24
တစ်ဖန် ထာဝရဘုရားသည် ဣသရေလလူမျိုးအပေါ်တွင် အမျက်တော်ထား၍ ဣသရေလ၊ ယုဒ အမျိုးကိုစာရင်းယူစေခြင်းငှါ ဒါဝိဒ်မင်းအား နှိုးဆော်တော်မူသည်နှင့် ဘုရင်မင်းက လူဦးရေကိုငါသိရန် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ဣသရေလအမျိုး အနွယ်ရှိသမျှသို့ လှည့်သွားလျက် လူမျိုးကိုစာရင်းကောက်ခဲ့လော့ဟု အပါးတော်ထမ်းဗိုလ်ချုပ် ယွာဘအားမိန့်ဆိုရာ ယွာဘက၊ ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားသည် အရှင်မင်းမြတ်ရှုတော်မူရန် လူတို့ကို အဆတစ်ရာတိုးပွားအောင်ပြုတော်မူပါစေသော။ သို့ရာတွင် အရှင်မင်းမြတ်သည် ဤအမှုကိုအဘယ် ကြောင့်ပြုတော်မူစေလိုပါသနည်းဟု တင်လျှောက်သော်လည်း ယွာဘနှင့်ဗိုလ်များအပေါ်တွင်အမိန့်တော်လွှမ်းမိုးသဖြင့် ယွာဘနှင့်ဗိုလ်များတို့ပါ ဣသရေလ လူမျိုးကိုစာရင်းကောက်ရန် အထံတော်မှထွက်သွားကြရာ ယော်ဒန်မြစ်ကိုကူး၍ ချိုင့်လယ်ရှိသောမြို့ယာဘက်၊ အာရော်မြို့တွင် စခန်းချပြီးလျှင် ဂဒ်နယ်သို့လည်းေကာင်း၊ ယာဇာမြို့သို့လည်းေကာင်း၊ ဂိလဒ်နယ်သို့လည်းေကာင်း၊ ဟိတ္တိပြည် ကာဒေရှမြို့သို့လည်းေကာင်း ဒန်မြို့သို့လည်းေကာင်း သွားရောက်ပြီးမှ ဇိဒုံမြို့ကိုလှည့်လျက် တုရုခံမြို့မှ ဟိဝိနှင့်ခါနနိလူမျိုးတို့နေရာ မြို့ရွာရှိသမျှသို့သွားရောက်ပြီးနောက် ယုဒနယ်၊ နေဂပ်ခရိုင်ရှိ ဗေရရှေဘမြို့တိုင်သွားရောက်ကြ၏။ ထိုသို့နိုင်ငံတစ်ဝှမ်းလုံးလှည့်သွား၍ ကိုးလနှင့်ရက်ပေါင်းနှစ်ဆယ်လွန်မှ ယေရုရှလင်မြို့သို့ပြန်ရောက်ကြသည့်ကာလ ယွာဘသည် လူဦးရေစာရင်းကို ဘုရင်မင်းအား ဆက်သရာ ဣသရေလအမျိုးဓားကိုင်သူရဲကောင်းရှစ်သိန်း၊ ယုဒသူရဲငါးသိန်းစာရင်းရသတည်း။
10 ဒါဝိဒ်မင်းသည် လူစာရင်းယူပြီးနောက် နောင်တရလျက် အကျွန်ုပ်ပြုမိသည်မှာ ပြစ်မှားလှပါ ပြီ။ အိုထာဝရဘုရား၊ အလွန်မိုက်မှားမိသော ကျွန်တော်မျိုး၏ဒုစရိုက်မှုကို ပယ်ပတော်မူပါဟု ထာဝရဘုရားအား အသနားတော်ခံလေ၏။ 11 နံနက်အချိန် ဒါဝိဒ်မင်းထသောအခါ ထာဝရဘုရား၏ဗျာဒိတ်တော်သည် ဒါဝိဒ်မင်း၏အမျှော်အမြင်ဆရာ၊ ပရောဖက်ဂဒ်သို့ရောက်လာ၍ 12 ဒါဝိဒ်ထံသွားရောက်ဆင့်ဆိုရမည်မှာ သင့်အပေါ်တွင် ငါမိုးထားသောဘေးသုံးမျိုးအနက် တစ်မျိုးကိုငါစီရင်ရန် ရွေးချယ်လော့ဟူသော ငါထာဝရဘုရားအမိန့်တော်ကို ဆင့်ဆိုရမည်ဟု မိန့်တော်မူသည့်အတိုင်း 13 ဂဒ်သည် ဒါဝိဒ်မင်းထံ ဝင်ပြီးလျှင် ပြည်တော်၌ ခုနစ်နှစ်ပတ်လုံးအစာခေါင်းပါးခြင်းကပ်သင့်လိုသလော။ ရန်သူတို့လိုက်လံစဉ်တွင် ၄င်းတို့ရှေ့သုံးလပတ်လုံး သင်ပြေးလိုသလော။ ပြည်တော်၌ သုံးရက်ပတ်လုံး ကပ်ရောဂါသင့်လိုသလော။ စေလွှတ်တော်မူသော အရှင့်ထံငါပြန်လျှောက်ခွင့် ရရန် ယခုပင်စဉ်းစားဆင်ခြင်လော့ဟုပြောဆိုသော်၊ 