11
ဘုရင်မင်းတို့စစ်ချီလေ့ရှိသော နှစ်ဦးသမယတိုင်ရောက်သောအခါ ဒါဝိဒ်မင်းသည် ယေရုရှလင် မြို့တွင်စံနေလျက် ယွာဘကို ဗိုလ်မှူးများနှင့်တကွ ဣသရေလအလုံးအရင်းပါ ချီတက်စေသည့် အတိုင်း အမ္မုန်အမျိုးသားတို့ကို တိုက်ဖျက်ပြီးမှ ရဗ္ဗာမြို့ကို ဝိုင်းထားကြ၏။
ဒါဝိဒ်မင်းသည် ညနေချမ်းအချိန်သလွန်မှ ထပြီးလျှင် နန်းတော်အမိုးပြင်တွင် စင်္ကြံေလျှာက်ခိုက်၊ ရှုချင်ဖွယ် အဆင်းလှသောမိန်းမတစ်ယောက်ရေချိုးလျက် နေသည်ကိုမြင်၍ မည်သူဖြစ်ကြောင်း စုံစမ်းစေရာ ဧလျံ့သမီး၊ ဟိတ္တိလူမျိုးဥရိယ၏မယား၊ ဗာသရှေဘဖြစ်ပါသည်ဟု တင်လျှောက်သော် အထံတော်သို့ခေါင်သွင်း၍ မသန့်ခြင်းရပ်စဲသော ထိုမိန်းမကိုခြေတော်တင်လေ၏။ ထိုမိန်းမသည် အိမ်သို့ ပြန်ရောက်ပြီးနောက် သန္ဓေတည်သည်ကိုထောက်၍ ကျွန်မ၌သန္ဓေရှိပါပြီဟု ဒါဝိဒ်မင်းထံလျှောက်ကြားလိုက်ရာ ဒါဝိဒ်မင်းက၊ ဟိတ္တိလူမျိုးဥရိယကို ငါ့ထံပြန်လွှတ်လော့ဟု ယွာဘအားမှာလိုက်သည့်အတိုင်း ယွာဘပြန် လွှတ်လေ၏။ ဥရိယရောက်လျှင် ဒါဝိဒ်မင်းက ယွာဘမှစသောဗိုလ်ထုတို့အဖြစ်အနေနှင့် စစ်အရေးအရာများကို မေးမြန်း ပြီးမှ သင့်အိမ်သို့သွား၍ ခြေဆေးလော့ဟု မိန့်ဆိုသည့်အတိုင်း ဥရိယသည် နန်းတော်မှထွက်သွားပြီးနောက် ပွဲတော်စာကို ပို့လိုက်သော်လည်း အိမ်သို့မပြန်ဘဲ နန်းတော်တံခါးအနီး ကိုယ့်အရှင့်ကျွန်အပေါင်းတို့နှင့်အတူ အိပ်နေလေ၏။ 10 အိမ်သို့မသွားကြောင်းကို ဒါဝိဒ်မင်းကြားသော်၊ သင်သည် ခရီးရောက်မဆိုက် ဖြစ်သည်မဟုတ်လော။ အဘယ်ကြောင့် အိမ်သို့မသွားဘဲနေသနည်းဟုမေးရာ 11 ဥရိယက၊ သေတ္တာတော်မှစ၍ ဣသရေလဗိုလ်ထု၊ ယုဒဗိုလ်ထုတို့သည် တဲများတွင် နေရကြပါ၏။ ကျွန်တော်မျိုးသခင်ယွာဘနှင့် ကိုယ်တော်၏ဗိုလ်များလည်း စစ်မြေပြင်၌တည်းခိုနေရကြပါ၏။ ကျွန်တော်မျိုး မူကား မယားနှင့်ပျော်မွေ့စားသောက်ရန် အိမ်သို့ပြန်အပ်ပါသလော။ ဘုရင်မင်းအသက်ရှင်တော်မူသည့်အတိုင်း ကျွန်တော်မျိုးမသွားပါဟု ဒါဝိဒ်မင်းအား ပြန်လျှောက်လျှင် 12 ဒါဝိဒ်မင်းက ယနေ့နေဦးလော့။ နက်ဖြန်ငါပြန်လွှတ်မည်ဟု မိန့်ဆိုသည်နှင့်အညီ ဥရိယသည် ထိုနေ့အတွင်း ယေရုရှလင်မြို့တွင်နေရ၏။ 13 နောက်နေ့၌ ဒါဝိဒ်မင်းသည် ဥရိယကို ခေါ်ပြန်၍ ယစ်မူးသည့်တိုင်အောင် ရှေ့တော်တွင် သောက်စားခွင့် ပြုသော်လည်း အိမ်သို့မပြန်ဘဲ ကိုယ့်အရှင့်ကျွန်တို့နှင့်အတူ ညဉ့်အိပ်ခြင်းငှါ ထွက်သွားလေ၏။
