19
ဘုရင်မင်းသည် အဗရှလုံ့အတွက် ငိုကြွေးမြည်တမ်းတော်မူသည်ဟု ယွာဘကြားလျှင်လည်းေကာင်း၊ သားတော့်အတွက် ဘုရင်မင်းစိတ်ကြေကွဲတော်မူသည်ဟု တပ်တော်သားတို့ကြားကြလျှင်လည်းေကာင်း၊ ထိုနေ့ပင်တစ်တပ်လုံး အောင်ပွဲခံရမည့်အစား၊ မြည်တမ်းမှုကိုပြုရကြသဖြင့်၊ စစ်ပွဲမှ အရှက်ကွဲ၍ လျှို့တဝှက်ပြန်ပြေးရသောစစ်သားတို့နည်းတူ မြို့တွင်းသို့လျှို့တဝှက်ဝင်ရကြလေ၏။ ဘုရင်မင်းလည်း မျက်နှာတော်ကိုအုပ်လျက် အိုငါ့သား အဗရှလုံ၊ အိုအဗရှလုံငါ့သား၊ ငါ့သားဟု အော်ဟစ်ငိုကြွေးလျက်စံနေရာ 5-6 ယွာဘသည် စံနန်းတော်အတွင်း ဘုရင်မင်းထံဝင်ပြီးလျှင်ဘုရင်မင်းအား မုန်းထားသူတို့ကို မြတ်နိုးလျက် ချစ်ခင်သူတို့ကိုမုန်းထားတော်မူသည်မှာ အသက်တော်နှင့်တကွ မိဖုရားမောင်းမမိဿံ၊ သားတော်သမီးတော်တို့၏အသက်ကို ကယ်ဆယ်သောကျေးကျွန်သင်းပင်းတို့မျက်နှာကို ယနေ့ပျက်စေတော်မူပြီ။ မှူးတော်မတ်တော်၊ ကျေးကျွန်သင်းပင်းတို့အား အရေးမယူကြောင်း၊ ယနေ့ထင်ရှားစွာပြတော်မူပြီ။ အဗရှလုံအသက်ရှင်လျက် ကျွန်တော်မျိုးအားလုံးတို့သေလျှင် အားရတော်မူမည်ကို ယနေ့သိရပါ၏။ ယခုပင် ထွက်ကြွတော်မူ၍ ကျေးကွျန်သင်းပင်းတို့အား မေတ္တာစကားကိုမိန့်တော်မူပါ။ ကြွတော်မမူက ယနေ့ညဉ့်တစ်ဦးတစ်ယောက်မျှ၊ ကိုယ်တော့်ထံခြံရံတော့မည်မဟုတ်ကြောင်း၊ ထာဝရ ဘုရားကိုတိုင်တည်၍ ကျွန်တော်တင်လျှောက်ပါ၏။ ထိုအရေးသည် ငယ်ရွယ်စဉ်ကစ၍ ယခုတိုင်အောင် ကိုယ်တော်တွေ့ကြုံခဲ့ဖူးသော ဒုက္ခဟူသမျှထက်၊ သာ၍ကြီးလေးပါလိမ့်မည်ဟု လျှောက်သော် ဘုရင်မင်းသည် မြို့တံခါးသို့ထွက်ကြွစံနေလေ၏။ ထိုသို့စံနေကြောင်းကို တစ်တပ်လုံးကြားသိသောအခါ အထံတော်ရောက်တိုးဝင်ကြကုန်၏။ ဣသရေလရဲမက်တို့မူကား အသီးအသီးနေအိမ်သို့ ပြေးသွားနှင့်ကြသတည်း။
ထိုကာလဣသရေလအမျိုးအနွယ်အပေါင်းတို့က ဖိလိတ္တိစသောရန်သူတို့လက်တွင်းမှ ငါတို့ကို ကယ်ဆယ်ခဲ့သောဘုရင်မင်းသည် အဗရှလုံကြောင့် ပြည်တွင်းမှထွက်ရှောင်တော်မူရပြီ။ 10 ငါတို့အပေါ်တွင် ရာဇဘိသိက်ဖြင့် ချီးမြှောက်ကြသော အဗရှလုံလည်း စစ်ပွဲ၌ကျဆုံးလေပြီ။ ဘုရင်မင်းကို မဆောင်ကြဉ်းဘဲ အဘယ်ကြောင့် တိတ်ဆိတ်စွာနေကြသတည်းဟု အချင်းချင်း ခိုက်ရန်ပြုလျက် နေကြလေ၏။