14 ဒါဝိဒ်မင်းက ငါသည်ကျဉ်းကျပ်ရာ ရောက်လေစွ။ ထာဝရဘုရား၏ ကရုဏာတော်ကြီးလှသည်ဖြစ်၍ လက်တော်သို့သာရောက်ပါစေ။ လူ့လက်သို့မရောက်ပါစေနှင့်ဟု ဂဒ်အားပြန်ပြောသည်နှင့် အညီ 15 ထာဝရဘုရားသည် ထိုနံနက်ယံမှစ၍ ပြဌာန်းတော်မူသောနေ့အတွင်း ဒန်မြို့မှဗေရရှေဘမြို့ တိုင် ကပ်ရောဂါသင့်စေတော်မူသဖြင့် ဣသရေလူမျိုးခုနစ်သောင်းသေကြကုန်၏။ 16 ယေရုရှလင်မြို့ကိုဖျက်ဆီးရန် စေတမန်တော်လက်ဆန့်စဉ် ထာဝရဘုရားသည် ထိုဘေးဒဏ်မှ စိတ်တော်ပြောင်းလဲ၍ တော်ပြီ။ သင့်လက်ရုပ်သိမ်းလော့ဟု လူမျိုးတော်ကို ဖျက်ဆီးသောစေတမန် တော်အား မိန့်တော်မူ၏။ ထိုအခါ ယေဗုသိလူမျိုးအရောန၏ ကောက်နယ်တလင်းအနီးတွင် စေတမန်တော်ရပ်နေသတည်း။ 17 လူမျိုးတော်အား ဒဏ်ခတ်သောစေတမန်တော်ကို မြင်ရလျှင် ဒါဝိဒ်မင်းက အကျွန်ုပ်ပြစ်မှား မိပါပြီ။ ဒုစရိုက်ကိုပြုမိပါပြီ။ ဤသိုးစုမှာမူမည်သို့ပြုဘိသနည်း။ အကျွန်ုပ်နှင့်ဆွေမျိုးသားချင်းတို့ အပေါ်တွင်သာ လက်တော်သင့်ရောက်ပါစေသောဟု ထာဝရဘုရားထံ အသနားတော်ခံလေ၏။
18 ထိုနေ့တွင် ဒါဝိဒ်မင်းထံဝင်ရောက်သော် ဂဒ်က၊ ယေဗုသိလူမျိုးအရောန၏ ကောက်နယ်တလင်း၌ ထာဝရဘုရားအား ပူဇော်ရာပလ္လင်ကို တက်သွား၍ တည်လော့ဟု 19 ထာဝရဘုရား၏ဗျာဒိတ်တော်ကို ဆင့်ဆိုသည့်အတိုင်း 20 ဒါဝိဒ်မင်းတက်သွားရာ ကျေးကျွန်သင်းပင်းတို့နှင့်တကွ ထွက်လာသည်ကို အရောနကြည့် မြင်လျှင် ဆီး၍ဘုရင်မင်းထံ ပျပ်ဝပ်ရှိခိုးလျက် 21 အရှင်မင်းမြတ်သည် ကျွန်တော်မျိုးရှိရာသို့ အဘယ်ကြောင့်ကြွလာတော်မူပါသနည်းဟု တင်လျှောက်သော် ဒါဝိဒ်မင်းက လူမျိုးတွင်ကပ်ရောဂါရပ်စဲစေခြင်းငှါ ထာဝရဘုရားအားပူဇော် ရာပလ္လင်တော်ကိုတည်လို၍ သင့်ကောက်နယ်တလင်းကိုဝယ်ရန် လာသည်ဟုမိန့်ဆိုလျှင် 22 အရောနက အရှင်မင်းမြတ် သဘောတော်ရှိရာယူ၍ ပူဇော်တော်မူပါ။ မီးရှို့ရာသက္ကာအဖို့ နွားများ၊ ထင်းအဖို့ စွပ်ဖားနှင့် နွားထမ်းပိုးများရှိပါသည်။ 23 အလုံးစုံကို ဘုရင်မင်းမြတ်ထံ ကျွန်တော်ဆက်ပါမည်ဟူ၍လည်းေကာင်း၊ ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားစိတ်တော်နှင့် တွေ့တော်မူပါစေသောဟူ၍လည်းေကာင်း၊ တင်လျှောက်ရာ 24 ဘုရင်မင်းက အဖိုးမဲ့ရသောအရာများကို ငါ့ဘုရားသခင် ထာဝရဘုရားအား မီးရှို့ပူ​ဇော်မည် မဟုတ်။ မုချတန်ဖိုးပေးမည်ဟု မိန့်ဆိုသည့်အတိုင်း ငွေဒင်္ဂါးငါးဆယ်ပေး၍ တလင်းနှင့်နွားများပါ ဝယ်ပြီးမှ 25 ထိုအရပ်၌ပင် ထာဝရဘုရားအား ပူဇော်ရာပလ္လင်တော်ကို တည်လျက် မီးရှို့ရာသက္ကာ မိတ်သဟာယသက္ကာများကိုဆက်ကပ်လျှင် ပြည်တော်အဖို့ ထာဝရဘုရားနားညောင်းတော်မူသဖြင့် ဣသရေလလူမျိုး၌ ကပ်ရောဂါဘေးရပ်စဲသတည်း။