8
ရှမွေလသည် အိုမင်းသောအခါ၊ ကိုယ့်သားများကို ဣသရေလလူမျိုးအပေါ်၌ တရားမင်းအဖြစ် ခန့်ထားလေ၏။ သားဦးကား၊ ယောလ၊ သားငယ်ကား အဘိယအမည်ရှိသတည်း။ ထိုသူတို့သည် ဗေရရှေဘမြို့ တွင် တရားမင်းပြုသော်လည်း၊ အဘနည်းလမ်းသို့မလိုက်ဘဲ ငွေကိုငဲ့သဖြင့် တံစိုးစား၍ အလွဲဆုံးဖြတ်ကြသတည်း။ ထိုအခါ ဣသရေလူကြီးအပေါင်းတို့သည် စုရုံးပြီးလျှင် ရာမမြို့၊ ရှမွေလထံလာရောက်လျက် အရှင်သည် အိုမင်းလှပါပြီ။ အရှင့်သားတို့လည်း အရှင့်နည်းလမ်းသို့မလိုက်ကြပါ။ လူမျိုးတကာ တို့ထုံးတမ်းအတိုင်း ကျွန်တော်တို့ကို အုပ်စိုးစီရင်နိုင်သော ဘုရင်တစ်ပါးချီးမြှောက်ပါဟု လျှောက်ထား ကြ၏။ ရှမွေလလည်း ကျွန်တော်တို့အား အုပ်စိုးစီရင်နိုင်သောဘုရင်ပေးသနားပါဟု တောင်းလျှောက်ချက်ကို မသာယာသဖြင့် ထာဝရဘုရားထံပဌနာပြုလျှင် ထာဝရဘုရားက ထိုသူတို့တောင်းလျှောက်သမျှသောအချက်ကို နားထောင်ဦး။ သင့်ကိုသာစွန့် ပယ်သည်မဟုတ်။ ငါ့ကိုလည်း နန်းချ၍စွန့်ပယ်ကြကုန်ပြီ။ အိဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သောနေ့မှစ၍ ယနေ့တိုင်အောင် ငါ့ကိုစွန့်ပယ်ခြင်း၊ အခြားဘုရား များကို ဝတ်ပြုခြင်းနှင့် စပ်လျဉ်း၍ ပြုကျင့်သမျှသောအမှုအရာအလျောက် သင့်အားလည်း ပြုကြ လေပြီ။ ယခုမှာ သူတို့စကားကို နားထောင်လျက် အုပ်စိုးမည့်ဘုရင်၏ ရာဇသတ်ထုံးနည်းကို ဖော်ပြ၍ သတိပေးလော့ဟု မိန့်တော်မူ၏။
10 ရှမွေလသည် ဘုရင်တောင်းဆိုသောပြည်သူပြည်သားတို့အား ထာဝရဘုရား၏ အမိန့်တော်ကို အကုန်အစင်ဆင့်ဆိုသည်မှာ 11 သင်တို့အပေါ်တွင် အုပ်စိုးမည့်ဘုရင်၏ရာဇသတ်ထုံးနည်းကား ရထားသူရဲ၊ မြင်းသူရဲ၊ ရှေ့တော်ပြေးအဖြစ်ဖြင့် ထားခြင်းငှါလည်းကောင်း၊ 12 တစ်ထောင်မှူး၊ ငါးဆယ်မှူးအဖြစ်ဖြင့် ထားခြင်းငှါလည်းကောင်း၊ လယ်တော်ထွန်ခြင်း၊ စပါးတော်ရိတ် ခြင်း၊ စစ်ကိရိယာနှင့်ရထားတန်ဆာများကို လုပ်ဆောင်ခြင်းအမှု၌ထားခြင်းငှါလည်းကောင်း၊ သင်တို့သားများ ကို ကောက်ယူလိမ့်မည်။ 13 အမွှေးအထုံသွေးခြင်း၊ ပွဲတော်ချက်ခြင်း၊ မုန့်တော်ဆက်ခြင်းအမှုများကိုပြုစေရန် သင်တို့ သမီးများကိုလည်း ကောက်ယူလိမ့်မည်။ 14 သင်တို့လယ်ကွက်မှစ၍ စပျစ်သံလွင်ခြံများအနက် အကောင်းဆုံးကိုသိမ်းယူလျက်၊ ကျေးကျွန် တို့အား အပ်ပေးလိမ့်မည်။ 15 သင်တို့စပျစ်သီးမှစ၍ အသီးအနှံအမျိုးမျိုးကို ဆယ်ခိုင့်တစ်ခိုင်ကောက်ခံလျက် မှူးမတ်တို့နှင့် ကျေးကျွန်တို့အား အပ်ပေးလိမ့်မည်။ 16 သင်တို့ကျွန်ယောက်ျား ကျွန်မိန်းမများနှင့် အကောင်းဆုံးသောနွားမြည်းများကို အမှုတော်လုပ် ဆောင်ခြင်းငှါ ကောက်ယူလိမ့်မည်။ 17 သင်တို့သိုးဆိတ်များကို ဆယ်ကောင့်တစ်ကောင် ကောက်ခံမည့်ပြင် သင်တို့လည်း ကျွန်အဖြစ် သို့ရောက်ကြလိမ့်မည်။ 18 ထိုအခါ သင်တို့တင်မြှောက်ခဲ့သောဘုရင်ကြောင့် အော်ဟစ်ကြသော်လည်း ထိုနေ့ရက်၌ထာဝရ ဘုရားနားညောင်းတော်မူမည်မဟုတ်ဟူ၍ ဖော်ပြလေသော်၊ 19-20 ပြည်သူပြည်သားတို့သည် ရှမွေလစကားကို ငြင်းပယ်၍ ထိုသို့မဟုတ်ပါ။ ကျွန်တော်တို့သည် လူမျိုးတကာနှင့်တူညီစေခြင်းငှါလည်းကောင်း၊ ကျွန်တော်တို့ရှေ့ဦးဆောင်၍စစ်ချီခြင်း၊ အုပ်စိုးခြင်းငှါလည်းကောင်း၊ ဘုရင်ကိုသာရလိုပါသည်ဟု ပြန်လျှောက်ကြ၏။ 21 ၎င်းတို့စကားရှိသမျှကိုကြားရသည့်အတိုင်း၊ ထာဝရဘုရားရှေ့တော်တွင် ရှမွေလလျှောက်ထားရာ၊ 22 ၎င်းတို့စကားအရ လိုက်နာလျက် ဘုရင်မင်းကို တင်မြှောက်လော့ဟု ထာဝရဘုရားမိန့်တော် မူသည်ဖြစ်၍ ရှမွေလက၊ အသီးအသီးကိုယ့်မြို့သို့ပြန်သွားကြလေဟု ဣသရေလူမျိုးတို့အား မိန့်ဆို လေ၏။