ဂီတမေဒဏီ
1
1-2 ရှောလမုန်၏ ဂီတမေဒဏီဟူမူကား၊ အရှင်၏မေတ္တာသည်၊ စပျစ်ရည်ထက်ချိုသည်ဖြစ်၍၊ ကျွန်မကို နမ်းရှုပ်လျက်နှုတ်ဆက်ပါစေ။ အရှင်လိမ်းကျံသောဆီသည် မွှေးကြိုင်၍၊ အမည်လည်းသွန်းလောင်းသောနံ့သာဆီနှင့် တူသောကြောင့်၊ ကညာရွယ်တို့သည်၊ အရှင်ကိုချစ်ခင်ကြပါ၏။ ကျွန်မကိုနောက်တော်သို့တွဲခေါ်တော်မူပါ။ ကျွန်မဖြစ်သူတို့လည်း ပြေးသွားကြပါမည်။ အရှင်မင်းသည် ကျွန်မကို တိုက်ခန်းသာသို့ ဆောင်ခဲ့တော်မူပြီ။ ကျွန်မဖြစ်သူတို့လည်း၊ ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်း၍၊ မေတ္တာတော်ကို စပျစ်ရည်ထက်ချီးမွမ်းကြမည်။ ကညာရွယ်တို့သည် အရှင်ကိုညီညွတ်စွာ ချစ်ခင်ကြပါ၏။ အချင်းယေရုရှလင်မြို့သူတို့၊ ကျွန်မသည် ကေဒါတဲများကဲ့သို့မည်းနက်သောအဆင်းရှိသော်လည်း၊ ရှောလမုန်မင်း၏ တင်းတိမ်ရံကဲ့သို့ တင့်တယ်၏။ ကျွန်မကို နေရှိန်ထိ၍ အဆင်းမည်းသောကြောင့် မကြည့်ကြပါနှင့်။ ကျွန်မ၏သားချင်းတို့သည် အမျက်ထွက်၍၊ စပျစ်ဥယျာဉ်များကို အစောင့်ခိုင်းကြပါ၏။ ကိုယ့်ဥယျာဉ်ကိုကား၊ ကျွန်မမစောင့်စည်းခဲ့ပါ။ ကျွန်မနှစ်သက်မြတ်နိုးရာအရှင်၊ ထိန်းကျောင်းတော်မူသော စားကျက်ကိုလည်းေကာင်း၊ မွန်းတည့်အချိန် ဝပ်နားစေသော အရပ်ကိုလည်းေကာင်း ပြတော်မူပါ။ ကျွန်မသည်အရှင့်အပေါင်း အဖော်တို့၏ သိုးအုပ်နားတွင်၊ အဘယ်ကြောင့် မျက်နှာဝှက်ရပါအံ့နည်း။
မိန်းမတကာတို့ထက် အဆင်းလှသောအရှင်မ၊ မသိလျှင်၊ သိုးများခြေရာကိုခံ၍၊ သိုးထိန်းတို့တဲနားမှာ၊ အရှင်မ၏သိုးငယ်များကို ကျွေးမွေးပါလော့။
ကျွန်မ၏ချစ်ဆွေ၊ အမောင်ကို ဖာရောမင်း၏ ရထားမြင်းနှင့် နှိုင်းယှဉ်လေပြီ။ 10 အမောင်သည် ပါးပြင်တွင် ကျစ်ဆံချ၍၊ လည်၌ပုတီးများကို ဆင်လျက် တင့်တယ်လှ၏။ 11 ငွေပွင့်ချယ်သော ရွှေကြိုးများကို အရှင့်အတွက် လုပ်ကြပါဦးမည်။
12 အရှင်မင်း ပွဲတော်တည်နေစဉ်၊ ကျွန်မထုံသောနာဒုဆီမွှေးသည် ပျံ့နှံ့လေ၏။ 13 ကျွန်မ၏ချစ်သူသည်၊ ရင်သားကြား၌ထားသောမုရန်ခဲနှင့်တူ၏။ 14 ကျွန်မ၏ချစ်သူသည်၊ အင်္ဂေဒိစပျစ်ဥယျာဉ်မှ ပေါက်သောဒန်းပွင့်ခိုင်နှင့်တူ၏။
15 ငါ၏ချစ်ဆွေ၊ သင်သည် အဆင်းလှပေ၏။ အလွန်လှပေ၏။ စက္ခုလည်း ချိုးမျက်စိနှင့်တူ၏။
16 ကျွန်မ၏ ချစ်သူ၊ အမောင်သည်၊ အဆင်းလှ၍နှစ်သက်ဖွယ်ဖြစ်၏။ အကျွန်ုပ်တို့အိပ်ရာသည် စိမ်းလန်း၏။ 17 အကျွန်ုပ်တို့၏အိမ်တိုင်ထုပ်လျောက်များသည်၊ သစ်ကတိုး၊ ဒိုင်းကျားများလည်း၊ ထင်းရူးဖြစ်သတည်း။