13
1-2 ဒါဝိဒ်မင်း၏သားတော်အဗရှလုံ၌ တာမာအမည်ရှိသော အဆင်းလှသူနှမတော်တစ်ပါးရှိရာ သားတော်ကြီးအာမနုန်သည် ကညာဖြစ်သော ထိုနှမတော်ကို အလွန်စုံမက်သဖြင့် အကြံမမြောက် နိုင်သည့်အတွက် စိတ္တဇရောဂါစွဲကပ်လေ၏။ အာမနုန့်အဆွေဖြစ်သော ဘကြီးတော်ရှိမာ၏သား၊ လှည့်ဖြားဉာဏ်ကောင်းသူ ယောနဒပ်က အိုမင်းသား၊ တစ်နေ့ထက်တစ်နေ့ အဘယ်ကြောင့် ဖျော့တော့ရသနည်း။ ကျွန်တော်ကို မပြောရ သလောဟုမေးလျှင် ညီတော်အဗရှလုံ၏နှမတော်တာမာကို ငါအလွန်စုံမက်သည်ဟု အာမနုန်ပြန် ပြောသော် ယောနဒပ်က၊ နာဟန်ဆောင်လျက် သလွန်ပေါ်မှာလျောင်းနေလော့။ ခမည်းတော်အကြည့်အရှု ကြွလာသောအခါ မင်းသားက၊ နှမတော်တာမာကို စေလွှတ်တော်မူ၍ ကျွန်တော့်ရှေ့တွင် သူချက်သည်ကိုမြင်လျက် သူ့လက်ဖြင့်ကျွေးသောအာဟာရကို စားရပါမည့်အကြောင်း အခွင့်တောင်း လော့ဟု အကြံပေးသည့်အလျောက် အာမနုန်သည် နာဟန်ဆောင်လျက် လျောင်းနေခိုက် ဘုရင်မင်းအကြည့်အရှုကြွလာသောအခါ အာမနုန်က နှမတော်တာမာကို စေလွှတ်တော်မူ၍ ကျွန်တော့်ရှေ့တွင် မုန့်နှစ်ပြားကိုလုပ်လျက် သူ့လက်ဖြင့် စားပါရစေဟု အခွင့်ပန်သည်နှင့်အညီ ဒါဝိဒ်မင်းလည်း တာမာရှိရာပင်တိုင်နန်းကိုစေ၍ မောင်တော်အာမနုန့်အိမ်တော်သို့သွားပြီးလျှင် အစာအာဟာရကိုချက်ပေးပါလော့ဟု မိန့်မှာသည့်အတိုင်း တာမာသည်လျောင်းနေသောမောင်တော်အာမနုန့်အိမ်တော်သို့သွားပြီးလျှင် မုန့်ညက်ကိုယူနယ် ၍မောင်တော့်ရှေ့မှာပင် မုန့်ပြားလုပ်လျက်ဖုတ်ကင်လေ၏။ ထိုနောက် မုန့်အိုးကင်းကိုကိုင်ယူ၍ အာမနုန့်ရှေ့တွင် တည်ထားစေရာ မစားဘဲ ငါ့ထံမှရှိသမျှတို့ ထွက်သွားကြစေဟု ဆိုသည့်အတိုင်း ထွက်သွားကြ၏။ 10 တာမာအားလည်း နှမတော်လက်ဖြင့် ငါစားရန် အဆောင်တွင်းသို့သွင်းခဲ့ပါလော့ဟုဆို သည့်အလျောက် တာမာသည် ကိုယ်တိုင်လုပ်ပြီးသောမုန့်ပြားများကို မောင်တော်အာမနုန်ရှိရာ အဆောင်တွင်းသို့သွင်းလေ၏။ 11 ထိုသို့အာမနုန်စားစေရန် ယူသွင်းခဲ့သောအခါ သူသည်ဖမ်းလျက် ငါ့နှမတော်လာလှည့် ငါနှင့်အတူအိပ်စက်ပါလော့ဟုဆိုရာ 12 တာမာက၊ အိုမောင်တော် နှမတော်ကိုမရှုတ်ချပါနှင့်။ ဣသရေလလူမျိုး၌မအပ်သော ထိုယုတ် မာမှုကိုမပြုပါလင့်။ 13 ကျွန်မသည် ကိုယ့်အရှက်ကိုမည်သည့်အရပ်သို့ပို့နိုင်သနည်း။ မောင်တော်လည်း ဣသရေလ အမျိုးလူယုတ်များအတွင်း အပါအဝင်ဖြစ်လိမ့်မည်။ ခမည်းတော့်ထံတောင်းလျှောက်ပါလော့။ မထိမ်းမြားဘဲနေတော်မူမည်မဟုတ်ပါဟု ပြောဆိုသော်လည်း 14 အာမနုန်သည်မနာမယူ။ နှမတော်ထက် အားကြီးသူဖြစ်၍ အိပ်စက်ရှုတ်ချလေ၏။ 15 ထိုနောက် အထက်စုံမက်သည်ထက် အလွန်စက်ဆုပ်ရွံရှာမုန်းလာသည်ဖြစ်၍ အာမနုန်က၊ ထသွားတော့ဟုဆိုလျှင် 16 နှမတော်က မသင့်ပါ။ နှမတော်အားမောင်တော်ပြုကျင့်ခဲ့သော ပြစ်မှုထက် ယခုနှင်ထုတ်ခြင်းပြစ်မှုသည် ကြီးလေးစွတကားဟုဆိုသော်လည်း အာမနုန်မနာမယူဘဲ 17 ကိုယ့်အမှုထမ်းအိမ်တော်သားကို ခေါ်လျက် ဤမိန်းမကိုနှင်ထုတ်၍ ကန့်လန့်ကျင်ထိုးလော့ဟု မိန့်ဆိုသည်နှင့်အညီ 18 သမီးတော်ကညာတို့ဝတ်ဆင်လေ့ရှိသည့် ရှည်လျားသောအဆင်တန်ဆာဆင်ယင်သူထိုမင်း သမီးကို အိမ်တော်သားနှင်ထုတ်၍ ကန့်လန့်ကျင်ထိုးလေ၏။ 19 တာမာသည် ရှည်လျားသောအဆင်တန်ဆာကိုဆုတ်ခြင်း၊ ဦးခေါင်းပေါ်တွင် ပြာတင်ခြင်းများ ကိုပြုပြီးလျှင် ထိပ်ထက်လက်တင်၍ အော်ဟစ်ငိုကြွေးလျက် ပြန်သွားလေ၏။ 20 မောင်တော်ရင်းအဗရှလုံက၊ သင်သည်မောင်တော်အာမနုန်နှင့် အတူနေခဲ့ရသလော။ အိုနှမတော်၊ မောင်တော်ဖြစ်သည်ကိုထောက်၍ တိတ်ဆိတ်စွာနေပါလော့။ ဂရုမစိုက်နှင့်ဟုသတိ ပေးသြဖင့် တာမာသည် မောင်တော်ရင်း အဗရှလုံ့အိမ်တော်တွင် အသရေပျက်လျက်နေရရှာလေ၏။ 21 ဒါဝိဒ်မင်းသည် ထိုသို့ဖြစ်ပျက်သမျှကိုကြားသိသောအခါ အမျက်တော်ခြောင်းခြောင်းထွက်လေ၏။ 22 အဗရှလုံလည်း နှမတော်တာမာကို အာမနုန်ရှုတ်ချသည်ဖြစ်၍ နောင်တော်အား အဆိုး အကောင်းကိုမျှမပြောဘဲ ရန်ငြိုးဖွဲ့လေ၏။
23 ထိုနောက်နှစ်နှစ်ကြာသော်၊ အဗရှလုံသည် ဧဖရိမ်မြို့အနီး၊ ဗာလဟာဇော်ရွာ၌ သိုးမွေးညှပ်ပွဲကျင်းပရာ ညီတော်နောင်တော်အပေါင်းတို့ကို ဖိတ်သည့်ပြင် ခမည်းတော်ထံတိုးဝင်လျက် 24 ကျွန်တော်မျိုးသည် သိုးမွေးညှပ်ပွဲကိုကျင်းပသည်ဖြစ်ပါ၍ ခမည်းတော်မှစသော မှူးတော်၊ မတ်တော်တို့ပါ ကျွန်တော်မျိုးနှင့်အတူ ကြွရောက်တော်မူပါဟု တင်လျှောက်လျှင် 25 ဘုရင်မင်းက မတော်ပါ၊ ငါ့သား၊ သင့်အပေါ်တွင်ဝန်လေးမည်ဖြစ်၍ အားလုံးမသွင်းသင့်ဟုဆို သော်၊ အဗရှလုံနှိုးဆော်တောင်းပန်သော်လည်း