4
ဘုရားသခင့်မျက်မှောက်တော် ရှင်သူသေသူတို့ကိုစီရင်ဆုံးဖြတ်တော်မူမည့် ခရစ်တော်ယေရှုမျက်မှောက်တော်၌ ထိုအရှင်ထင်ရှား၍ တည်ထောင်သောနိုင်ငံတော်ကိုတိုင်တည်လျက် ငါသတိပေးသည်မှာ တရားတော်ကိုကြော်ငြာလျက်၊ အခါအခွင့်တော်မတော်၌ အသင့်ရှိလျက် ခပ်သိမ်းသောစိတ်ရှည်ခြင်း၊ သင်ကြားခြင်းနှင့်တကွ အပြစ်ဖော်ပြ၍ ဆုံးမနှိုးဆော်လော့။ အသို့ဆိုသော် ကျန်းခံ့ရေးဒေသနာကိုမနာခံလိုဘဲ ယားသောနားရှိလျက် ကိုယ့်သဘောအတိုင်း များပြားသောဆရာတို့ကို ရှာပြီးလျှင်၊ သမ္မာတရားမှနားလွှဲလျက် ပုံဝတ္ထုများသို့လွှဲသွားကြသောကာလ ရောက်တော့မည်။ သင်မူကား အရာရာ၌သတိရှိလျက်၊ ဒုက္ခခံလျက်၊ ဓမ္မကတိကပြုလျက်၊ အမှုတော်ဆောင်မြဲဆောင်လျက်နေလော့။ ငါသည်သွန်းလောင်းရာအဖြစ် ပူဇော်ခံရတော့မည့်အလျောက် ထွက်သွားချိန်တိုင်ရောက်ပြီ။ ပြေးပွဲမြတ်၌ ငါ့လုံ့လထုတ်ပြီ။ တာအဆုံးတိုင်ရောက်ပြီ။ ယုံကြည်ခြင်းတရားကို စောင့်ထိန်းခဲ့ပြီ။ ယခုမှစ၍ ငါ့အဖို့ဖြောင့်မတ်ခြင်းဆိုင်ရာသရဖူရန်ထားလျက်ရှိသဖြင့် ဖြောင့်မတ်သောတရား မင်းတည်းဟူသောအရှင်ဘုရားသည် ထိုသရဖူကို ငါ့အားသာမဟုတ်၊ ထင်ရှားတော်မူခြင်းကို နှစ်သက်သူရှိသမျှတို့အားလည်း နေ့တော်ကြီး၌သနားတော်မူလိမ့်မည်။
9-10 ငါ့ထံမကြာမီလာဖြစ်အောင်ကြိုးစားလော့။ ဒေမသည် ဤလောကကိုနှစ်သက်သဖြင့် ငါ့ကိုစွန့်ပစ်၍ သက်သာလောနိတ်မြို့သို့ ထွက်သွားလေပြီ။ ကရက္ကေသည် ဂလာတိပြည်သို့လည်းေကာင်း၊ တိတုသည် ဒါလမာတိပြည်သို့လည်းေကာင်း ထွက်သွားရပြီ။ 11 လုကာတစ်ယောက်သာ ငါနှင့်အတူရှိ၏။ အမှုတော်ဆောင်ရွက်ရာတွင် ငါ့အဖို့အသုံးဝင်သူ မာကုကိုခေါ်ခဲ့လော့။ 12 တုခိတ်ကို ဧဖက်မြို့သို့ငါစေလွှတ်လိုက်၏။ 13 တရောမြို့တွင် ကာပုထံငါထားခဲ့သောဝတ်လုံကို သားရေစာလိပ်မှစ၍စာစောင်များပါ သင်လာသည့်ကာလ ယူခဲ့လော့။ 14-15 ပန်းတည်းဆရာအာလေဇန္ဒြုကို ကြဥ်ရှောင်လော့။ သူသည် ငါတို့ဟောပြောချက်ကိုအလွန်ခုခံလျက် ငါ့အားများစွာမကောင်းပြုခဲ့၏။ သူပြုကျင့်သည့်အတိုင်း အရှင်ဘုရားဆပ်ပေးတော်မူလိမ့်မည်။ 16 ပထမအကြိမ် ငါထုချေရသည့်ကာလ မည်သူမျှငါ့ဘက်မှာမနေဘဲ ရှိသမျှတို့စွန့်ခွာကြ၏။ ထိုအမှုကို သူတို့အပေါ်၌မှတ်တော်မမူပါစေနှင့်။ 17 အရှင်ဘုရားမူကား ငါဘက်၌နေတော်မူလျက် အနှံ့အပြားငါကြော်ငြာ၍ လူမျိုးခြားရှိသမျှတို့ကြားနာခွင့်ရစေခြင်းငှါ ငါ့ကိုခွန်အားနှင့်ပြည့်စေသည့်ပြင် ကေသရာဇာ့ခံတွင်းမှ လွတ်မြောက်စေတော်မူ၏။ 18 အရှင်ဘုရားသည် မကောင်းဟူသမျှမှငါ့ကိုလွတ်မြောက်စေပြီးလျှင် ကိုယ်တော်၏ကောင်းကင်နိုင်ငံတော်အဖို့ ကယ်တင်တော်မူလိမ့်မည်။ ကမ္ဘာအဆက်ဆက်ဘုန်းကြီးပါစေသတည်း။ အာမင်။
19 ပြစ်ကိလနှင့်အာကုလတို့မှစ၍ သြနေသိဖော့်အိမ်သူအိမ်သားတို့ကိုနှုတ်ဆက်လော့။ 20 ဧရတ္တုသည် ကောရိန္သုမြို့တွင်နေရစ်၏။ တရောဖိမ်ကိုလည်း နာဖျားမကျန်းရှိ၍ မိလက်မြို့၌ ငါထားခဲ့၏။ 21 ဆောင်းမဝင်မီရောက်အောင် ကြိုးစားလော့။ ဥဗုလု၊ ပုဒေ၊ လိနု၊ ကလောဒိမှစ၍ညီအစ်ကိုရှိသမျှတို့က သင့်ကိုနှုတ်ဆက်လိုက်ကြ၏။ 22 အရှင်ဘုရားသည် သင့်စိတ်ဝိညာဉ်၌တည်နေတော်မူပါစေသော။ ကျေးဇူးတော်သည် သင်တို့နှင့်အတူတည်ရှိစေသတည်း။