2
1-2 မျက်နှာပြောင်တိုက်သောအိုလူမျိုး၊ ဆုံးဖြတ်တော်မူချက်အတည်မပြုသေးသည့်အတွင်း၊ ဖွဲကဲ့သို့အမြန်ကုန်သောကာလမလွန်၊ ထာဝရဘုရား၏အမျက်တော်ရှိန်မသင့်၊ အမျက်ဒဏ်ထားရာနေ့မတိုင်မီ စုရုံးကြလော့။ စိတ်နှိမ့်ချစွာ တရားစောင့်သော၊ အိုပြည်သူပြည်သားတို့၊ ထာဝရဘုရားကိုလည်းေကာင်း၊ ဖြောင့်မတ်ခြင်းတရား၊ စိတ်နှိမ့်ချခြင်းတရားကိုလည်းေကာင်း၊ ရှာတွေ့ကြလော့။ ထာဝရဘုရားအမျက်ဒဏ်ထားရာနေ့၌၊ သင်တို့သည်၊ ပုန်းရှောင်ခွင့်ရကောင်းရကြလိမ့်မည်။
ဂါဇမြို့သည် လက်လွှတ်ရာ၊ အာရှကေလုန်မြို့သည် ဆိတ်ညံရာရောက်လိမ့်မည်။ အာဇုတ်မြို့သည်မွန်းတည့်အချိန်၌နှင်ထုတ်ခြင်း၊ ဧကြုန်မြို့သည်ဆွဲနုတ်ခြင်း ခံရလတ္တံ့။ သမုဒ္ဒရာကမ်းခြေခရိုင်ရှိ၊ ခေရသိလူမျိုးသည် အမင်္ဂလာရှိကြ၏။ ဖိလိတ္တိလူမျိုးနေထိုင်ရာအိုခါနာန်ပြည်၊ သင့်ကိုရည်၍ ထာဝရဘုရားထုတ်သောအမိန့်တော်ကား။ တိုင်းရင်းသားမရှိသည့်တိုင်အောင်၊ ငါဖျက်ဆီးမည့်အလျောက်၊ သမုဒ္ဒရာကမ်းခြေခရိုင်သည်၊ စားကျက်များ၊ သိုးထိန်းတို့တဲများ၊ သိုးခြံများဖြစ်လိမ့်မည်။ သုံ့ဘမ်းခံရသောယုဒအမျိုးသားအကြွင်းအကျန်တို့ကို၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားအကြည့်အရှုကြွလာလျက်၊ ပြန်လာစေတော်မူသည့်အတိုင်း၊ ထိုခရိုင်သည် သူတို့ထိန်းကျောင်းရာ၊ အာရှကေလုန်မြို့ရှိအိမ်များလည်း သူတို့ညဉ့်အိပ်ရာအရပ်ဖြစ်လတ္တံ့ဟူ၍တည်း။
8-9 ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်က၊ ငါ့လူမျိုးတော်ကို ကဲ့ရဲ့၍ ပြည်တော်ကိုစော်ကားသော၊ မောဘလူမျိုးတို့ကဲ့ရဲ့ခြင်း၊ အမ္မုန်အမျိုး သားတို့ဆဲရေးခြင်းကို၊ ငါကြားသိလေပြီ။ သို့ဖြစ်၍၊ မောဘပြည်သည်၊ သောဒုံမြို့၊ အမ္မုန်ပြည်သည်၊ ဂေါမောရမြို့ကဲ့သို့၊ ရှားစောင်းပေါက်ရာ၊ ဆားထွက်ရာဖုန်းဆိုးကုန်းတည်မြဲ လျက်၊ လူမျိုးတော်အကြွင်းအကျန်တို့လက်ရသိမ်းယူရာဖြစ်လတ္တံ့ဟု၊ အသက်တော်ကို တိုင်တည်၍ငါမိန့်ဆို၏။ 10 ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရား၏လူမျိုးတော်ကို၊ ကဲ့ရဲ့၍စော်ကားကြသောကြောင့်၊ ဂုဏ်အသရေအစား၊ ထိုသို့ခံရကြလတ္တံ့။ 11 လောကဘုရားဟူသမျှကို ပိန်ကြုံစေမည့်ငါထာဝရဘုရားသည်၊ ထိုလူမျိုးတို့အား ကြောက်ရွံ့ဖွယ်အဖြစ်ထင်ရှားလျက်၊ ကျွန်းကြီးကျွန်းငယ်ရှိ လူမျိုးခြားအပေါင်း တို့သည်၊ နေရင်းအရပ်မှပင်၊ ငါ့ကိုရှိခိုးရကြလတ္တံ့ဟုမိန့်တော်မူ၏။ 12 အိုကုရှလူမျိုး၊ သင်တို့လည်းဓားတော်ဖြင့်လုပ်ကြံခံရကြလတ္တံ့။
13 ကိုယ်တော်သည်၊ မြောက်ပိုင်းအာရှုရိပြည်ကို၊ ဆန့်တန်းသောလက်ရုံးတော်ဖြင့် ဖျက်ဆီးပြီးလျှင်၊ နိနဝေမြို့တော်ကိုလည်း သဲကန္တာရကဲ့သို့၊ သွေ့ခြောက်သောမြို့ ဆိုးကုန်းဖြစ်စေတော်မူသည့်အတိုင်း၊ 14 သားရိုင်းအမျိုးမျိုးတို့သည်၊ ထိုမြို့ပျက်တွင်စုရုံးအိပ်၀ပ်ခြင်း၊ ၀ံပိုနှင့် ဗျိုင်းတို့သည်တိုင်ထိပ်များ၌နား၍၊ လေသာပေါက်များ၌မြည်ခြင်းကိုပြုစဉ်။ အခင်းအကာကို ဖျက်တော်မူပြီးသော၊ တိုက်အိမ်များသည်။ ဆိတ်ဆိတ်ညံညံ ဖြစ်လိမ့်မည်။ 15 ငါမှတစ်ပါးအခြားမြို့မရှိဟု အောက်မေ့လျက်၊ ပျော်မွေ့လျစ်လျူစွာနေထိုင်သောမြို့တော်ကား၊ ထိုမြို့တည်း။ လူတို့ဆိတ်ညံရာ၊ သားရိုင်းတို့အိပ်ဝပ်ရာဖြစ်ပြီတကား။ သီသွားသူတိုင်း လက်ညှိုးညွှန်လျက်ပြက်ရယ်ပြုကြလတ္တံ့။