18
1 ဒါဝိဒ်မင်းသည် နောက်တော်ပါတို့ကို ကြည့်ရှုစစ်ဆေးပြီးလျှင် ထောင်တပ်မှူး၊ ရာတပ်မှူးတို့ကို ခန့်ထား၏။
2 တပ်တော်ကိုသုံးစုခွဲ၍ တစ်စုကို ယွာဘသို့လည်းေကာင်း၊တစ်စုကို ဇေရုယာ့သား၊ ယွာဘညီ၊ အဘိရှဲသို့လည်းေကာင်း၊ တစ်စုကို ဂါသမြို့သား အိတ္တဲသို့လည်းေကာင်း အပ်လျက် ငါ့ကိုယ်တိုင်ကြပ်မချီတက်မည်ဟု တပ်တော်သားတို့ အားမိန့်ဆိုရာ
3 တပ်တော်သားတို့က၊ ချီတက်တော်မမူပါနှင့်။ ကျွန်တော်တို့ဆုတ်ပြေးရသည်ဖြစ်စေ၊ ထက်ဝက် ကျဆုံးသည်ဖြစ်စေ၊ ရန်သူတို့အရေးမယူလောက်ပါ။ ဘုရင်မင်းမှာမူ လူတစ်သောင်းထက်မြတ်ပါသည်။ သို့အတွက် ကျွန်တော်တို့ကို မစရန် မြို့တွင်း၌အသင့်စံတော်မူပါလျှင် သာ၍ကောင်းပါလိမ့်မည်ဟု တင်လျှောက်ကြသော်၊
4 ဘုရင်မင်းက၊ သင်တို့သဘောအတိုင်း ငါပြုမည်ဟု မိန့်ဆိုလေ၏။ တပ်တော်သားတို့လည်း ထောင်တပ်၊ ရာတပ်ချီထွက်ကြရာ ဘုရင်မင်းသည် မြို့တံခါးဝလမ်းနံဘေးတွင် ရပ်နေလျက်
5 ယွာဘ၊ အဘိရှဲ၊ အိတ္တဲတို့အား ငါ့မျက်နှာကိုထောက်၍ သားတော်အဗရှလုံကို ညှာတာကြလော့ဟု မိန့်မှာလိုက်၏။ တပ်အလုံးတို့လည်း အဗရှလုံနှင့်စပ်လျဉ်း၍ ဗိုလ်ချုပ်တို့အား အမှာစကားကို ကြားသိကြလေ၏။
6 တပ်တော်သားတို့သည် ဣသရေလရဲမက်တို့ကိုဆီးဆို့ရန် စစ်မြေပြင်သို့ချီထွက်၍ ဧဖရိမ်သစ်တော၌တိုက်ခိုက်ကြရာ
7 ဣသရေလတပ်သားတို့သည် ဒါဝိဒ်မင်း၏သူရဲတို့ရှေ့၊ ရှုံးနိမ့်လျက်၊ အပြင်းအထန်လုပ်ကြံ သဖြင့် ထိုနေ့ချင်းတွင် လူနှစ်သောင်းကျဆုံးလေ၏။
8 ထိုနေ့၌ တောတောင်အနှံ့စစ်သားတို့ကွဲလွင့်ကြသည်ဖြစ်၍ တောစာဖြစ်သူတို့သည် ဓားစာဖြစ်သူတို့ထက်များလေစွတကား။
9 လားစီးလျက် ပြေးသောအဗရှလုံသည် ဒါဝိဒ်မင်းသူရဲတို့နှင့် တွေ့ဆိုင်မိသည်နှင့် အကိုင်းအခက် ရှုပ်ထွေးသောညန်ပင်အောက်သို့စီးဝင်ရာ လည်ကိုအကိုင်းညှပ်သော်၊ လားရုန်းထွက်သဖြင့် မိုးမြေ အကြားတွဲလွဲနေရစ်လေ၏။
10 မြင်သူတစ်ယောက်က ညန်ပင်၌အဗရှလုံတွဲလွဲနေသည်ကို ကျွန်တော်မြင်ခဲ့သည်ဟု ယွာဘအား ကြားပြောရာ
11 သင်မြင်ခဲ့သည်မှန်က မြေသို့ကျအောင်အဘယ်ကြောင့်မထိုးသတ်သနည်း။ သတ်ခဲ့လျှင် ငွေဒင်္ဂၙါးတစ်ဆယ်နှင့်ခါးစည်းကို ငါဆုပေးလေပြီဟု ယွာဘပြောဆိုသော်
