4
ထိုသို့ဟေဗြုန်မြို့၌ အာဗနာသေကြောင်းကို ရှောလုမင်း၏သားတော်ကြားသော် စိတ်လက်လျော့၍ ဣသရေလတစ်မျိုးလုံးလည်း ကြောက်ရွံ့ကြသတည်း။ 2-3 ရှောလုမင်း၏သားတော်၌ ဗင်္ယာမိန့်အနွယ်သားတို့အပါအဝင်၊ ဗေရုတ်မြို့နေရိမ္မုန်၏သား၊ ဗာနာနှင့်ရေခပ်အမည်ရှိသောတပ်မှူးနှစ်ယောက်ရှိ၏။ ဗေရုတ်မြို့သူမြို့သားတို့သည် ဂိတ္တိမ်မြို့သို့ ပြေးသွား၍ အာဂန္တုအဖြစ်ယနေ့တိုင် ခိုဝင်သည်နှင့် ဗေရုတ်မြို့ကို ဗင်္ယာမိန်နယ်ဟူ၍သတ်မှတ် ကြသတည်း။ ရှောလုမင်းသားတော်ယောနသန်၌လည်း ခြေဆွံသောသားတစ်ယောက်ကျန်ရစ်၏။ ယေဇရေလ ချိုင့်တွင် ရှောလုမင်းနှင့်ယောနသန်အဖြစ်အပျက်သတင်းရောက်သော်၊ အထိန်းတော်သည် ငါးနှစ်ရွယ်ရှိသော ထိုသားတော်ကို အလန့်တကြားချီပြေးစဉ်တွင် လွတ်ကျသဖြင့် ခြေဆွံ့လေ၏။ အမည်ကား မေဖိဗောရှက်တည်း။
5-6 တစ်နေ့သ၌ ဣရှဗောရှက်မင်းသည် နေ့လယ်အချိန်အိမ်နိမ့်တွင် စက်တော်ခေါ်စဉ် တံခါးစောင့် မိန်းမလည်း ဂျုံစပါးထောင်းလျက် ငိုက်မျဉ်းနေရာ၊ ဗေရုတ်မြို့နေရိမ္မုန်၏သား၊ ရေခပ်နှင့်ဗာနာညီ အစ်ကိုတို့သည် အိမ်နိမ့်သို့ရောက်လာလျှိုးဝင်သဖြင့် စက်ခန်းအတွင်း သလွန်ထက်ဝယ်စက်တော်ခေါ်သော ဣရှဗောရှက်မင်းကို ရိုက်သတ်ပြီးလျှင်၊ ခေါင်းကိုဖြတ်ယူလျက် အရာဗာချိုင့်လမ်းဖြင့် တစ်ညဉ့်လုံးပြေးသွား၍ ဟေဗြုန်မြို့၊ ဒါဝိဒ်မင်းထံခေါင်းကိုသွင်းဆက်ပြီးမှ အရှင့်အသက်အန္တရာယ်ကို လိုက်ရှာသော ရန်သူတော်ရှောလုမင်း၏သားတော်၊ ဣ​ရှဗောရှက်မင်း၏ခေါင်းကို ရှုတော်မူပါလော့။ အရှင်မင်းမြတ်၌ ရှောလုမင်းနှင့်သားတော်ရှာကြံခဲ့သော အဆိုးမှုကို ယနေ့ပင်ထာဝရဘုရားပြန်ဆပ် တော်မူပြီဟု တင်လျှောက်ကြ၏။ 9-10 ဒါဝိဒ်မင်းက၊ လူတစ်ယောက်သည် သတင်းကောင်းမှတ်လျက် ရှောလုမင်းကွယ်လွန်ပြီဟု ကြား ပြောသောအခါ အသက်အန္တရာယ်အမျိုးမျိုးမှ ငါ့ကိုရွေးနုတ်တော်မူသောထာဝရဘုရားအသက်ရှင် တော်မူသည့်အတိုင်း ငါသည်ထိုသူ့ကို ကိုင်ဖမ်း၍ ဇိကလတ်မြို့တွင် ကွပ်မျက်ခဲ့ပြီ။ သတင်းပေးအတွက် ဆုလပ်ကား ထိုသို့ပင်တည်း။ 11 ယခုမှာ အိမ်အတွင်း သလွန်ထက်ဝယ် အိပ်စက်သောသူတော်ကောင်းကိုသတ်ခဲ့သော မသူတော်တို့ထံ ထိုသူ့အသွေးကိုတောင်းလျက် မြေပေါ်မှမုချပယ်ထိုက်သည်မဟုတ်လောဟု ဗေရုတ် မြို့နေရိမ္မုန်၏သား၊ ရေခပ်နှင့်ဗာနာညီအစ်ကိုတို့အား မိန့်ဆိုပြီးလျှင် 12 ငယ်သားတို့အား အမိန့်ထုတ်ဆင့်၍ ထိုသူတို့ကိုကွပ်မျက်စေလျက်၊ ခြေလက်များကို ဟေဗြုန် ကန်အနီးဖြတ်ယူဆွဲထား၏။ ဣရှဗောရှက်မင်းဦးခေါင်းကိုကား ဟေဗြုန်မြို့ရှိ အာဗနာ့သင်္ချၖိုင်းတွင် စျာပနပြုကြလေ၏။