8
ငါသို့ရောက်ပြန်သော၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၏ ဗျာဒိတ်တော်ကား။ ငါသည် ဇိအုန်မြို့ကို ထောက်၍၊ အားကြီးသောစိတ်၊ ထက်သန်သောစေတနာကြောင့် အမျက်တော်ထားသည်ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။ ဇိအုန်တောင်သို့ပြန်ကြွပြီးသော ငါသည်၊ ယေရုရှလင်မြို့တွင်စံနေမည့်အလျောက်၊ ထိုမြို့တော်ကို၊ သစ္စာတည်သောမြို့ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရား၏တောင်တော်ကို၊ သန့်ရှင်းသောတောင်ဟု၊ သမုတ်ကြမည့်အကြောင်း၊ ထာဝရဘုရားမိန့်တော်မူ၏။ အိုမင်းလှသည့်အတွက်၊ တောင်ဝေးစွဲရသော အသက်ရှည်သူယောက်ျားမိန်းမတို့သည်၊ ယေရုရှလင်မြို့ရှိလမ်းများတွင် စင်္ကြံေလျှာက်သည့်ပြင်၊ ကစားလျက်နေသောသူငယ်၊ သူငယ်မတို့လည်း၊ လမ်းတိုင်းပြည့်နှက်ကြဦးမည်ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။ ဤအချင်းအရာသည်၊ ထိုကာလ၌ရှိသောလူမျိုးတော်အကြွင်းအကျန်ရှေ့တွင်၊ ထူးဆန်းဖွယ်ဖြစ်ခဲ့လျှင်၊ ငါ့ရှေ့တွင်လည်း ထူးဆန်းဖွယ်ဖြစ်မည်လောဟု၊ ဗိုလ်ခြေ တို့အရှင်ထာဝရဘုရားမေးတော်မူ၏။ လူမျိုးတော်ကို၊ နေထွက်ရာ၊ နေဝင်ရာပြည်များမှ၊ ငါကယ်ဆယ်ဆောင်ယူမည့်အလျောက်၊ ယေရုရှလင်မြို့တွင်နေထိုင်ရသောသူတို့သည်၊ ငါ့လူမျိုးတော်၊ ငါလည်း သူတို့ဘုရားသခင်ဖြစ်လျက်၊ ဖြောင့်မတ်စွာ သစ္စာစောင့်ကြလိမ့်မည်ဟု၊ ဗိုလ်ခြေတို့အရှင် ထာဝရဘုရားမိန့်တော်မူ၏။ ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရား၏ ဗိမာန်တော်တိုက်မြစ်ချသောနေ့ရက်တွင် တည်ဆောက်ရမည်ဟူ၍ ပရောဖက်တို့ဆင့်ဆိုခဲ့သည့်အချက်များကို၊ ယခုကြားနာ ရသူသင်တို့၊ လက်သတ္တိရှိကြစေ။ 10 ထိုကာလမရောက်မီ လူအခ၊ တိရစ္ဆာန်အခမရှိ။ ထွက်သူဝင်သူတို့သည်၊ ရန်ဘက်ကြောင့်ရန်ကင်း၍မနေ။ အချင်းချင်းတို့ကို ငါရန်တိုက်သည်ဟု၊ ဗိုလ်ခြေတို့အရှင် ထာဝရဘုရားမိန့်တော်မူ၏။ 11 ယခုမှာမူ၊ ထိုကာလကဲ့သို့၊ ဤလူမျိုးအကြွင်းအကျန်တို့၌၊ ငါပြုမည်မဟုတ်။ 12 စည်းစိမ်ချမ်းသာဆိုင်ရာ မျိုးစေ့ရှိသည့်အလျောက်၊ စပျစ်ပင်သည် အသီးသီးခွင့်၊ မြေသည်အသီးအနှံပေးခွင့်၊ ကောင်းကင်သည် နှင်းကျခွင့်ကို ရသဖြင့်၊ ဤလူမျိုး အကြွင်းအကျန်တို့လည်း။ ထိုရှိသမျှကို ပိုင်ခွင့်ရကြလတ္တံ့။ 13 အိုယုဒနှင့် ဣသရေလအမျိုးသားတို့၊ သင်တို့ကို ငါကယ်ဆယ်မည်ဖြစ်၍၊ လူမျိုးခြားတို့တွင် အမင်္ဂလာခံဘူးသောသင်တို့သည်၊ မင်္ဂလာအရင်းခံဖြစ်ကြလိမ့်မည်။ ကြောက်ရွံ့ခြင်းကင်းလျက်၊ လက်သတ္တိရှိကြစေဟု ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။ 14 သင်တို့ဘိုးဘေးများသည်၊ ငါ့ကိုအမျက်တိုက်ပြုကြသည့်ကာလ၊ မကောင်းကျိုးပေးမည်ဟု၊ စိတ်တော်မပြောင်းဘဲ ငါပြဋ္ဌာန်းခဲ့သည်နည်းတူ၊ 15 ယခုကာလ၌၊ ယေရုရှလင်မြို့နှင့် ယုဒအမျိုးသားတို့အား၊ ကောင်းကျိုးပေးရန် ငါပြဋ္ဌာန်းပြီ။ မကြောက်ရွံ့ကြလင့်ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။ 16 လူအချင်းချင်း သစ္စာသုံးခြင်း၊ မြို့တံခါးတွင်ရန်ငြိမ်းအောင် တရားသဖြင့် ဆုံးဖြတ်ခြင်းများကို ပြုကြလော့။ 17 အချင်းချင်း မကောင်းကြံစည်ခြင်း၊ မုသာသုံး၍သက်သေခံခြင်းများကို ငါရွံရှာသည့်အတွက်၊ မပြုကြလင့်ဟု၊ ထာဝရဘုရားမိန့်တော်မူသည်ဟူ၍တည်း။
18 ငါသို့ရောက်ပြန်သော၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၏ ဗျာဒိတ်တော်ကား။ 19 စတုတ္ထ၊ ပဥ္စမ၊ သတ္တမ၊ ဒသမလများတွင်၊ အစာရှောင်ရာသိတင်းများကို ယုဒအမျိုးသားတို့သည် သစ္စာစောင့်ခြင်း၊ ရန်ငြိမ်းခြင်း ခင်မင်လျက်၊ အားရဝမ်းမြောက် ရွှင်လန်းစွာကျင်းပကြရမည်ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။ 20 နောင်ကာလ၊ အခြားသောလူမျိုးလူစုတို့သည်၊ မြို့အမြောက်အမြားက အဖူးလာကြသည့်အလျောက်၊ 21 ထာဝရဘုရား၏မျက်နှာတော်ကိုဖူးမြော်ရန်လည်းေကာင်း၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားကိုရှာဖွေရန်လည်းေကာင်း၊ သွားကြကုန်အံ့။ ငါ့ကိုယ်တိုင်သွားမည်ဟု၊ တစ်မြို့သားတို့က တစ်မြို့သားတို့အား၊ တိုက်တွန်းကြလိမ့်မည်။ 22 မြောက်မြားသောလူမျိုး၊ တန်ခိုးကြီးသောနိုင်ငံသားတို့သည်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားကိုရှာဖွေ၍၊ မျက်နှာတော်ကိုဖူးမြော်ရန်၊ ယေရုရရှလင်မြို့သို့လာရောက် ကြလတ္တံ့ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။ 23 ထိုနေ့ရက်ကာလ၌၊ ဘာသာစကားအမျိုးမျိုးဖြစ်သောလူမျိုးခြားတို့အနက်၊ လူတစ်ကျိပ်သည်၊ ယုဒအမျိုးလူတစ်ဦး၏ပုဆိုးကိုကိုင်လျက်၊ သင်တို့နှင့်အတူ ဘုရားသခင် ရှိတော်မူသောသတင်းကို ကြားရသည့်အတွက်၊ ကျွန်ုပ်တို့လိုက်ပါမည်ဟု ဝန်ခံကြမည့်အကြောင်း၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူသည်ဟူ၍တည်း။