12 ကျွန်တော်သည် ငွေအခွက်တစ်ဆယ်ပင် လက်ဝယ်ခံရသော်လည်း ဘုရင့်သားတော်ကို လက်ရောက်ပြုဝံ့မည်မဟုတ်ပါ။ ကျွန်တော်တို့ကြားရခဲ့သည့်အတိုင်း သားတော်အဗရှလုံအား စောင့်ရှောက်ကြလော့ဟု ကိုယ်တော်နှင့်အဘိရှဲ အိတ္တဲတို့ကို ဘုရင်မင်းမှာတော်မူလိုက်ပါ၏။
13 အကယ်၍ သစ္စာတော်ကိုဖောက်လျက် အသက်အန္တရာယ်ကို ကျွန်တော်ရှာကြံလျှင် ဘုရင်မင်းထံ ဝှက်ကွယ်နိုင်သောအရာတစ်စုံတစ်ခုမျှ မရှိသည်နှင့်အညီ ကိုယ်တော်ပင်ကျွန်တော့်ဘက်၌ နေမည်မဟုတ်ပါဟုပြောဆိုသော်၊
14 ယွာဘက၊ သင်နှင့်အတူ ဖင့်နွှဲ့စွာငါမနေနိုင်ဟုဆိုလျက် လှံယဉ်သုံးစင်းကို ကိုင်ဆောင်၍ ညန်ကိုင်းလယ်တွင် အသက်ရှိသေးသောအဗရှလုံ၏နှလုံးကို ထုတ်ချင်းပေါက်ထိုးလျှင်
15 လက်နက်ကိုင်တစ်ကျိပ်တို့လည်း ဝိုင်းဝန်းခုတ်သတ်ကြသဖြင့် အဗရှလုံသေလေ၏။
16 ယွာဘသည် တပ်တော်သားတို့အား ပြန်သိမ်းရန် တံပိုးမှုတ်သော်၊ ဣသရေလရဲမက်တို့ကို လိုက်လံရာမှ တပ်တော်သားတို့ပြန်လာကြ၏။
17 အဗရှလုံ့အလောင်းကိုလည်း ဖြုတ်ယူ၍ ထိုတောရှိတွင်းနက်ထဲသို့ချပြီးလျှင် ကျောက်များကို ဖို့ပုံကြလေ၏။ ဣသရေလရဲမက်အပေါင်းတို့သည် အသီးအသီးနေအိမ်သို့ပြန်ပြေးကြ၏။
18 အဗရှလုံသည် ကိုယ့်အမည်မတိမ်ကောစေခြင်းငှါ သားမရှိဟုအောက်မေ့၍ အသက်ရှင်စဉ်အခါ မင်းချိုင့်တွင် ကျောက်တိုင်ကိုစိုက်ထူလျက် ကိုယ့်အမည်ဖြင့် သမုတ်ခဲ့သောကြောင့် ယနေ့တိုင်အောင် အဗရှလုံ့မော်ကွန်းဟုတွင်လေသတည်း။
19 ထိုအခါ ဇာဒုတ်သားအဟိမတ်က၊ ထာဝရဘုရားသည် ရန်သူတော်တို့လက်တွင်းမှ ကယ်လွှတ် တော်မူကြောင်းကို ကျွန်တော်အသော့သွား၍ ဘုရင်မင်းထံသတင်းကြားလျှောက်ပါရစေဟု ခွင့်ပန်လျှင်
20 ယွာဘက၊ သင်သည်ယနေ့သတင်းပေးမဖြစ်ရ။ နောက်နေ့သတင်းကိုကား ပေးခွင့်ရှိ၏။ ယနေ့မှာ သားတော်ကွယ်လွန်သည့်အတွက် သင်သတင်းပေးရန် မသင့်ဟုဆိုပြီးမှ
21 ကုရှလူမျိုးတစ်ယောက်အား၊ ဘုရင်မင်းထံသွား၍ သိမြင်သမျှကို လျှောက်ကြားလော့ဟု မိန့်ဆိုသည့်အတိုင်း ကုရှလူမျိုးသည် ယွာဘအားဦးညွှတ်လျက် အသော့သွားလေ၏။
22 တစ်ဖန် ဇာဒုတ်သား အဟိမတ်က၊ ဘေးတွေ့မည်ဖြစ်သော်လည်း ထိုကုရှလူမျိုး၏နောက်ထပ် အသော့လိုက်ပါရစေဟုအခွင့်တောင်းပြန်သော်၊ ငါ့သား ဆုရထိုက်သောသတင်းမဟုတ်ဘဲလျက် အဘယ်ကြောင့် သွားလိုသနည်းဟု ယွာဘမြစ်တားရာ
