေးထားသောတမန်တော်ဝတ္ထုပြီး၏။