14 နံနက်အခါ ယွာဘထံ ဒါဝိဒ်မင်းရေး၍ ဥရိယလက်ဖြင့်ပို့လိုက်သော အမိန့်တော်စာမှာ 15 အပြင်းအထန်တိုက်ခိုက်ရာ ဥရိယကို စစ်ဦးတင်ထားပြီးလျှင် ကျဆုံးစေရန် ပြန်ဆုတ်လော့ဟု မိန့်မှာ သည့်အတိုင်း 16 မြို့ကိုမျှော်ကြည့်လျက်နေသောယွာဘသည် သူရဲကောင်းတို့ခုခံရာအရပ်သို့ ဥရိယကိုလွှတ်၍ 17 မြို့သားတို့ချီထွက်လျက် ယွာဘနှင့် တိုက်ခိုက်ကြရာ ဒါဝိဒ်မင်း၏ဗိုလ်မှူးအချို့တို့နှင့် ဟိတ္တိလူမျိုး ဥရိယကျဆုံးလေ၏။ 18 ထိုနောက် ယွာဘသည် စစ်သတင်းအလုံးစုံကို ဒါဝိဒ်မင်းထံကြားလျှောက်စေသော ခြေလျင်အား မှာလိုက် သည်မှာ 19 ဘုရင်မင်းထံ စစ်သတင်းအလုံးစုံကို ကြားလျှောက်ပြီးနောက် 20 အကယ်၍ဘုရင်မင်းက စစ်တိုက်ရာတွင် မြို့အနီးသို့အဘယ်ကြောင့် ချဉ်းကပ်ကြသနည်း။ မြို့ရိုးပေါ်ကပစ်လွှတ်မည်ကိုမသိကြသလော။ 21 ယေရုဗ္ဗေရှက်သား အဘိမလက်ကို လုပ်ကြံသူကား မည်သူနည်း။ မိန်းမတစ်ယောက်သည် ကျောက်ကျည်ပွေ့နှင့် မြို့ရိုးပေါ်မှပစ်ချသဖြင့် သေဗက်မြို့ပြင်တွင် သေရသည်မဟုတ်လော။ မြို့ရိုးအနီးသို့ အဘယ်ကြောင့် ချဉ်းကပ်ကြသနည်းဟု အမျက်ထွက်၍ မိန့်တော်မူလျှင် သင်က၊ ကိုယ်တော့်ကျွန်ဟိတ္တိလူမျိုး ဥရိယသေပါပြီဟူ၍ တင်လျှောက်လော့ဟု မှာလိုက်သည့်အတိုင်း 22 ခြေလျင်လည်း ဒါဝိဒ်မင်းထံလာရောက်လျှောက်ကြားသည်မှာ 23 ရန်သူတို့သည် စစ်ရေးသာလျက် စစ်မြေပြင်တိုင်အောင်လိုက်လံကြရာ မြို့တံခါးတိုင်အောင် ကျွန်တော်မျိုး တို့ပြန်လှန်တိုက်ခိုက်ကြပါပြီ။ 24 လေးသမားတို့သည် မြို့ရိုးပေါ်က ကျွန်တော်မျိုးတို့ကိုပစ်သဖြင့် ဘုရင်မင်း၏ဗိုလ်မှူးအချို့တို့နှင့်တကွ ကိုယ်တော့်္ကျွန်ဟိတ္တိလူမျိုးဥရိယလည်း ကျဆုံးပါပြီဟုတင်လျှောက်လျှင် 25 ဒါဝိဒ်မင်းက၊ ယွာဘအား ပြန်ကြားရမည်မှာ ဤအမှုကြောင့် စိတ်မပျက်နှင့်။ စစ်ပွဲတွင် မည်သူမဆို ဓားစာဖြစ်တတ်ကြ၏။ မြို့ကိုအပြင်းအထန်တိုက်ခိုက်၍ ဖြိုလှဲလော့ဟူသောအမိန့်တော်နှင့် ယွာဘကိုအားပေး လော့ဟုမှာလိုက်ပြန်၏။ 26 ဥရိယကျဆုံးကြောင်း မယားကြားသိသောအခါ လင်ကြောင့် ငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။ 27 ထိုသို့ငိုကြွေးမြည်တမ်းခြင်းကိစ္စပြီးမှ ဒါဝိဒ်မင်းသည် ထိုမိန်းမကို နန်းတော်သို့ခေါ်စေ၍ မိဖုရားမြှောက် ရာ သားယောက်ျားကိုမီးရှူးမြင်လေ၏။ ဒါဝိဒ်မင်းပြုသောအမှုကား ထာဝရဘုရားမျက်မှောက်တော်၌ ဆိုးသွမ်း သောအမှုဖြစ်သတည်း။