11-12 ဒါဝိဒ်မင်းသည် ပရောဟိတ်ဇာဒုတ်နှင့် အဗျာသာတို့ထံ အမိန့်ရှိလိုက်သည်မှာ ဘုရင်မင်းကို နန်းတော်သို့ဆောင်ကြဉ်းရန် ဣသရေလတစ်မျိုးလုံးတိုင်ပင်သောစကားငါကြားရပြီ။ သင်တို့မူ ကိုယ့်ဘုရင်ကိုနန်းတော်သို့ဆောင်ကြဉ်းအံ့သောအရေး၌ နှောင့်နှေးကြသည်ကား အဘယ်ကြောင့်နည်း။ သင်တို့သည် ငါ့ညီအစ်ကိုငါ့အရိုးအသားဖြစ်လျက် ဆောင်ကြဉ်းရန်အရေး၌အဘယ်ကြောင့် နှောင့်နှေးကြသနည်းဟု ယုဒလူကြီးတို့အား ပြောဆိုလော့။ 13 အာမသအားလည်း သင်သည် ငါ့အရိုးအသားဖြစ်သည်မဟုတ်လော။ ငါ့မျက်မှောက်တွင် ယွာဘနေရာ၌ သင့်ကိုအမြဲမခန့်ထားလျှင် ဘုရားသခင်သည် ငါ့အပေါ်တွင်သာ၍ အပြစ်စီရင်ပါစေ သောဟု ကြားပြောရမည့်အကြောင်း မှာလိုက်သည်နှင့်အညီ 14 ယုဒလူအပေါင်းတို့ကို တသဘောတည်းညွတ်စေသဖြင့် ကျေးကွျန်သင်းပင်းအပေါင်းတို့နှင့် တကွ ပြန်ကြွတော်မူပါဟု တင်လျှောက်ကြ၏။ 15 ဘုရင်မင်းပြန်လာ၍ ယော်ဒန်မြစ်သို့ရောက်သော် ယုဒတပ်သည် ဘုရင်မင်းကို ယော်ဒန်မြစ် တစ်ဖက်တိုင် လိုက်ပို့ရန် ကြံရွယ်လျက် ဂိလဂါလမြို့ရောက် ခရီးဦးကြိုဆိုကြလေ၏။
16-17 ဗာဟုရိမ်မြို့နေ ဗင်္ယာမိန့်အနွယ်၊ ဂေရသားရှိမိသည်၊ ဗင်္ယာမိန့်သူရဲတစ်ထောင်ပါလျက် ယုဒ တပ်နှင့်အတူ ဒါဝိဒ်မင်းကိုခရီးဦးကြိုဆိုရန် အသော့လာ၏။ ရှောလုမင်း၏နန်းတော်သား အပါအဝင်၊ ကျွန်ဖြစ်သူ ဇိဘလည်း သားဆယ့်ငါးယောက်၊ ငယ်သားနှစ်ဆယ်တို့ပါ ဘုရင်မင်းမျက်မှောက်၊ ယော်ဒန်မြစ်တွင်းသို့တဟုန်တည်းပြေးဆင်းလျက် 18 ဘုရင်မင်းအလိုတော်ရှိ နန်းတော်သားတို့ကို ခေါက်တုံ့ခေါက်ပြန်သယ်ပိုးကြ၏။ ဘုရင်မင်း ကူးမည့်ရှိရာ ဂေရသားရှိမိသည် ပျပ်ဝပ်ရှိခိုးလျက် 19 အရှင်ဘုရား၊ ကျွန်တော်မျိုးကိုအပြစ်ပေးတော်မမူပါနှင့်။ ယေရုရှလင်မြို့မှ အရှင်မင်းမြတ် ထွက်တော်မူသောနေ့၌ ဝန်တိုမိစ္ဆာပြုမိသောအရာကို အရေးယူ၍ ဂရုစိုက်တော်မမူပါနှင့်။ 20 ပြစ်မှားမိသည်ကို ကျွန်တော်သိပါ၍ ယောသပ်အနွယ်အနက် အရှင်မင်းမြတ်ကို ဦးစွာလာရောက်ကြိုဆိုသူကား ကျွန်တော်ပင်တည်းဟု တင်လျှောက်သော်၊ 21 ဇေရုယာ့သားအဘိရှဲက၊ ရှိမိသည် ထာဝရဘုရား၏ဘိသိက်တော်ခံမင်းကို ဆဲဆိုခဲ့သည့်အတွက် သေဒဏ်ခံထိုက်သည်မဟုတ်လောဟုဆိုလျှင် 22 ဒါဝိဒ်မင်းက၊ အိုဇေရုယာ့သားတို့ ယနေ့ငါ့ကိုဆန့်ကျင်ဘက်ပြုသော သင်တို့သည် ငါနှင့်မည်သို့ ဆိုင်ကြသနည်း။ ငါသည် ယနေ့ဣသရေလဘုရင်ဖြစ်ကြောင်းသိသဖြင့် ဣသရေလလူမျိုးတွင် တစ်စုံတစ်ယောက်ကိုမျှ သေဒဏ်ပေးမည်မဟုတ်ဟု မိန့်ဆိုပြီးမှ 23 ရှိမိအားလည်း သင်သည် သေဒဏ်ခံမည်မဟုတ်ဟု သစ္စာကတိထားလေ၏။