23 ဘေးတွေ့ပါစေတော့။ ကျွန်တော်သွားပါမည်ဟုဆိုလျှင် ယွာဘအခွင့်ပေးသဖြင့် အဟိမတ်သည် မြစ်ကမ်းခြေလမ်းဖြင့်သွား၍ ကုရှလူမျိုးကို လွန်လေ၏။
24 ဒါဝိဒ်မင်းသည် တံခါးတော်နှစ်ထပ်ကြားမှာထိုင်နေရာ တံခါးတော်အထက်မြို့ရိုးပေါ်သို့ တက်သွားသောကင်းစောင့်မြော်ကြည့်၍ လူတစ်ယောက်ပြေးလာသည်ကိုမြင်လျှင်
25 ဘုရင်မင်းအား အော်ဟစ်တင်လျှောက်သော် ဘုရင်မင်းက၊ တစ်ယောက်တည်းဖြစ်လျှင် သတင်းပေးဖြစ်လိမ့်မည်ဟု မိန့်ဆိုလေ၏။
26 ထိုသူချဉ်းလာရာကင်းစောင့်သည် အခြားသူပြေးလာသည်ကိုမြင်သည့်အတိုင်း လူတစ်ယောက် ပြေးလာသေးသည်ဟု တံခါးစောင့်အား အော်ဟစ်ပြန်ကြားသည့်ကာလ ဘုရင်မင်းက ထိုသူလည်း သတင်းပေးဖြစ်မည်ဟု မိန့်ဆိုလေ၏။
27 အရင်သူ၏လာခြင်းကား၊ ဇာဒုတ်သားအဟိမတ်လာခြင်းနှင့်တူပါသည်ဟုလျှောက်သော်၊ ဘုရင်မင်းက၊ ထိုသူကား လူကောင်းဖြစ်သည်။ သတင်းကောင်းပေးလိမ့်မည်ဟု အမိန့်ရှိ၏။
28 အဟိမတ်က၊ သုခချမ်းသာရှိပါစေသောဟု အော်ဟစ်ပြီးလျှင် မျက်မှောက်တော်တွင် ပျပ်ဝပ် ရှိခိုးလျက် အရှင်မင်းမြတ်တစ်ဘက်၌ လက်ရုံးထောင်သူတို့ကိုအပ်နှင်းတော်မူသော ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသောဟု တင်လျှောက်ရာ
29 ဘုရင်မင်းက၊ သားတော်အဗရှလုံချမ်းသာ၏လောဟု မေးလျှင် အဟိမတ်က၊ ယွာဘသည် ဘုရင်မင်းမြတ်၏ ကျွန်တော်မျိုးကိုစေလွှတ်သောအခါ ရုန်းရင်းခတ်ဖြစ်ဆဲကိုသာ မြင်ရသဖြင့် တပ်ရာမသိခဲ့ရပါဟု တင်လျှောက်သည့်ကာလ
30 ရွှေ့၍ရပ်နေဦးလော့ဟု ဘုရင်မင်းမိန့်ဆိုသည့်အတိုင်း ရွှေ့ရပ်လေ၏။
31 ကုရှလူမျိုးထပ်ရောက်သော် အရှင်မင်းမြတ်ထံသတင်းပေးရန်လာပါ၏။ ထာဝရဘုရားသည် ပုန်ကန်သူအပေါင်းတို့လက်တွင်းမှ ကိုယ်တော်ကိုယနေ့ကယ်လွှတ်တော်မူပါပြီဟု တင်လျှောက်လျှင်
32 သားတော်အဗရှလုံချမ်းသာ၏လောဟု ဘုရင်မင်းမေးပြန်သော်၊ ကုရှလူမျိုးက၊ အရှင်မင်း မြတ်၏ရန်သူတော်မှစ၍ အကျိုးတော်ပျက်ရန်သောင်းကျန်းသူအပေါင်းတို့သည် သားတော်ကဲ့သို့ ဖြစ်ကြပါစေသောဟု တင်လျှောက်သည့်ကာလ
33 ဘုရင်မင်းသည် နှလုံးတော်မသာလျက် မြို့တံခါးထိပ်တန်ဆောင်းတွင်းသို့ ဝင်ရန်တက်သွားစဉ် အိုငါ့သားအဗရှလုံ၊ ငါ့သား၊ ငါ့သား၊ အဗရှလုံ၊ သင့်ကိုယ်စားငါမသေပါလေ။ အိုအဗရှလုံ၊ ငါ့သား၊ ငါ့သားဟု ငိုကြွေးမြည်တမ်းလေ၏။