တိမောသေဩဝါဒကျမ်း
ဒုတိယစောင်
1
ခရစ်တော်ယေရှု၌ အသက်ရမည့်ကတိတော်တည်စေအံ့သောငှါ ဘုရားသခင့်အလိုတော်အတိုင်း ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သောပေါလုက ငါ့ချစ်သားတိမောသေ့ထံရေးလိုက်သည်မှာ၊ ခမည်းတော်ဘုရားသခင်နှင့် ငါတို့အရှင်ခရစ်တော်ယေရှုအထံတော်မှ ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းများသည် သင်၌တည်ရှိပါစေသော။
3-5 သင့်မျက်ရည်များကို သတိရစေသောငါသည် ရွှင်လန်းခွင့်နှင့်ပြည့်စေရန် နေ့ညဉ့်မပြတ် သင့်ကိုတွေ့မြင်လို၍ မေတ္တာပို့ချက်များတွင်သင့်ကိုအစဉ်အောက်မေ့ရာ အယောင်မဆောင် ယုံကြည်သောသင့်သဘောကိုသတိရသဖြင့် ဘိုးဘေးတို့အလိုက်ကြည်လင်သောသြတ္တပ္ပစိတ်နှင့် ငါဝတ်ပြုရာဘုရားသခင့်ကျေးဇူးတော်ကို ချီးမွမ်း၏။ ထိုယုံကြည်ခြင်းသည် သင့်အဖွားလောဣ၊ အမိဥနိတ်တို့၌ အထက်တည်ရှိသည့်နည်းတူ သင်၌လည်းတည်ရှိသည်ဟု ငါစိတ်ချသည်ဖြစ်၍၊ ငါလက်တင်ခြင်းအားဖြင့် သင်ရသောဘုရားသခင့်ဆုကျေးဇူးတော်မီးကို မွေးစေခြင်းငှာ သတိပေးလိုက်၏။ ဘုရားသခင်သည် ကြောက်ရွံ့စေသောဝိညာဉ်ကိုမဟုတ်။ အစွမ်းသတ္တိ၊ ချစ်ခြင်းမေတ္တာ၊ ဆုံးမသောသတိရှိစေသောဝိညာဉ်ကို ငါတို့အားသနားတော်မူ၏။ ထိုကြောင့် ငါတို့အရှင်သက်သေခံတော်မူချက်နှင့်စပ်၍သော်လည်းေကာင်း၊ ကိုယ်တော်၏အကျဉ်းသားဖြစ်သူ ငါနှင့်စပ်၍သော်လည်းေကာင်းမရှက်ဘဲ ဘုရားသခင့်တန်ခိုးတော်အားဖြင့် သတင်းတော်မြတ်အတွက် ငါနှင့်အတူဒုက္ခခံလော့။ 9-10 ဘုရားသခင်သည် ငါတို့အပြုအကျင့်များအလျောက်မဟုတ်။ ရှေးမဆွကာလများက ခရစ်တော်ယေရှုအားဖြင့် ငါတို့အားသနားတော်မူ၍ ငါတို့ကယ်တင်ရှင်ခရစ်တော်ယေရှုထင်ရှားတော်မူခြင်းအားဖြင့် ယခုဖော်ပြသောအကြံတော်နှင့်ကျေးဇူးတော်အလျောက် ငါတို့ကိုကယ်တင်၍ သန့်ရှင်းသောအဖြစ်အနေသို့ခေါ်ထားတော်မူ၏။ ခရစ်တော်ယေရှုလည်း သေခြင်းတရားကိုပယ်ဖျက်ပြီးလျှင် အသက်ရှင်ခြင်းနှင့်သင်္ခါရကင်းခြင်းတရားကို သတင်းတော်မြတ်အားဖြင့် ဖွင့်ထားတော်မူပြီဖြစ်၍၊ 11 သတင်းတော်မြတ်ကြားပြောသူ၊ တမန်တော်၊ ဆရာအဖြစ်၌ ခန့်ထားတော်မူခြင်းခံရသည့်အလျောက်၊ 12 ငါသည် ဒုက္ခများကိုခံရသော်လည်း၊ ရှက်ကြောက်ခြင်းမရှိ။ ငါယုံကြည်ပြီးသောအရှင်ကို သိကျွမ်းသည့်အတိုင်း ငါ့အားလွှဲအပ်တော်မူရာကို နေ့တော်မတိုင်မချင်း စောင့်ထိန်းတော်မူနိုင်သည်ဟုစိတ်ချ၏။ 13 ငါ့ထံမှကြားနာရသည့်ကျန်းခံ့ရေးတရားပုံစံကို ခရစ်တော်ယေရှု၌တည်သော ယုံကြည်ခြင်းနှင့် ချစ်ခြင်းအားဖြင့် စွဲမြဲလော့။ 14 သင်လွှဲအပ်ခံသောအရာမြတ်ကို ငါတို့၌တည်သောသန့်ရှင်းသောဝိညာဉ်တော်အားဖြင့် စောင့်ထိန်းလော့။
15 ဖုဂေလုနှင့်ဟေရမောဂင်တို့မှစ၍ အာရှိပြည်ရှိတပည့်အပေါင်းတို့သည် ငါ့ထံမှလွှဲသွားကြကြောင်း သင်သိ၏။ 16 သြနေသိဖော့်အိမ်သူအိမ်သားတို့အပေါ်တွင်အရှင်ဘုရားသည် ကရုဏာသက်တော်မူပါစေသော။ သူသည်ကြိမ်ဖန်များစွာငါ့ကိုအားပေးပြုစုသည့်ပြင်၊ ငါ့သံကြိုးအတွက် မရှက်ဘဲ၊ 17 ရောမမြို့သို့ရောက်သည့်ကာလ ငါ့ကိုတွေ့အောင်ကြိုးစား၍ရှာ၏။ 18 အရှင်ဘုရားသည်နေ့တော်ကြီး၌ သူ့အားကရုဏာတော်ကိုခံခွင့် သနားတော်မူပါစေသော။ ဧဖက်မြို့တွင်လည်း မည်မျှလုပ်ကျွေးသမှုသူပြုကြောင်း သင်ကောင်းစွာသိ၏။