တိမောသေဩဝါဒကျမ်း
ပဌမစောင်
1
ငါတို့ကယ်တင်ရှင်ဘုရားသခင်နှင့် ေမျှာ်လင့်ရာဖြစ်သောခရစ်တော်ယေရှု၏အမိန့်တော်အတိုင်း ခရစ်တော်ယေရှု၏တမန်တော်ပေါလုက ယုံကြည်ခြင်းတရား၌ ငါ့​သားစစ်ဖြစ်သူတိမောသေ့ထံ ရေးလိုက်သည်မှာ၊ ခမည်းတော်ဘုရားသခင်နှင့် ငါတို့အရှင်ခရစ်တော်ယေရှုအထံတော်မှ ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းများသည် သင်၌တည်ရှိပါစေသော။
3-4 ငါသည် မာကေဒေါနိပြည်သို့သွားဆဲတွင် ခြားနားသောဒေသနာကိုမသင်ကြားရဟူ၍လည်းေကာင်း၊ ပုံဝတ္ထုများ၊ အဆုံးမဲ့ဆွေစဉ်စာရင်းများကို ဂရုမပြုရဟူ၍လည်းေကာင်း၊ ဧဖက်မြို့တွင်ရပ်ဆိုင်းလျက် အချို့တို့အားမိန့်မှာစေရန် သင့်ကိုနှိုးဆော်ခဲ့သည့်အတိုင်း ထပ်၍နှိုးဆော်၏။ ထိုသို့သောစာရင်းများသည် ဘုရားသခင့်သာသနာတော်ကို သဒ္ဓါယုံကြည်ခြင်းဖြင့်မပြုစုဘဲ ဆွေးနွေးငြင်းခုံချက်များကိုသာပြုစု၏။ ထိုမိန့်မှာချက်၏အကျိုးကား စင်ကြယ်သောနှလုံး၊ ကြည်လင်သောသြတ္တပ္ပစိတ်၊ အယောင်မဆောင်ယုံကြည်သောသဘောများမှပေါ်လာသည့် ချစ်ခြင်းမေတ္တာတည်း။ 6-7 ကိုယ့်ဟောပြောချက်များကိုလည်းေကာင်း၊ ပြဌာန်းချက်၌ရည်ရွယ်ရာများကိုလည်းေကာင်း၊ နားမလည်သူအချို့တို့သည် ကျမ်းဆရာလုပ်လို၍ ဆိုခဲ့သောသဘောမျိုးမှတိမ်းရှောင်လျက် စည်းကမ်းလွတ်ပြောဆိုရာသို့လွှဲသွားကြလေပြီ။ တရားနှင့်အညီဖော်ပြလျက် ပညတ်တရားကောင်းမွန်ကြောင်းငါတို့သိလျက်ပင်၊ 9-11 ဖြောင့်မတ်သူအဖို့စီရင်တော်မူသည်မဟုတ်။ မတရားသူ၊ ခက်မာသူ၊ ဘုရားမဲ့သူ၊ အပြစ်ပြည့်သူ၊ မသန့်ရှင်းသူ၊ တရားလွတ်သူ၊ မိဘကိုသတ်ပုတ်သူ၊ လူ့အသက်ကိုသတ်သူ၊ မတရားမေထုန်ပြုသူ၊ ယောက်ျားချင်းမှားယွင်းသူ၊ လူကိုခိုးသူ၊ မုသာသုံးသူ၊ မမှန်ကျိန်ဆိုသူများမှစ၍ ငါ့အားလွှဲအပ်တော်မူသည့်သတင်း၊ မင်္ဂလာရှိသောဘုရားသခင့်ဘုန်းတော့်ဆိုင်ရာ သတင်းတော်မြတ်အတိုင်း ကျန်းခံရေးဒေသနာတော်ကို မည်သည့်ဆန့်ကျင်ရာမဆိုပြုကျင့်သူတို့အဖို့ စီရင်တော်မူကြောင်းသိမှတ်ကြ၏။
12 ငါ့ကိုသစ္စာရှိသည်ဟုမှတ်ယူလျက် အမှုတော်ဆောင်ခန့်ထားတော်မူသောကြောင့် ခွန်အားနှင့်ပြည့်စေတော်မူသော ငါတို့အရှင်ခရစ်တော်ယေရှု၏ကျေးဇူးတော်ကို ငါချီးမွမ်း၏။ 13 အထက်ကငါသည် ပုတ်ခတ်သူ၊ ညှဉ်းပန်းသူ၊ အနာတရပြုသူဖြစ်သော်လည်း၊ ယုံကြည်ခြင်း၊ နားလည်ခြင်းကင်းလျက်ပြုမိသည့်အတွက် ကရုဏာတော်ကိုခံရသည့်အလျောက်၊ 14 ခရစ်တော်ယေရှုအားယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ ငါတို့အရှင့်ကျေးဇူးတော်သည်အလွန်ကြွယ်ဝ၏။ 15 ခရစ်တော်ယေရှုသည် အပြစ်သားတို့ကိုကယ်တင်ခြင်းငှါ ဤလောကသို့ကြွလာတော်မူသည်ဟူသောစကားမှာ သစ္စာတည်ရာ၊ အကြွင်းမဲ့ခံယူထိုက်ရာစကားတည်း။ ထိုအပြစ်သားတို့တွင် ငါသည်လွန်ကဲသူဖြစ်ပေ၏။ 16 သို့ရာတွင် ထာဝရအသက်အလို့ငှါ ယေရှုခရစ်ကိုယုံကြည်အံ့သူတို့အဖို့ပုံစံဖြစ်စေရန် ခပ်သိမ်းသောစိတ်တော်ရှည်ခြင်းကို ငါ့အားဖြင့်လွန်ကဲစွာပြသတော်မူလို၍ ကရုဏာတော်ကိုငါခံရ၏။ 17 ထာဝရဘုရင်ဖြစ်တော်မူထသော၊ သင်္ခါရကင်းတော်မူထသော၊ မျက်ြမင်မရဖြစ်တော်မူထသော၊ တစ်ဆူတည်းသောဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းတော်အသရေတော်ကြီးပါစေသတည်း။ အာမင်။
18-19 ငါ့သားတိမောသေ၊ သင်သည်ယုံကြည်သောသဘောနှင့် ကြည်လင်သောသြတ္တပ္ပစိတ်စွဲမြဲလျက် စစ်မြတ်မှုထမ်းရစေခြင်းငှါ သင့်ကိုရည်၍ဟောနှင့်ခဲ့ကြသည့်အတိုင်း မိန့်မှာရင်းအချက်ကိုငါဆင့်ဆို၏။ ထိုစိတ်သဘောမျိုးကို အချို့တို့ပစ်ပယ်သဖြင့် ယုံကြည်ခြင်းသင်္ဘောပျက်ကြလေပြီ။ 20 ထိုသူတို့အဝင် ဟုမေနဲနှင့် အာလေဇန္ဒြုတို့ကိုမပုတ်ခတ်ကြစေရန် သွန်သင်ရာရောက်ခြင်းငှါ စာတန့်လက်သို့ငါအပ်လိုက်၏။