24 ထိုနောက် ဘုရင်မင်းထွက်ခွာသည့်နေ့မှစ၍ ဘေးလွတ်စွာပြန်လာသောနေ့တိုင်အောင် ခြေသည်းမထိုး၊ နှုတ်ခမ်းမွေးမဖြတ်၊ အဝတ်ကိုလည်း မဖွပ်မေလျှာ်သော ရှောလုမင်းမြေးတော် မေဖိဗောရှက်သည် ဘုရင်မင်းကို ခရီးဦးကြိုဆိုလာ၏။ 25 ယေရုရှလင်မြို့သူမြို့သားတို့ ခရီးဦးကြိုလာကြသောအခါ မေဗိဗောရှက်အား ဘုရင်မင်းက အိုမေဖိဗောရှက်၊ နောက်တော်သို့အဘယ်ကြောင့် မလိုက်ခဲ့သနည်းဟုမေးလျှင် 26 အရှင်မင်းမြတ်၊ ခြေဆွံ့သောကျွန်တော်မျိုးသည် နောက်တော်သို့စီးလိုက်ရန် မြည်းကိုကတင်မည့်ရှိရာ ကျွန်တော်မျိုး၏ကျွန်ကလှည့်စားပါ၏။ 27 ဘုရင်မင်းမြတ်အထံတော်၌လည်း ကျွန်တော်မျိုးကို ကုန်းချောပါပြီ။ အရှင်မင်းမြတ်သည် ဘုရားသခင့်စေတမန်တော်ကဲ့သို့ဖြစ်ပါ၍ သဘောတော်မြတ်ရာစီရင်တော်မူပါ။ 28 ကျွန်တော့်ဆွေမျိုးသားချင်းအပေါင်းတို့သည် အရှင်မင်းမြတ်ရှေ့တော်၌ လူသေသဖွယ်ဖြစ်ကြလျက်ပင် စားပွဲတော်တွင် စားရသူတို့နှင့်အတူ ကျွန်တော်မျိုးအားခွင့်ပေးတော်မူပါပြီ။ သို့ဖြစ်၍ ကျွန်တော်မျိုးသည် ဘုရင်မင်းမြတ်ထံ ထပ်မံအသနားခံရန် အခွင့်ကား မည်သို့ပါနည်းဟု တင်လျှောက်သော် 29 ကိုယ့်အမှုအရေးကို အဘယ်ကြောင့် လျှောက်တင်ရဦးမည်နည်း။ သင်နှင့်ဇိဘတို့ပါ ပိုင်မြေကိုခွဲယူကြလော့။ ငါစီရင်ပြီဟု ဘုရင်မင်းမိန့်ဆိုရာ 30 မေဗိဗောရှက်က အရှင်မင်းမြတ်သည် ဘေးလွတ်စွာနန်းတော်သို့ပြန်တော်မူရပြီဖြစ်၍၊ အားလုံးကိုပင် သူယူပါစေတော့ဟု တင်လျှောက်လေ၏။
31 ဂိလဒ်နယ်သား ဗာဇိလဲလည်း ရောဂေလိမ်မြို့မှ ဆင်းလာ၍ ယော်ဒန်မြစ်တစ်ဖက်တိုင်ဘုရင်မင်းလိုက်ပို့ခြင်း ငှာယော်ဒန်မြစ်ရောက်နောက်တော်က လိုက်လေ၏။ 32 ဗာဇိလဲသည် အလွန်ရတတ်သူ၊ အသက်ရှစ်ဆယ်ရွယ်အိုမင်းလှသူဖြစ်လျက် မဟာနိမ်မြို့တွင် ဘုရင်မင်းစံနေသမျှကာလပတ်လုံး လုပ်ကျွေးပြုစုသည်နှင့် 33 ဘုရင်မင်းက၊ ငါနှင့်အတူ ကူးလိုက်လော့။ ယေရုရှလင်မြို့၊ အပါးတော်တွင် သင့်ကိုငါလုပ် ကျွေးပြုစုဦးမည်ဟုမိန့်ဆိုလျှင်၊ 34 ဗာဇိလဲက၊ ဘုရင်မင်းနှင့်အတူ ယေရုရှလင်မြို့တော်သို့ လိုက်နေရမည်မှာ ကျွန်တော်အသက်ကြီးလှပါပြီ။ 35 ယနေ့ပင် အသက်ရှစ်ဆယ်ပြည့်လျက် ကျွန်တော်မျိုးသည် အဆိုးအကောင်းကိုပိုင်းခြား၍ အစားအသောက်အရသာကိုခံစားလျက် အငြိမ့်သည်အငြိမ့်သားတို့ သီဆိုသံကို အာရုံပြုနိုင်ပါမည်လော။ ကျွန်တော်မျိုးအတွက် အရှင်မင်းမြတ်အပေါ်တွင် အဘယ်ကြောင့် ဝန်ပိုဖြစ်စေရပါမည် နည်း။ 36 ကျွန်တော်မျိုးသည် ဘုရင်မင်းမြတ်နှင့်အတူ ယော်ဒန်မြစ်ကူးပြီးရုံသာ လိုက်ပါဦးမည်။ ထိုမျှလောက်ကြီးစွာသောဆုကို အဘယ်ကြောင့် ဘုရင်မင်းမြတ်ပေးတော်မူရအံ့နည်း။ 37 ကျွန်တော်မျိုးသည် မိဘသင်္ချၖိုင်းရှိရာ နေရင်းမြို့၌ သေလွန်ရန် ပြန်သွားခွင့်ပေးတော်မူပါ။ သို့ရာတွင် ကိုယ်တော့်ကျွန်ခိမဟံကိုကြည့်ရှုတော်မူ၍ နောက်တော်လိုက်ခွင့်ပြုလျက် သဘောတော်မြတ်ရာစီမံတော်မူပါဟု တင်လျှောက်သော်၊ 38 ဘုရင်မင်းက၊ ခိလဟံသည် ငါနှင့်အတူလိုက်ရမည်။ သူ့အားသင့်အလိုအတိုင်း၊ သင့်အားလည်း တောင်းလျှောက်သမျှအတိုင်း ငါပြုမည်ဟုမိန့်ဆိုပြီးနောက် 39 ယော်ဒန်မြစ်ကိုတပ်တော်သားအပေါင်းတို့ ကူးကြရာ ဘုရင်မင်းသည် ဗာဇိလဲကို နမ်းရှုပ်လျက် ကောင်းကြီးပေး၍ နေရင်းမြို့သို့ပြန်သွားခွင့်ပြုပြီးမှ ကိုယ်တော်တိုင်ကူးလေ၏။
40 ဘုရင်မင်းသည် ခိလဟံနောက်တော်ပါလျက် ဂိလဂါလမြို့ရောက်ကူးသွားရာ ယုဒတစ်တပ်လုံးနှင့် ဣသရေလတပ်ထက်ဝက်တို့လိုက်ပို့ကြ၏။ 41 ဣသရေလသူရဲအပေါင်းတို့သည် ဘုရင်မင်းထံတိုးဝင်၍၊ ညီအစ်ကိုချင်းဖြစ်ကြသော ယုဒသူရဲတို့သည် ဘုရင်မင်းမှစ၍ နန်းတော်သားတို့နှင့်တကွ နောက်တော်ပါအပေါင်းတို့ကို ယော်ဒန်မြစ် တစ်ဖက်ရောက်အဘယ်ကြောင့် လျှို့တဝှက်ဆောင်ကြဉ်းကြပါသနည်းဟု တင်လျှောက်ကြသော်၊ 42 ယုဒသူရဲအပေါင်းတို့က၊ ဘုရင်မင်းသည် ငါတို့နှင့်နီးစပ်သည်မဟုတ်ပါလော။ ဤအမှုအတွက် အဘယ်ကြောင့် စိတ်မျက်ကြသနည်း။ ငါတို့သည် ဘုရင်မင်း၏ရိက္ခာတော်ကိုစား၍ ဆုလပ်တော်ကို ခံယူကြပါသလောဟု ပြန်ပြောကြလျှင်၊ ဣသရေလသူရဲတို့ကလည်း၊ 43 ငါတို့မူကား၊ ဘုရင်မင်းကိုဆယ်ပိုင်းပိုင်၏။ သင်တို့ထက် ဒါဝိဒ်မင်းနှင့်သာ၍ဆိုင်၏။ ကိုယ့်ဘုရင်မင်းကို ဆောင်ကြဉ်းရန် ဦးစွာအကြံပေးသောငါတို့အား အဘယ်ကြောင့် မထီမဲ့မြင်ပြုကြ သနည်းဟု တုံ့ပြန်ပြောဆိုကြရာ ဣသရေလသူရဲတို့စကားထက် ယုဒသူရဲတို့စကားသည် ရုန့်ရင်းလေစွတကား။