မလိုက်မကြွဘဲ ကောင်းကြီးပေးလေ၏။ 26 အဗရှလုံက၊ ကြွတော်မမူပါလျှင် နောင်တော်အာမနုန်ကိုစေလွှတ်တော်မူပါဟု တင်လျှောက်ပြန်ရာ အဘယ်ကြောင့် လွှတ်စေလိုသနည်းဟု ဘုရင်မင်းမေးသည့်ကာလ 27 အဗရှလုံနှိုးဆော်တောင်းပန်သည့်အတိုင်း အာမနုန်မှစ၍ မင်းသားအပေါင်းတို့ကို စေလွှတ်လေ၏။ 28 အိမ်တော်သားတို့အား အဗရှလုံသည် တင်ကူး၍မှာထားသည်မှာ စပျစ်ရည်သောက်သဖြင့် အာမနုန်ရွှင်လန်းသောအခါ အာမနုန်ကို သတ်ကြလော့ဟု ငါဆိုလျှင်ဆိုချင်း သတ်ကြလော့။ မကြောက်ကြနှင့်။ အမိန့်ပေးသူငါရှိပြီမဟုတ်လော။ အားယူလျက် ရဲရင့်စွာပြုကြဟုမှာထားသည် နှင့်အညီ 29 အာမနုန်ကို အိမ်တော်သားတို့လုပ်ကြံရာ မင်းသားအပေါင်းတို့သည်ထ၍ ကိုယ်စီလားစီးလျက် ပြေးသွားကြဆဲတွင် 30 မင်းသားအပေါင်းတို့ကို တစ်ပါးမချန်၊ အဗရှလုံသတ်ပြီဟု ဒါဝိဒ်မင်းကြားသော်၊ 31 ထ၍ဝတ်လဲတော်ကိုဆုတ်ပြီးလျှင် နန်းကြမ်းပြင်တွင်လှဲနေရာ အပါးတော်တွင်ခစားနေ သောမှူးမတ်အပေါင်းတို့လည်း ကိုယ့်အဝတ်ကိုဆုတ်ကြ၏။ 32 နောင်တော်ရှိမာ၏သား ယောနဒပ်က မင်းသားပျိုအပေါင်းတို့အား သတ်ပြီဟူသောသတင်းကို အရှင်ယုံတော်မမူသင့်ပါ။ အာမနုန်တစ်ပါးတည်းသာသေပါပြီ။ နှမတော်တာမာကိုရှုတ်ချသည့်နေ့က စ၍ အဗရှလုံရန်ငြိုးဖွဲ့လေပြီ။ 33 အရှင်မင်းမြတ်၏သားတော်ဟူသမျှ သေကြပြီဟုထင်လျက် နှလုံးပူပန်တော်မမူပါလင့်။ အာမနုန်တစ်ပါးတည်းသာသေပါပြီဟု တင်လျှောက်၏။ 34 အဗရှလုံမူကား၊ ထွက်ပြေးသတည်း။ ထိုအခါ ကင်းစောင့်အမှုထမ်းသည်ေမျှာ်ကြည့်၍ ကိုယ့်နောက်၊ တောင်ခြေလမ်း၍ လူများလာသည်ကိုမြင်ရာ 35 ဘုရင်မင်းအား ယောနဒပ်က၊ ရှုတော်မူပါ။ မင်းသားတို့ရောက်ကြပါပြီ။ ကျွန်တော်မျိုး လျှောက်ခဲ့သည့်အတိုင်းမှန်ပါပြီဟု 36 တင်လျှောက်ဆဲတွင် မင်းသားတို့ရောက်လာ၍ အော်ဟစ်ငိုကြွေးကြ၏။ ဘုရင်မင်းနှင့်မှူးမတ် အပေါင်းတို့လည်း သည်းစွာငိုကြွေးကြကုန်၏။ 37 အဗရှလုံလည်း ဂေရှုရဘုရင်၊ အမိဟုဒ်သား တာလမဲမင်းထံပြေးသွားလေ၏။ ဒါဝိဒ်မင်းသည် သားတော်ဦးအတွက်နေ့ရှိသမျှ မြည်တမ်းလေ၏။
38 အဗရှလုံသည် ဂေရှုရပြည်သို့ပြေးသွား၍ သုံးနှစ်ပတ်လုံးနေစဉ်အခါ 39 သေပြီးသောအာမနုန်ကို ဒါဝိဒ်မင်းအလွမ်းပြေလျက် အဗရှလုံကိုတသလေ၏။